ရွှေဝတ္ထု

ခုနစ်ရွက်တစ္ဆေ

ဒေါင်းနေမင်း

01 November 2026
ခုနစ်ရွက်တစ္ဆေ
Share to

             ကျွန်တော်၏ အသိဉာဏ်ကင်းမဲ့လှသော မိုက်မဲမှုသည် အဖေသေဆုံးသွားသော အချိန်မှစကာ ကြေကွဲ နောင်တနှင့်အတူ ခွင့်မလွှတ်နိုင်အောင် ဖြစ်ခဲ့ရ၏။ ကျွန်တော် ထိုလုပ်ရပ်အား ဘာကြောင့် ပြုမူခဲ့ရပါသလဲ။ မနောကံတင်မက ကာယကံပါ လွန်မြောက်ကြံစည်မိခဲ့ခြင်းသည် ဘယ်လောက်များ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်ပါသလဲ။ ပြန်ပြောင်း စဉ်းစားတိုင်းလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သော တရားခံတစ်ဦးလို တစိမ့်စိမ့် နာကျင်ခါးသက်ရင်း ကျေချမ်းတည်ငြိမ်မှုများ မရနိုင်ခဲ့။ သို့တစေ အဖေကတော့ ကျွန်တော့်အပေါ် အပြစ်ဟူသမျှ မြူမျှပင် မတင်ကျန်ရလောက်အောင် တမလွန် ရောက်သည့်တိုင် ခွင့်လွှတ်နေမှာ ဖြစ်ပါသည်။

            ဖခင်အများစု၏ အမူအကျင့်အတိုင်း သားသမီးပေါ်ထားရှိသော မေတ္တာထုကို မိခင်များလောက် မပြသတတ်ခဲ့သော်လည်း အဖေ့ရင်ထဲတွင် တစ်ဦးတည်းသောသား ကျွန်တော့်အား ဘယ်ရွေ့ဘယ်မျှ ချစ်ကြောင်း ကိုယ်ကိုယ်တိုင် ကောင်းကောင်း သိခဲ့ပါသည်။

            ကျွန်တော့်ဘဝ သိတတ်စကာလအဦးအဖျားများတွင် အဖေ မပါဝင်ခဲ့ပါ။ အိမ်ထောင်တစ်ခု၏ စီးပွားရေး အဆင်မပြေမှုများ၊ သဘောထား မတိုက်ဆိုင်မှုများနှင့် အခြားသော အကြောင်းအရာ များစွာက အဖေနှင့်အမေကို ခွဲထုတ်ပစ်လိုက်သည်။ ကံကြမ္မာက သူတို့နှစ်ဦးအား ကွာရှင်းစာချုပ်တွင် အပြီးသတ် လက်မှတ်ရေးထိုးစေလိုက်သည်။ မထူးဆန်းသော်လည်း ဘဝသုံးခု ပျက်စီးသွားခြင်းပင်။

            အမေက သွေးအေးသည်။ ပညာတတ် မာနရှိသည်။ ဓနဥစ္စာပြည့်စုံခဲ့ဖူးသော ဉာဉ်လေး ကိန်းအောင်းနေဆဲ။ အဖေနှင့် နဖူးစာရွာလည် ညားခဲ့သော်လည်း ပြတ်သားစရာရှိလျှင် ယတိပြတ် ဆုံးဖြတ်တတ်သော အမေ့စိတ်ဓာတ်များကြောင့် အဖေ့မှာ ခွဲဝေပစ္စည်းများကို သယ်ပိုးရင်း မိသားစုနှင့် မျက်ကွယ်ရာသို့ ထွက်သွားခဲ့ရ၏။ အဖေ့မှာ ကျေးလက်သားတစ်ဦး ဖြစ်သလို ပညာအရည်အချင်း မှာလည်း ကြွယ်ပိုးကြွယ်ဝ မဟုတ်ခဲ့သူမို့ အစစအရာရာ အမေ့ပေါ် လွှမ်းခွင့်မသာခဲ့။ သြဇာ အရောင်အသွေး မလက်ခဲ့။ အထူးသဖြင့် နောက်ပိုင်းတွင် အဖေ အရက်ကြိုက်တတ်သွားသောအခါ သူ့အတွက် ကြိုးဝိုင်းထဲ မဝင်ရခင်ကပင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်သူတစ်ယောက် အလိုလိုဖြစ်သွားရ၏။ အမေ၏ မာထန်မှုနှင့် အတ္တကြီးမှုတို့ကြောင့် ကွဲကွာပြီးသည့်နောက်ပိုင်း အဖေ ကျွန်တော့်ကို ဆုံချင်၊ မြင်ချင်သော်လည်း တွေ့ခွင့်မသာခဲ့။

            မျိုသိပ်တတ်သော ယောကျ်ားတစ်ယောက်အနေဖြင့် အိမ်ထောင်ရေး အကြေအမွများကြောင့် သန္ဓေတည် သိုမှီးထားသော ဒေါသတို့ကို အရက်ဝိုင်းတွင် ကစဥ့်ကလျား အသုံးချလိုက်သောအခါ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအတွက်နှင့် အဖေ နှစ်ရှည်လများ ထောင်ကျသွားခဲ့သည်။ ယင်းသို့ဖြင့် ကျွန်တော့်အပါးတွင် အဖေ ပါဝင်မလာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြင့် အဖေ မကူဘဲ ကျွန်တော် လမ်းလျှောက်တတ်လာသည်။ အဖေ မသင်ဘဲ ကကြီးခကွေးနှင့် ကဗျာတွေ ရွတ်ဆိုတတ်လာသည်။ အဖေမညွှန်ဘဲ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို နှစ်သက်တတ်လာသည်။ အဖေ မပါဘဲ စင်မြင့်ထက်မှ ဘွဲ့လက်မှတ်တစ်စောင်ကို တက်ယူခဲ့သည်။ ထိုမျှလောက်ထိ အဖေနှင့်ကျွန်တော် အနေဝေး စိမ်းသက်ခဲ့ကြပါသည်။

            ကျွန်တော် အဖေ့ကို မြင်ချင်၊ တွေ့ချင်နေသော စိတ်သည် ခေါင်းထဲကို အသိပညာ တချို့တစ်ဝက် ထည့်သွင်းလာနိုင်သော အချိန်တွင် ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်တွင် အမေ့စိတ်များမှာလည်း ညွတ်နူးပျော့ပျောင်း လာခဲ့ပါပြီ။

            'သားအဖေက အမေ့ထက် ဆယ်နှစ်လောက်ငယ်တော့ ဇွတ်တရွတ်ဆန်တယ် ပြောရမှာပဲ။ အင်းလေ... တစ်ချိန်တုန်းကတော့ နှစ်ယောက်စလုံးမှာ အပြစ်ကိုယ်စီ ရှိခဲ့ကြတာပါပဲ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ရှင်းပြနေလို့လည်း ထူးလာမှာမှ မဟုတ်တာ။ တစ်ခုတော့ အမေ ကောင်းကောင်း သိလိုက်တယ်။ အဲဒီတုန်းကသာ အမေ့ဘက်က နည်းနည်းလေး အလျှော့ပေးလိုက်ရင် ဒီလိုဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ အင်းပေါ့လေ။ ဖြစ်ခဲ့ပြီးပြီပဲ။ ဘာ တတ်နိုင်မှာလဲ။ အသက်ရှင် နေလျက်နဲ့ မိကွဲဖကွဲ ဖြစ်နေရတာ အကုသိုလ်ဘယ်လောက်ကြီးမှန်း အမေ သဘောပေါက်လိုက်ပါတယ်'

            ကျွန်တော် ကျောင်းပြီးသွားသည့် နောက်ပိုင်းတွင် အဖေနှင့် ပတ်သက်သော သတင်းအချက်အလက်တချို့ ရရှိခဲ့သည်။ ထောင်မှ လွတ်လာပြီးနောက် သူ၏ ဇာတိမြို့လေးတွင်ပင် သာသနာ့ဘောင် တက်ရောက်နေသော အကြောင်းဖြစ်သည်။ သိသိချင်း ကျွန်တော် အမေ့ထံ ခွင့်တောင်းကြည့်သောအခါ...

            'အင်းလေ... မင်းလည်း တွေ့ချင်ရှာမှာပေါ့။ ကိုယ့်အဖေပဲ ဥစ္စာ။ သွားပါ၊ အမေ မကန့်ကွက်ပါဘူး။ သူလည်း မင်းကို မြင်ချင်ရှာမှာ။ အင်း... လူ့လောကကြီးကို ငြီးငွေ့သွားရှာပြီ ထင်ပါရဲ့'

            ထိုစဉ်က အမေ့မျက်နှာပြင်ပေါ်တွင် လွမ်းဆွေးရိပ်လား၊ သံဝေဂရစိတ်လား၊ နောင်တအတိတ်လား မဆိုနိုင်သော အမူအရာလေး ဖျတ်ခနဲ မြင်လိုက်ရသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော် အမေ့ကို ကျေးဇူးတင်ပါသည်။ ကာလတစ်ခုနှင့် အဖြစ်ပျက်တချို့သည် လူတစ်ယောက်၏ စိတ်အား ပြောင်းလဲပစ်နိုင်သည်ဟုဆိုလျှင် အဖေနှင့်အမေ့ကြားတွင် ထားရှိခဲ့ကြသော အာဃာတများ အားလုံးကို ချေဖျက်ပစ်လိုက်နိုင်ရန် ဘာမဆို ပေးဆပ်ရဲသော သတ္တိများ ကျွန်တော့်တွင် အလိုလို ပေါ်လာခဲ့ရကြောင်း ဝန်ခံလိုပါသည်။

□

            အဖေ ကျွန်တော့်ကို မြင်လိုက်သည်နှင့် သူ့သားဖြစ်ကြောင်း ယတိပြတ်ဆုံးဖြတ်နိုင်သော အချက်မှာ ကျွန်တော့်မျက်နှာပေါ်ရှိ အရေးအကြောင်းတို့မှာ အဖေ့မျက်နှာမှ ကူးယူထားသလို တော်တော်လေး ဆင်တူနေခြင်း ဖြစ်သည်။

            'မင်းဟာ ငါ ငယ်ငယ်က အတိုင်းပါပဲလား'

            သာသနာ့ဘောင်တွင် တစ်နှစ်ကျော်ကျော် နေလာခဲ့သော အဖေဦးပဉ္ဇင်းကြီးက ကျွန်တော့်ကို တအံ့တသြ ကြည့်သည်။ တွေတွေငေးငေး ကြည့်သည်။ ဆွေးဆွေး ရိပ်ရိပ်ကြည့်သည်။ အဖေ ကြည့်သော မျက်လုံး အဓိပ္ပာယ် အပြည့်အဝကို ကျွန်တော် မခွဲခြားတတ်သော်လည်း နွေးထွေးမှုနှင့် ခွန်အား ဖြစ်စေမှုကိုတော့ ခံစားရသည်။ ထို့အတူ သွေးသားနှင့် ရက်ကျစ်ထားသော သံယောဇဉ် ကြိုးလေးတစ်ချောင်း ကျွန်တော့်အား လာရောက်ရစ်ပတ်သလိုလည်း စိတ်ထဲထင်နေမိ၏။

            'အင်း... ဘဝ ဘဝတွေက တော်တော်ဆိုးခဲ့တာပါပဲလား'

            ဦးပဉ္ဇင်းကြီးက အတန်ကြာ ငြိမ်သက်နေပြီးမှ...

            'မင်း... ငါ့ကို ဘယ်လောက်ထိ မှတ်မိခဲ့လဲ'

            'တပည့်တော် ငယ်ငယ် ကမ်းနားဆိပ် လမ်းလျှောက်တဲ့အခါ ခေါ်သွားတတ်တာ၊ မီးထွန်းပွဲတော် တွေ လိုက်ကြည့်တာ။ အများဆုံးက အမေ မသိအောင် အရက်ဆိုင်တွေခေါ်ပြီး အရက်သောက်တာ'

            ဦးပဉ္ဇင်းကြီးက ယဲ့ယဲ့လေးပြုံးရင်း ခေါင်းလေး တဆတ်ဆတ် ညိတ်သည်။ ဘာမျှတော့ ပြန်မမိန့်။

            ထိုနေ့က မှတ်မှတ်ရရ အပြင်းအထန် ငြင်းဆန်သည့်ကြားမှ သူ သီတင်းသုံးသော ကျောင်းတွင်ပင် ကျွန်တော့်ကို ထမင်းစားစေခဲ့သည်။ ကပ္ပိယကြီးနှင့် ဘုန်းကြီးကျောင်းသားလေးတို့ လာချပေးသော ဟင်းတို့မှာ အလျှံပယ်။ တချို့က ဆိုင်မှဝယ်လာ ပုံပေါ်သည်။ ကျွန်တော် ထမင်းစားနေစဉ် ဦးပဉ္ဇင်းကြီး မသိမသာ အကဲခတ်နေသည်ဟု ထင်သည်။ ထို့အတွက် ကျွန်တော် စိတ်အနှောင့်အယှက် မဖြစ်မိပါ။ ဖခင်ဝတ္တရား မကျေပွန်ခဲ့သောကြောင့် ကျွန်တော် လူလားမြောက်ခါမှ စွန့်ကြဲကျွေးမွေးခွင့်ကြုံသော ပထမဦးဆုံး ညစာအတွက် ဦးပဉ္ဇင်းကြီး ကြည်နူးဝမ်းမြောက်မှုများ ဖြစ်ကောင်းဖြစ်နေနိုင်ပါ၏။

            ဘုရားဝတ်တက်ပြီးသည့်နောက် အေးအေးလူလူ ညချမ်းအချိန်အခါများတွင် ဦးပဉ္ဇင်းကြီးက ရေနွေးကြမ်း တစ်အိုး၊ ထန်းလျက်တစ်ပန်းကန် ရှေ့ချရင်း ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝတစ်စိတ်တစ်ပိုင်းကို မမေးရက်ရက် မေးရက်ရက်နှင့် မြည်းစမ်းတီးခေါက် ကြည့်သည်။ ကျွန်တော်ကလည်း တိုတိုရှင်းရှင်းပင် ပြန်လျှောက်တင်၏။ တစ်ခု သတိပြုမိသည်မှာ အမေ့အပေါ် ပြစ်တင်စကား တစ်ခွန်းတလေမှ မဆိုခဲ့ခြင်းပင်။ လူလူသူသူ ပညာအရည်အချင်းလေး တတ်မြောက်ခွင့် ရရန် ခက်ခက်ခဲခဲ ကူးခတ်ခဲ့ရသော မြစ်ပြင်ကျယ်တွင် သူ ပါဝင်ဖေးမ ကူညီနိုင်ခြင်း မရှိခဲ့သည့်အတွက်တော့ ထိထိခိုက်ခိုက် နာနာကျင်ကျင် ဖြစ်သွားပုံရသည်။

            'ဒါဆို မင်း အခု ဘာလုပ်နေလဲ'

            'အလုပ်ရှာနေတုန်းပါ ဘုရား'

            'မင်း အမေကရော'

            'ဈေးထဲမှာ အထည်ဆိုင်လေး ဖွင့်ထားပါတယ်။ ငွေတိုးလေး နည်းနည်းပါးပါး ပေးစားတယ်။ အဆင်အပြေကြီး မဟုတ်ပေမယ့် သားအမိနှစ်ယောက်အတွက်တော့ ရပ်တည်နိုင်ပါတယ်။ အမေ့မောင် လေးလေးကျော်ကလည်း တပည့်တော်တို့ကို ပစ်မထားပါဘူး'

            'အိမ်း... ဘွဲ့ရတာတောင် အလုပ်လေးတစ်ခုခု လွယ်လွယ်ကူကူ ရှာမရတာ အခက်သားပဲ'

            ထိုညက ဦးပဉ္ဇင်းကြီး ချခဲ့သော သက်ပြင်းပေါင်းကို ကျွန်တော် မရေတွက်နိုင်ခဲ့။ နောက်တစ်နေ့ ဦးပဉ္ဇင်းကြီး ဆွမ်းခံပြန်လာသောအခါ သူနှင့် ကျွမ်းဝင်သော ဒါယကာ၊ ဒါယိကာမများက ဆွမ်းကွမ်း အပြင် စိတ်ကူးတစ်ခုကိုပါ လောင်းလှူလိုက်ပုံရသည်။

            'မင်း အလုပ်အကိုင် ရှာလို့မရသေးခင် ဒီမှာ ကျူရှင်ပြပါလား။ ဒါ ငါ့ဒါယကာ၊ ဒါယိကာမတွေ တောင်းဆိုတာ။ သူတို့သားသမီးတွေ ဒီမှာ ကျူရှင်ယူရတာ သိပ်အဆင်မပြေလို့။ အလုပ်ရတော့လည်း တစ်မျိုးပေါ့။ မင်းကို လစာပေးကြလိမ့်မယ်'

            ကျွန်တော် ကြိုမတွေးထားသော အကြောင်းအရာ တစ်ခု။ ဗြုန်းခနဲမို့ ဘယ်လို ပြန်လျှောက်တင်ရမှန်း မသိ။ သို့သော် ဦးပဉ္ဇင်းကြီးနှင့်အတူတူ နေချင်သေးသည်က တစ်ကြောင်း၊ အမေ့အတွက် စိတ်ချရသည်က တစ်ကြောင်း၊ ကိုယ့်ဒူးကိုယ်ချွန် စူးစမ်းလိုမှုနှင့် တတ်ထားသော ပညာပေါ်မှ လုပ်အားခရမည်ဆိုသည်က တစ်ကြောင်း၊ ထိုအကြောင်းများကြောင့် ဦးပဉ္ဇင်းကြီး အကြံ ပြုချက်ကို ကျွန်တော် တွေးတွေးဆဆ လက်ခံလိုက်သည်။

            ယင်းသို့ဖြင့် ကျွန်တော် ဦးပဉ္ဇင်းကြီးနှင့် အတူနေဖြစ်သည်။ ကျောင်းသားများကို စာသင်ဖြစ်သည်။ နောက်ပိုင်း တဖြည်းဖြည်းနှင့် ဝန်းကျင်သစ်၊ မိတ်ဆွေသစ်၊ တပည့်သစ်များနှင့် ကျယ်ပြန့်မွေ့လျော်လာသည်။ နယ်သူ၊ နယ်သားတို့၏ ဓလေ့အတိုင်း အသက်အရွယ်ငယ်စေဦး 'ဆရာ'ဆိုသော ဂုဏ်ပုဒ် တစ်ခုအပေါ် ဂါရဝတရားများ၊ လေးစားမှုအသိများ ထားတတ်မှုမှာ နှစ်လိုဖွယ် ကောင်းလှပါ၏။

            ဦးပဉ္ဇင်းကြီးနှင့်အတူ နေလာခဲ့သော ကာလတစ်လျှောက် ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စေခဲ့သော အရာမှာ ဆွမ်းခွက်ကလေးများပင်ဖြစ်၏။ အမေ တတွတ်တွတ် မှာလိုက်သည့်အတိုင်း ကိုယ်တည်းခိုနေထိုင်ရာ ကျောင်းတွင် ဘုန်းကြီး၏ ဝေယျာဝစ္စနှင့် ကျောင်း၏ အမှုကြီးငယ်တို့ကို လုပ်ဆောင်ခြင်းဖြင့် အပြစ်ဆေးကြောနိုင်သလို ကုသိုလ်လည်း ယူနိုင်သည်ဆိုသလို ကျွန်တော် စွမ်းသမျှ လုပ်ဆောင်ခဲ့သည်။ ထိုအထဲတွင် ဦးပဉ္ဇင်းကြီး စွန့်ချန်သော ထမင်း၊ ဟင်းတို့စားကာ သပိတ်နှင့် ဟင်းခွက်လေးများကို ပြောင်လက်အောင် ဆေးကြောပေးတာလည်း ပါဝင်ပါသည်။ ယင်းတွင် ကျွန်တော့်အတွက် ချန်ခဲ့သော ဟင်းခွက်တိုင်း၌ ဟင်းကောင်းများသာ ဖြစ်နေခြင်းမှာ တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်။ အမြဲတမ်းလိုလို ဖြစ်လာသောအခါ ကျွန်တော့်စိတ်တွင် မတင်မကျ ဖြစ်ရသည်။

            'ဦးပဉ္ဇင်းကြီး ဆွမ်းဘုန်းပေးတာ မဟုတ်သေးပါဘူး'

            'ဘာဖြစ်လို့လဲ'

            'ဟင်းကောင်းတွေဆို ဦးပဉ္ဇင်းကြီး ဘယ်တော့မှ မတို့မထိဘူး။ ဖြစ်သလို ဘုန်းပေးတာချည်းပဲ'

            'ဒီမယ်.... ဟင်းကောင်း ကျွေးကောင်းဆိုတာ ဘာကိုခေါ်တာလဲ။ ငါတော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ငါဘုန်းပေးသမျှတော့ အားလုံးပြည့်စုံတာချည်းပဲ'

            အမှန်စင်စစ် ဦးပဉ္ဇင်းကြီး မည်သို့ပင် အကြောင်းပြပြ ကျွန်တော် စားစေရန်အတွက် တမင်ချန်ထားမှန်း သိပါ၏။ ဘယ်လိုပင် ပရိယာယ်သုံးသုံး သူကတော့ လုံးလုံးဥပေက္ခာပြုနေဆဲ။ ဦးပဉ္ဇင်းကြီး စိတ်ထဲတွင် ဘာတွေဖြစ်နေပါလဲ။ ကျွန်တော်နှင့် ပတ်သက်လာလျှင် ပေးဆပ်ချင်မှုတွေ ဘယ်လောက်များ ကိန်းဝပ်နေပါသလဲ။ ကျွန်တော် မျက်ရည်ဝဲရသည်။ ဆိုးဆိုးပေပေ ဖြစ်မလာဘဲ အများတကာ လေးစားရသည့်သားအပေါ် ဘယ်လောက်ထိ ဂုဏ်ယူတန်ဖိုးထားပါသလဲ။ ကျွန်တော် အဖေတစ်ယောက် မဖြစ်ခဲ့ဖူးသေး၍ တိတိကျကျ မပြောဆိုနိုင်ပါ။

            ယင်းသို့ဖြင့်...

            ဦးပဉ္ဇင်းကြီးနှင့်အတူ တစ်နှစ်ခန့် အနေကြာလာခဲ့သည်။ ထိုကာလအတွင်း ငွေကြေးအားဖြင့် မအောင်မြင်ခဲ့သော်လည်း အတွေ့အကြုံအား၊ ဗဟုသုတအား များစွာတိုးခဲ့ရပါသည်။ ဦးပဉ္ဇင်းကြီးက ကျွန်တော့်ကို အရိပ်တကြည့်ကြည့်။

            တစ်နှစ်ကျော်ခန့်အကြာတွင် ဦးပဉ္ဇင်းကြီး ထူးဆန်းသော အပြုအမူတစ်ရပ် ပြုလုပ်လိုက်၏။ တခြားမဟုတ်။ လူဝတ်လဲလိုက်ခြင်းပင်။ ဘယ်သူ့ကိုမှ အသိမပေး။ မတိုင်ပင်။ အားလုံး တအံ့တသြ ဖြစ်ကုန်ကြသည်။ တိုင်ပင်လျှင်လည်း အားလုံးက ဝိုင်းတားကြမှာ သူသိသည်။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ထက် ဘယ်အရိပ်က ပိုအေးဦးမှာလဲဟူ၍ နှမြောတသ ပြောလာကြမည့် လူများ၏ ပါးစပ် ပေါက်များကို အဖေ ရှောင်လိုက်သည်။

            'အဖေ မှားတယ်'

            'ဟေ့ကောင်... အမှား အမှန်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ။ အဲဒီလို သတ်မှတ်တော့ရော အလုံးစုံကို ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာ တိတိကျကျပြောနိုင်လို့လား။ မှတ်ထား၊ အမှန်လို့ပြောပြီး မှားနေတာတွေ အများကြီး'

            အဖေက ရပ်ကွက်ထဲတွင် အခန်းတစ်ခန်း ငှားသည်။ ကျွန်တော့်ကို ခေါ်ကာ အတူနေသည်။ ထို့နောက် အဖေ့ညီအရင်းထံမှ အရင်းအနှီးယူကာ သူ ကျွမ်းကျင်သည်ဟုဆိုသော ဖရဲ အလုပ် လုပ်သည်။

            'မင်းအတွက် ခိုင်ခိုင်မာမာ တစ်ခုခုဖြစ်ဖို့ လိုအပ်နေပြီ'

            'အဲဒါကြောင့် အဖေ လူထွက်လိုက်တာလား'

            'ဘာကြောင့် ထွက်ထွက် မင်းဝေဖန်စရာ မလိုဘူး။ ငါ့အလုပ် ငါသိတယ်'

            ထိုစဉ်က အဖေပြောသော 'ငါ့အလုပ် ငါသိတယ်' ဟူသောစကားကို ကျွန်တော့်ခေါင်းထဲတွင် စွဲနေခဲ့သည်။ ရှင်းရှင်းလင်းလင်း နက်နက်ရှိုင်းရှိုင်း နားမလည်ခဲ့သော်လည်း အဖေ့အပေါ် စောဒက တက်ခဲ့ခြင်းတော့ မပြုခဲ့ပါ။ ထို့နောက် အဖေ မြို့စွန်လေးတွင် မြေကွက်ငှားသည်။ ဖရဲစိုက်သည်။ လူငှား ရေလောင်းသည်။ ပထမနှစ်တွင် အောင်မြင်သည်။ ဈေးကောင်းရသည်။ ထို့ကြောင့် မြိုးမြိုးမြက်မြက် ကလေး အမြတ်ရလိုက်သည်။ အဖေ အားမာန်တွေ ပိုတက်လာသလိုပင်။ မည်သို့ပင်ဆိုစေ၊ ၁၅ နှစ်ဝန်းကျင်ခန့် လစ်ဟာခဲ့သော ကွက်လပ်တစ်နေရာတွင် သူ တစ်ခုခုကို အစားထိုးချင်နေပုံရသည်။ အဖေ့အဇ္ဈတ္တကို တဖြည်းဖြည်း ကျွန်တော် ရိပ်စားလာမိသည့်အခါ မိဘဆိုတာ အံ့သြစရာ အကောင်းဆုံး လူသားအဖြစ် အသိအမှတ်မပြု၍ မရတော့ပါ။

            မိဘအနေနှင့် သား သမီးအပေါ် ထားရှိသော မေတ္တာ အတိုင်းအဆများကို စဉ်းစားကြည့်မိသည့်အခါတိုင်း ကျွန်တော်တို့ ငှားနေသော ခေါင်းရင်းမှ အိမ်ရှင် ဦးကံကြူတို့ လင်မယားကို မေ့ပစ်လိုက်၍ မရ။ သူတို့၌ ကုမ္ပဏီတွင် အလုပ်လုပ်နေသော သားတစ်ယောက် ရှိသည်။ ရှားရှားပါးပါးတစ်ဦးတည်းသော သား။ အစိတ်ဝန်းကျင်ခန့်ပင် ရှိမည် ထင်၏။ အိမ်ထောင်မရှိ။ လူပျို လူလွတ်။ တစ်နေ့ သူ့သား၏ သွေးထဲတွင် HIV ပိုးတွေ့သည်။ မည်သို့မည်ပုံ ကူးစက်ခဲ့သည် မသိ။ လမ်းထဲတွင် ထိုရောဂါပိုး ရှိနေကြောင်း ဘယ်သူမှ မရိပ်မိအောင် သူ့အဖေက ပိပိရိရိ လျှို့ဝှက်ထားသည်။ လင်မယားနှစ်ယောက်စလုံး ကျိတ်ကုသည်။ ဘယ်ဆရာ ကောင်းသည်ဟုဆိုလျှင် ချက်ချင်းပြေးသည်။ ကုန်ကုန်ခန်းခန်း။ စိုးရိမ်သောကစိတ်ဖြင့် အထက်ပြည် အောက်ရွာ တစ်နံတစ်လျား ဆရာတွေ စုံသွားသည်။ သူ့ အဖေစိတ်ဓာတ်က ပြတ်သည်။ နောက်ဆုံးတစ်နေ့ အိမ်တိုင်ချွတ် ရောင်းရ ရောင်းရပစေ၊ သားအသက်ကို ရှင်အောင် ကုမည့်သဘော။ အရိုးပေါ် အရေ တင် နာတာရှည် လူမမာ ဖြစ်သွားသည့်တိုင် ပြုစုစောင့်ရှောက်မှု လုံးဝလျော့မသွား။ ပင်ပန်းဆင်းရဲမှုနှင့် ဒုက္ခမျိုးစုံခံသည်။ တစ်ချက်လေး မငြိုငြင်။ ကုသမှုနှင့် ပြုစုကောင်းမှုတို့ကြောင့် နှစ်ကျော် နေလိုက်ရ၏။ သေဆုံးသွားချိန်တွင် ရှိသမျှ စည်းစိမ် အကုန်ကုန်ကာ အိမ်ပင် ရောင်းရတော့မလို ဖြစ်လာသည်။

            ထိုအချိန်တွင် အဖေ့ဖရဲလုပ်ငန်းမှာ ရာသီဥတု ဖောက်ပြန်သောကြောင့် သွက်သွက်ခါအောင် ရှုံးနေသောအချိန်နှင့် တစ်ပြိုင်နက် ဆိုသလို ဖြစ်နေ၏။ လောဘကြီးစွာ နှစ်ဆတိုး၍ စိုက်ခဲ့သောကြောင့် အရှုံးအား စုဆောင်းထားသမျှ အားလုံးပေးလိုက်ရရုံမက အကြွေးပင် တင်သွားသည်။ သို့တိုင် အဖေ ဇွဲမလျှော့။ အံကို ကြိတ်သည်။ ထပ်မံကြိုးစားဦးမည့် စိတ်အပြည့်။ ထိုကာလတွင် ငှားထားသော အိမ်မှာ ရောင်းရတော့မည်မို့ ဖယ်ပေးဖို့ ဖြစ်လာသည်။ လတ်တလော နောက်ထပ် အိမ်တစ်လုံးရှာဖွေရန် အခက်အခဲ ဖြစ်နေခိုက် အဖေ့ညီက သူ့အိမ်တွင် ခေတ္တလာနေရန် ပြောလာသောကြောင့် ကျွန်တော်တို့ သားအဖ ဦးလေးအိမ်သို့ ပြောင်းနေဖြစ်ခဲ့သည်။

            အဖေ ဖရဲကိုပင် ဆက်လုပ်သည်။ လုပ်ရင်းကိုင်ရင်း ကျန်းမာရေး ချို့တဲ့လာသည်။ တစ်ရက် အဖေ့ကို ဆေးရုံတင်လိုက်ရသည်။ ဆေးစစ်ဆေးချက်အရ ထွက်လာသော အဖြေမှာ အသည်းကင်ဆာ။ သိလိုက်ရသော အချိန်တွင် ကျွန်တော့်ရင် တစ်ခုလုံး ပြည့်ကျပ်မောဆို့လာကာ သွေးလည်ပတ်ပုံများ ချို့ယွင်း သွားသလား ထင်မှတ်ရ၏။ အဖေ့ညီက အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ နှစ်ရှည်လများ ကွဲကွာခဲ့ရာမှ ပြန်လည်ဆုံတွေ့ချိန်ရောက်တော့လည်း ကံကြမ္မာက ကာလတိုလေး တစ်ခုသာ အခွင့်အရေး ပေးလိုက်သည်မို့ စိတ်နာရသည်။ ကြေကွဲရသည်။ ထို့နောက် အဖေ၏ နောက်ဆုံးထွက် သက်ကို ရင်တထိတ်ထိတ်ဖြင့် ကျွန်တော် စောင့်ခဲ့ရပါတော့၏။

            ယင်းသို့ဖြင့်...

□

            သြဇာရွက် ခုနစ်ရွက်သည် လူတစ်ယောက်၏ အသက်ကို သေစေနိုင်ပါသလား။ ဂါထာမန္တာန်တစ်ပုဒ်သည်လည်း မကောင်းဆိုးဝါး ဝိညာဉ်အား နှုတ်ယူနိုင်စွမ်း ရှိပါသလား။ ထိုမေးခွန်းကို ကျွန်တော်ကိုယ်တိုင်မေး၍ ကျွန်တော်ကိုယ်တိုင် ဖြေကြည့်သောအခါ အလွန်ပင် အခက် တွေ့စေခဲ့ကြောင်း ဝန်ခံရပါမည်။ ကိုယ်တိုင် မယုံကြည်ခဲ့သော်လည်း ဖြစ်လာသော တိုက်ဆိုင်မှုက ကျွန်တော့်ကို အကြီးအကျယ် နဝေတိမ်တောင် ဖြစ်စေခဲ့သည်။ ပညာတတ်ဆိုတာ ဘာလဲ။ ထိုအခါတိုင်း အသိတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုအားနှင့် ဒုက္ခဆင်းရဲ ကျပ်တည်းမှုတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသောအခါ အယူအစွဲနှင့် ကိုးကွယ်ယုံကြည်မှုတို့ကြား နွံနစ်စေတတ်ကြောင်းကိုတော့ ကျွန်တော် သဘောပေါက်စ ပြုလိုက်သည်။

            အသည်းကင်ဆာကြောင့် အဖေ့ဝမ်းဗိုက် ပူတင်းလာသည်။ မာတောင့်လာသည်။ အကြောအခြင် တွေ တက်လာသည်။ လှဲ၍ ကြာကြာ မနေနိုင်သလို ထ၍လည်း ကြာကြာမထိုင်နိုင်။ အနားမှာ အမြဲလိုလို နှိပ်ပေးနေရ၏။ အစပိုင်းတွင် အစာနည်းနည်း ဝင်သော်လည်း နောက်ပိုင်းတွင် အချိုရည်လို အေးအေးလေးသာ သူသောက်ချင်နေသည်။ ရင်ထဲတွင် ပူလောင်သောဒဏ်ကို ဘယ်လောက်များ ခံစားနေရပါလိမ့်။ မျက်လုံးများ ဝေဝါးလာကာ တော်တန်ရုံ မည်သူ မည်ဝါ မသဲကွဲချင်တော့။ ကျွန်တော် အနီးကပ်ပြုစုရတော့မှ ကင်ဆာဆိုသော ရောဂါဆိုး၏ နှိပ်စက်မှု ဝေဒနာကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံရတော့၏။ ကျွန်တော့်မှာ မရှူနိုင် မကယ်နိုင်။ အဖေ သက်သက်သာသာ နေနိုင်စေရန် ဆရာဝန်ခေါ်ကာ လိုအပ်သော ဆေးဝါးများကို အသုံးပြုစေခဲ့၏။

            'ရှိသမျှ အကြောတွေ ဆုပ်ဆွဲထားသလိုပါပဲကွာ'

            ကင်ဆာဖြစ်ကြောင်း အဖေ့ကို အသိမပေးသော်လည်း အဖေက သူ့ကိုယ်သူ နားလည်နေသည်။ ဝေဒနာကို ကျိတ်မှိတ်ခံစားရင်း မျက်ရည်တွေ တွေတွေကျသည်။ လူတစ်ယောက်အတွက် နောက်ဆုံးအချိန်ဟု သိရပြီး မသက်မသာ ခံစားနေရသောအခါ ဝဋ်ေကြွေးကြီးလွန်းလှသည်ဟု တွေးလျက် ကြေကွဲရ၏။

            ဆေးကုစရိတ်အတွက် ပိုက်ဆံလိုလာ၍ အမေ့ဆီ ပြန်တောင်းသောအခါ အမေက အားတက်သရော တတ်နိုင်သလောက် ရှာဖွေစုဆောင်း ပေးလိုက်သည်။

            'ဖြစ်မှ ဖြစ်ရလေ သားရယ်'

            အမေ တော်တော် စိတ်ထိခိုက်သွား၏။ ထို့ထက်ပိုသော အကြောင်းအရာများကိုသာ အမေသိခဲ့လျှင် ဘယ်လောက်များ စိတ်မကောင်း ဖြစ်နေမည်လဲ။ ယင်းမှာ တခြားမဟုတ်။ အဖေ့အခြေအနေ ဆိုးလာခဲ့သည်မှာ နှစ်လကျော်သွားခဲ့လေပြီ။ အဓိကမှာ အဖေ့ညီအိမ်နှင့် သက်ဆိုင်နေသည်။ ယခင်က နေ့လား၊ ညလားဟု မှန်းထားရာမှ ယခု နာတာရှည် ဖြစ်လာသောအခါ ဦးလေးမိန်းမနှင့် သားသမီးတွေက ငြူစူလာခြင်း ဖြစ်၏။ မျက်နှာ အနေအထားတွေက သိသိသာသာ တင်းမာလာသည်။ အဖေ့အား လူနာလာမေးကြသော ဧည့်သည်များအပေါ် သူတို့ဆက်ဆံပုံတွေက သိသိ သာသာ အချိုးပြောင်းကုန်သည်။ တစ်ခါတစ်ရံ လင်မယားချင်း၊ တစ်ခါတစ်ရံ အိမ်ထောင်သည် သားအဖ ချင်း ခပ်ကျိတ်ကျိတ် စကားများ ရန်ဖြစ်တာ တွေ့လာရသည်။ ကျွန်တော်တို့ ဦးလေးအိမ် ပြောင်းလာခဲ့မိသည်မှာ မှားသွားလေပြီ။ ခုချိန်တွင် ဘယ်လိုမှ ဆက်မလုပ်တတ်တော့။ သည်လိုနှင့် သုံးလကျော်ခန့် ကြာသွားသည်။ အဖေ့မှာ အရိုးပေါ်အရေတင် ပိန်ချုံးကျသွား၏။ အသက်နှင့်ခန္ဓာ ရှောရှောရှူရှူ မဖြတ်တောက်နိုင်မှုက ကျွန်တော့်အတွက် ဘာဆက်လုပ်ရမှန်း မသိတော့။

            'ခုတလော မင်းအဖေ အစားအသောက် တောင်းလာတယ်'

            'ကယောင်ကတမ်း စိတ်နဲ့နေမှာပါ'

            'မဟုတ်ဘူးကွ။ တစ်ခုခုတော့ တစ်ခုခုပဲ။ ငါ့စိတ်အထင်တော့ မကောင်းဆိုးဝါး ဝင်ပူးကပ်နေတာပဲ ဖြစ်ရမယ်'

            'ကြံကြံဖန်ဖန် ဦးလေးရာ'

            ထိုကိစ္စကို ဦးလေးတင်မက တော်တော်များများ ပြောလာကြသည်။ ရာစုများစွာ ကျန်ရစ်ခဲ့သော ခေတ်ဟောင်း အတွေးအခေါ်တစ်ရပ်အား ယခုအချိန်ထိ လတ်ဆတ်နေဆဲကို အံ့သြမဆုံး ဖြစ်ရသည်။ ထို့ထက်ပို၍ နားလည်ရခက်သည်မှာ ကိုထူးစံပါးစပ်မှ ပြောလာသော ယုံကြည်ချက်များပင်။ သူက ဘွဲ့ရပညာတတ်တစ်ယောက်။ အလုပ်တော့ မည်မည်ရရ မရှိသေး။ စာတော်တော်ဖတ်တာတော့ တွေ့သည်။ သို့သော် သူဖတ်သော စာပေအမျိုးအစားများမှာ ဂမ္ဘီရနှင့်နွယ်သော စာများသာ။ ဂါထာ မျိုးစုံ၊ မန္တာန်ခပ်များများ သူအလွတ်ရသည်။ အင်းအိုင်လက်ဖွဲ့ အဆောင်ယတြာများကို လက်ခံသည်။

            'သြဇာရွက် ခုနစ်ရွက်ကို မန္တာန်တစ်ပုဒ်နဲ့ အသက်သွင်းပြီး ခေါင်းအုံးအောက် ထားလိုက်ရင် ပူးကပ်နေတဲ့ မကောင်းဆိုးဝါးလည်း ထွက်မယ်။ အသက်ယဲ့ယဲ့ လက်ကျန်ရှိတဲ့လူလည်း ကောင်းကောင်းမွန်မွန် ခန္ဓာချုပ်နိုင်တယ်'

            ကျွန်တော် တော်တော် စိတ်ပျက်သွားသည်။ တစ်ခါတစ်ရံ ခပ်ကြောင်ကြောင် ပညာတတ်များလည်း တွေ့ရပါလားဟု တွေးမိသည်။ သူက ကျိုးကြောင်းပြဆိုကာ ရှင်းပြသော်လည်း ကျွန်တော် စိတ်မဝင်စားပါ။ သို့သော် သူ့အား အတိုက်အခံတော့ မတုံ့ပြန်ခဲ့။ ထိုအချိန်က ကျွန်တော့်မှာ သောကများစွာနှင့် စိတ်ဖိစီးမှုတို့ကို အလူးအလဲခံနေရသည်မို့ စိတ်ကျရောဂါပင် ရချင်သလိုလို။ လူတစ်ယောက်အနေဖြင့် ထွက်ပေါက်မရှိလောက်အောင် ချောင်ပိတ်မိနေသောအခါများတွင် ခိုင်ကျည် တည့်မတ်စွာ ရှိနေသော စိတ်အလျင်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲတတ်ကြောင်း ကျွန်တော် အနည်းငယ် ရိပ်စားမိလာ သလိုပင်။

□

            ကျွန်တော် ကျူရှင်သွားသင်ရာတွင် လမ်းကျဉ်းကလေးတစ်ခုကို ဖြတ်ရသည်။ ထိုလမ်းတွင် ခြံစည်းရိုး အတွင်းပိုင်း၌ စိုက်ထားသော လမ်းဘက်ဆီသို့ အကိုင်းအရွက်များ ထိုးထွက်နေသော သြဇာပင်တစ်ပင် ရှိသည်။ ထိုသြဇာပင်အား ကျွန်တော် မြင်နေတွေ့နေခဲ့သည်မှာ ကြာပါပြီ။ စာသွား သင်တိုင်း တွေ့နေသည်။ ကိုထူးစံနှင့် စကားပြောဖြစ်သည့်နောက်ပိုင်း ကျွန်တော် ထိုသြဇာပင်အား သတိထား ဖြစ်လာသည်။ သစ်ရွက်ပေါင်းများစွာ ရှိသည့်အနက် သည်သြဇာရွက်ကိုမှ ဘာကြောင့် ရွေးပြောရပါသလဲ။ ကျွန်တော် လှမ်းကြည့်ဖြစ်တိုင်း ခပ်မဲ့မဲ့လေး ပြုံးရသည်။

            နောက်ပိုင်းတွင် ကျွန်တော် သည်နေရာလေးကိုဖြတ်တိုင်း ထိုသြဇာပင်ကို မဖြစ်မနေ ကြည့်တတ်လာသည်။ ဘာကြောင့်မှန်းမသိ။ တဖြည်းဖြည်းနှင့် ထိုအပင်က ကျွန်တော့်အား ပဟေဠိ တစ်ပုဒ်အတွက် စိန်ခေါ်နေသလို ခံစားလာရ၏။ အိမ်တွင် အဖေ့အခြေအနေ ဆုတ်ယုတ်လာမှု၊ ဦးလေးမိသားစုနှင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသောနေ့များတွင် ထိုအပင်အား မတ်တတ်စုံရပ် ကြည့်မိသည်ထိ ဖြစ်လာသည်။

            တစ်ရက်။ ထိုတစ်ရက်က ကျွန်တော့်စိတ်တွေ တော်တော်ရှုပ်ထွေးနေသည်။ အပင်အောက်တွင် ရပ်ကာ သြဇာရွက်များကို ငူငူကြီး စိုက်ကြည့်နေမိသည်။ ဘာကြောင့် ကြည့်နေပါသလဲ။ ကျွန်တော် မသိ။ ကျွန်တော် သိလိုက်သည့်အချိန်တွင် ကျွန်တော့်လက်ထဲတွင် သြဇာရွက် ခုနစ်ရွက်တိတိကို ခူးမိ နေခြင်းဖြစ်၏။ ကျွန်တော် ဘယ်လိုစိတ်မျိုးနှင့် လုပ်ဆောင်နေပါလဲ။ ရှင်းမပြတတ်ပါ။ အိမ်ရောက်သည့် အခါ ကိုထူးစံ ပေးထားသော ဂါထာစာရွက်လေးနှင့်အတူ စာအိတ်ထဲထည့်ကာ ပိတ်သည်။ ထို့နောက် အဖေ့ခေါင်းအုံးအောက်သို့ ထည့်သွင်းလိုက်မိသည်။

            ထိုညက အဖေ အတော်လေး ငြိမ်သည်။ လူးလူးလွန့်လွန့်ပင် မဖြစ်။ ညည်းညည်းညူညူမပြု။ သို့သော် မနက်ဝေလီဝေလင်း အချိန်လောက်တွင် အဖေ သေဆုံးသွားပါသည်။ ကျွန်တော့် မျက်လုံးတွေ ပြူးကျယ်ကုန်သည်။ သြဇာရွက် ခုနစ်ရွက်သည် လူတစ်ယောက်၏ အသက်ကို သေစေနိုင်ပါသလား။ ဂါထာမန္တန်တစ်ပုဒ်သည်လည်း မကောင်းဆိုးဝါးဝိညာဉ်အား နှုတ်ယူနိုင်စွမ်း ရှိပါသလား။ မဖြစ်နိုင်ပါ။ တိုက်ဆိုင်မှု တစ်ခုဟုသာ ကျွန်တော် ကျိန်းသေပြောရဲပါသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ရခြင်းမှာ ကျွန်တော် ထိုအပြုအမူကို ဘာကြောင့်လုပ်ခဲ့ရပါသလဲ။ မိုက်ရိုင်းလိုက်သည့် ကျွန်တော်။ အိမ်တွင်းရေး ပဋိပက္ခကြောင့်လား။ အဖေ့အပေါ် ပြုစုရလွန်း၍ ငြီးငွေ့သွားသောကြောင့်လား။ တစ်ခါက ကျွန်တော်တို့ အိမ်ရှင် ဦးကံကြူကို သွားသတိ ရလိုက်မိသည်။ သားအတွက် ရေကုန်ရေခန်း တစ်စက်လေးမှ အားမာန်မလျှော့ခဲ့။ ငွေအား၊ လူအား၊ စိတ်ပိုင်းဆိုင်ရာ အားလုံးဘက်စုံ လုံ့လ ပြုခဲ့ကြသည်။

            ဒါက မိဘမှသားသမီးကို။ ထိုသို့ဆိုလျှင် သားသမီးမှ မိဘကိုရော...။

            ကျွန်တော် ဆက်မတွေးရဲတော့ပါ။ သို့ဖြင့် အဖေ့အား ကျွန်တော် ကောင်းမွန်စွာ သင်္ဂြိုဟ်လိုက်ပါသည်။ အဖေ့ အသုဘချပြီးသော ညက ရံဖန်ရံခါမှ သောက်တတ်သော ကျွန်တော် ထိန်းမရချင်လောက်အောင် မူးသွားသည်။ အဖေ ဘုန်းကြီးဝတ်ခဲ့သော ကျောင်းအနီး ရေကန်ကြီးပေါ်ရှိ ထိန်ပင်အောက်တွင် တစ်ယောက်တည်း သွားထိုင်နေမိ၏။ မျိုသိပ်ထားခဲ့ရသော စကားလုံးတွေက တားမရ၊ ဆီးမရ။ ထို့ကြောင့် ပါးစပ်က ဘာတွေ ပြောလို့ ပြောမိမှန်းမသိ။ နာနာကြည်းကြည်း အော်ဟစ် ငိုကြွေးကာ အတန်ကြာတွင် အိပ်ပျော်သွားသည်။

            ခြေသံကြား၍ ခေါင်းမော့ကြည့်လိုက်ရာ အလင်းရောင်သဲ့သဲ့တွင် အဖေ့ကို တွေ့လိုက်ရ၏။ ကျွန်တော့်မှာ ကြောက်စိတ်တွေ မဝင်သည့်အပြင် ဝမ်းနည်းမှုသာ ပိုမိုကဲလာသည်။ အဖေ့ခြေဖမိုးကို ခေါင်းတင်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။

            'အဖေ... ကျွန်... ကျွန်... ကျွန်တော့်ကို ခွင့်လွှတ်...'

            'ဟေ့ကောင်... မင်းက ဘာလုပ်ခဲ့လို့ ငါက ခွင့်လွှတ်ရမှာလဲ။ ဒီမယ် ခေါင်းမော့လိုက်စမ်း... မင်းဟာ ရှေ့လျှောက် လူလုပ်စရာ အများကြီး ကျန်သေးတယ်။ တောင်းပန်တာ ကောင်းပေမယ့် နေရာတကာ လိုက်တောင်းပန်ရင် အလိုလို လူညံ့တစ်ယောက် ဖြစ်သွားရော။ ငါ ပြောခဲ့ဖူးတယ် မဟုတ်လား။ အမှန်လို့ပြောပြီး မှားနေတာတွေ တစ်ပုံကြီးဆိုတာ။ အဲဒီရဲ့ ဆန့်ကျင်ဘက် အမှားလို့ပြောပြီး မှန်နေတာတွေလည်း တစ်ပုံကြီးပေါ့ကွာ။ ကိုယ့်အသိ၊ ကိုယ့်ပညာနဲ့ အမှန်ကို ရွေးချယ်။ လူမှာ မေတ္တာတရားနဲ့ စာနာစိတ်ထားဖို့လည်း သိပ်အရေးကြီးတယ်'

            'မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော် အဲဒါကို ဘာလို့လုပ်ခဲ့...'

            'ဒီမယ်လူလေး... ဘာကြောင့်ပဲ လုပ်ခဲ့၊ လုပ်ခဲ့ တစ်ပါးသူကို ဒုက္ခ မရောက်စေဘူး။ တစ်ပါးသူ အတွက် အကျိုးမယုတ်စေဘူးဆိုရင် သားလုပ်ရပ် မမှားပါဘူးကွယ်။ သားက အပြစ်ဖြစ်မှာ စိုးနေတာကိုး။ မိဘဆိုတာ သားသမီးအပေါ် ဘယ်တော့မှ အပြစ်မယူတတ်တဲ့ ဧရာမ ကရုဏာရှင်တွေ ပါကွယ်။ ကိုင်း...ထတော့၊ ထတော့... အေးလာပြီ။ အဖေ ကျောင်းထဲကို တွဲပို့မယ်'

            အဖေက ကျွန်တော့်ကို တွဲပို့သည်။ ကျောင်းထဲရောက်တော့ အိပ်ရာပေါ် လှဲစေပြီး နွေးနွေးထွေးထွေး စောင်ခြုံပေးကာ အပြင်သို့ ထွက်သွားပါ၏။

            မနက်မိုးလင်းတော့ အဖေ့အခန်းတွင် ဆက်လက် သီတင်းသုံးနေသော ဦးပဉ္ဇင်းဇဝနက...

            'ညက ကျောင်းဆရာ ထိန်ပင်အောက်မှာ မူးပြီးလဲနေတာ။ ဖားရှာထွက်လာတဲ့ ဦးလေးငွေရ တွေ့ပြီး အအေးပတ်မှာစိုးလို့ ကျောင်းထဲခေါ်လာပြီး သိပ်ခဲ့တာ။ အဖေ့အတွက် ကျောင်းဆရာ တာဝန်ကျေခဲ့တာ သိပါတယ်။ နောက် ဒီလောက်ထိ မသောက်နဲ့။ ကျန်းမာရေး ထိခိုက်လိမ့်မယ်'

            'တင်ပါ့ဘုရား'

            ကျွန်တော့် အိပ်မက်ထဲတွင် အဖေ့ကို တောင်းပန်လိုက်ရ၍ ဖြေသာသလိုတော့ ရှိခဲ့ပါ၏။

□

            နောက်ပိုင်း ကျွန်တော့်တွင် စိတ်ရောဂါတစ်ခု စွဲကပ်လာသလားဟုပင် ထင်ရသည်။ သြဇာပင်များကို မကြည့်ရဲ၊ မတွေ့ရဲ။ သြဇာပင်များတွေ့တိုင်း ကျွန်တော့် စိတ်တွေ ပြင်းပြင်းထန်ထန် လှုပ်ခတ်ရသည်။ သြဇာရွက်တွေက ကျွန်တော့်ကို တစ္ဆေလို ခြောက်လှန့်နေကြသည်။ ထို့အပြင် အရေးအကြီးဆုံး အကြောင်းအရာတစ်ခုလည်း ကျန်ပါသေးသည်။ ယင်းမှာ ကိုယ်တိုင်ယုံကြည်မှု တစ်စက်မှ မရှိသော်လည်း ထိုအချိန်က သြဇာရွက်များ ခူးမိကာ အဖေ့ခေါင်းအုံးအောက်ထဲ ဘာကြောင့် ထည့်ဖြစ်ခဲ့သလဲဆိုသော အချက်သည် ကျွန်တော်မေး၍ ကျွန်တော် မဖြေနိုင်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေခြင်းပင်။

▀

ဒေါင်းနေမင်း

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဖွားတော်မူခြင်း
မာန်၊တောင်လုံးပြန်၊

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စကားဆိုသည် ရှေးလူကြီးများ ငါလိုလူအတွက် စပ်ဟပ်သီ ကုံးခဲ့လေသည်ဟု ကိုဖိုးမှန် ထင်သည်။ ထိုအထင်သည် ဒုက္ခတရားကို လျှို့ဝှက်သယ် ဆောင်တတ်မှန်း ကိုဖိုးမှန် မသိသေး။

ရွှေဝတ္ထု
...
ပင်လယ်များ၏ ဆင်စွယ်နန်း‌တော်
နတ်မှူး

ခင်ဗျားဟာ တမင်တကာဖြစ်စေ လမ်းကြုံလို့ဖြစ်စေ ရိုတွန်းကဖီးဆိုင်ထဲ ဝင်လာပြီး နောက်ဘက် ခန်းကလေးထဲကို လှမ်းကြည့်မိရင် တအံ့တသြ ပြုံးရင်လည်း ပြုံးမိလိမ့်မယ် ဒါမှမဟုတ် အလန့်တကြား ပြန်လှည့်သွားမိကောင်း သွားမိလိ...

ရွှေဝတ္ထု
...
စမ္ပာနဂိုရ်ပြားသွားပြီ
မောင်ရင့်မာ၊ကျောင်းကုန်း၊

တူရွင်း၊ ဓား၊ ပေါက်တူးစတဲ့ ရရာလက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တစ်နေ့ တစ်နေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမ စကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန...