ရွှေဝတ္ထု

စမ္ပာနဂိုရ်ပြားသွားပြီ

မောင်ရင့်မာ၊ကျောင်းကုန်း၊

01 November 2026
စမ္ပာနဂိုရ်ပြားသွားပြီ
Share to

'ပြားသွားပြီ၊ အကုန်လုံးပြားသွားပြီ'

သေချာတယ်။ ဒါ သာဝရဲ့အသံပဲ။

            ငသောင်းတို့ ထန်းတဲမှာ ငှက်ခါးတောင်လေးနဲ့ ဆက်ရက်မင်းစည်းစိမ် စံစားနေခဲ့တဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့သုံးယောက် အသံကြားကြားချင်း ထွက်ကြည့်လိုက်တယ်။ သင်္ချိုင်းကုန်းကို ဖြတ်ပြီး ရွာဘက် ဖုန်တထောင်းထောင်းထအောင် ပြေးဝင်သွားတဲ့ သာဝရဲ့ကျောပြောင်ကိုပဲ မြင်လိုက်ရတော့တယ်။ ဒါပေမယ့် သေချာတယ်။ ဒါ သာဝရဲ့ အသံပဲ။

            သင်္ချိုင်းကုန်းကနေ အဲဒီလို ကဆုန်ပေါက် ပြေးလာရင်းက စမ္ပာနဂိုရ် တစ်ရွာလုံးကို လန့်ဖျပ်သွားအောင် အော်ပစ်နိုင်တဲ့သူဆိုလို့ ဒီရွာမှာ သာဝတစ်ယောက်ပဲရှိတယ်။ ဧကန္တ သာဝတစ်ယောက် သုသာန်ကျောင်းဘက်က ပြန်လာတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်လေ။ အဲဒီလို သင်္ချိုင်းကုန်းကို ဖြတ်ပြေးလာရင်းက ငယ်သံ ငယ်ရင်းပါအောင် သာဝ အော်ဟစ်ခဲ့တာ ဒါ ပထမ ဆုံးအကြိမ်မှ မဟုတ်ပဲကိုး။

□

            တမြန်နှစ်၊ မိုးအကုန် ဆောင်းဦးပေါက်လောက်က ဖြစ်မယ်ထင်တယ်။ သင်္ချိုင်းကုန်းကို ဖြတ်ပြေးလာရင်း ငယ်သံငယ်ရင်းပါအောင် အော်ဟစ်လိုက်တဲ့ သာဝ အသံကြောင့် စမ္ပာနဂိုရ် တစ်ရွာလုံး အကြီးအကျယ် ထိတ်လန့်သွားခဲ့တယ်။ ဘာတဲ့လဲ၊ ဘယ်သူပြောတာတဲ့လဲ။ လှိုင်းကြီးလာပြီဆိုတာ။ 'တတိယလှိုင်း' ဆိုပဲ။

            ဘယ်သူပြောလဲ မေးမနေနဲ့။ သာဝအော်သွားတာ မကြားဘူးလား။ မြန်မြန်လုပ်၊ ချောင်းညာဘက်မှာ မိုးတွေညို့နေပြီ။ ရွာ့အောက်ပိုင်းက ဟန်ရွှေနဲ့ ထွန်းအံ့တို့တောင် ကောက်လှိုင်းတွေရွှေ့နေပြီ။ တစ်ယောက်တစ်ပေါက် ပြောရင်း စမ္ပာနဂိုရ်တစ်ရွာလုံး ကောက်လှိုင်းသယ်ကြ၊ တလင်းပြေးကြနဲ့ ရုတ်ရုတ်သဲသဲဖြစ်ကြတယ်။ ဟုတ်တယ်လေ။ တတိယလှိုင်း ဆိုတဲ့အသံကို တစ်ရွာလုံး ဘယ်သူမှ မကြားချင်တော့ဘူး။ မိုးဦးနဲ့ မိုးလယ်မှာ လှိုင်းတွေ၊ ရေတွေ နှစ်ကြိမ်တောင်ကြီးခဲ့လို့ အိမ်ခေါင်မိုးတက်ပြီး မြွေပါး ကင်းပါးနဲ့အတူနေရ၊ ပျိုးတွေ ပြန်ပစ်ရ၊ လယ်တွေပြန်စိုက်ရနဲ့ ဒုက္ခ သုက္ခရောက်ခဲ့ပြီးပြီ။ တစ်ရွာလုံး ရေသံ လှိုင်းသံကို ဘယ်သူမှ ထပ်မကြား ချင်ကြတော့ဘူး။ ရိတ်သိမ်းချိန်ရောက်ခါမှာတော့ ဘယ်သူမှ ထပ်ပြီး အမြုပ်မခံနိုင်တော့ဘူး။ လှိုင်းဆိုတာ လူမဟုတ်လို့သာပေါ့၊ နို့မို့များ။

ဆိုပါစို့။ အဲဒီညက တတိယလှိုင်း ဆိုတဲ့အသံကြောင့် စမ္ပာနဂိုရ်တစ်ရွာလုံး ယောက်ယက်ခတ်ပြီး ခြေကုန်လက်ပန်းကျသွားခဲ့တယ်။ အနိမ့်ပိုင်းက ကောက်လှိုင်းတွေ အမြင့်ရွှေ့ရ၊ အောက်ဘက်က စပါးပုံတွေ အထက်ဘက်ရွှေ့ရ၊ တစ်ရွာလုံး ဖတ်ဖတ်မောသွားတယ်။ ချောင်းနားဆင်းပြီး ရေ အခြေအနေစောင့်ကြည့်နေတဲ့ ဒူးကြီးတို့ဆီကလည်း လူလွှတ်မေးလိုက်တိုင်း ရေက ငြိမ်လို့ချည်းပဲ ပြောတယ်။ တဖြည်းဖြည်း စမ္ပာနဂိုရ်ကလူတွေ စိတ်မရှည်ကြတော့ဘူး။ နေပါဦး၊ ဘယ်ကောင်ပြောတာလဲကွ။ တတိယလှိုင်းကြီးဆိုတာ။

            အဲဒီညက စမ္ပာနဂိုရ်ရွာသားတွေဟာ သောကနဲ့မောရတဲ့အထဲ ဒေါသတွေ အလိပ်လိပ်တက်တော့တယ်။ စမ္ပာနဂိုရ်သူကြီး ဦးအောင်ဗလတောင်မှ မျက်ထောင့်ကြီးနီရဲလာပြီး ဖြောင်းခနဲ တက်ခေါက်လိုက်တယ်။ ပြီးတော့ 'သွားခေါ်စမ်း၊ သာဝကိုသွားခေါ်ပြီး ခြောက်ပေါက်ထဲ ထည့်လိုက်စမ်း' ပြောလိုက်တယ်။

            အင်မတန် ခြေမြန်လက်မြန်ရှိတဲ့ မောင်တင့်နဲ့ဇော်ထွီးက သာဝကို ကုပ်ဆွဲခေါ်လာပြီး ခြောက်ပေါက်ထဲ ထည့်တော့၊ သာဝရယ်... အော်လိုက်တာလေ။ သာဝ အအော်ရပ်တော့မှ အောင်ဘုနဲ့ ထွန်းအံ့က သေသေချာချာ စစ်တော့တာ။

            သာဝအဆိုကတော့ တတိယလှိုင်းအကြောင်းပြောတာ သူမဟုတ်ပါဘူးတဲ့။ ကိုဟန်တင်ဆိုလား၊ ဟာဗားနားဆေးပြင်းလိပ်ခဲထားတဲ့ ပါမောက္ခကြီးက ပြောတာပါတဲ့။ ဒါဆို အဲဒီကိုဟန်တင်ဆိုတဲ့လူ သွားခေါ်စမ်းဆိုတော့ ကိုဟန်တင်ကို သူမသိပါဘူးတဲ့။ ကိုဟန်တင်တို့၊ တောဖလားတို့ ရေးတဲ့စာတွေကို သုသာန်ကျောင်းက ကပ္ပိယစိန်ပေါက်ကဖတ်ပြီး သူ့ကို ပြန်ပြောပြတာပါတဲ့။ အစကတော့ တတိယလှိုင်းကို စပြောတာ 'တောဖလား'ပါတဲ့။ နောက်မှ ကိုဟန်တင်က ပြောတာတဲ့။ ဒါပေမယ့် ကိုဟန်တင်ပြောတာနဲ့ တောဖလားပြောတာနဲ့ မတူဘူးတဲ့။ ကိုဟန်တင်ဆိုတာကလည်း ယဉ်ကျေးမှုတွေဟာ ကြီးတော်တို့ အိမ်က ချိုကုပ်နဲ့ ချိုထောင်လို ဝှေ့ခတ် တိုးတိုက်ကုန်ပြီလို့ ပြောခဲ့တဲ့လူပါပဲတဲ့။

            သာဝပြောတာတွေကို သူကြီးအောင်ဗလက နားထောင်ပြီး စိတ်တိုသထက် တိုလာတယ်။ ဒီကောင် အစကတည်းက 'မရူးမကောင်း' ဆိုတာလည်း တစ်ရွာလုံး အသိ။ သူကြီးစိတ်တိုတိုင်း 'နားပန်ကျင်း'နေရပြန်ရင်လည်း သာဝ အရိုးနဲ့အရေပဲ ကျန်တော့မယ်။ ကိုင်း... သွားခေါ်ကြစမ်းကွာ၊ သုသာန်ကျောင်းက ကပ္ပိယစိန်ပေါက်ဆိုတဲ့လူကို။ ဒါမျိုးဆို အလွန်ဖင်ပေါ့တဲ့ မောင်တင့်နဲ့ဇော်ထွီးက ထလိုက်တော့ အောင်ဘုကသူလည်း လိုက်မယ်ဆိုပြီး ထလိုက်သွားတယ်။ ဟန်ရွှေနဲ့ ထွန်းအံ့က သူကြီးမျက်နှာရိပ် မျက်နှာကဲ လှမ်းကြည့်လိုက်ပြီး စိန်ပေါက်အတွက် ခြောက်ပေါက်တစ်ခု အသင့်လုပ် ထားလိုက်တယ်။ စမ္ပာနဂိုရ် ရွာသားတွေလည်း ပွဲကောင်း ကြည့်ရတော့မယ်ဆိုပြီး စောင့်စားနေခဲ့ကြတယ်။

            ဟော... လာပြီ။

            ကွမ်းနှစ်ယာညက် လောက်အကြာမှာ ရွာသားတွေကြားကနေ တိုးဝှေ့ဖြဲခွဲပြီး လူတစ်ယောက်ဝင်လာတယ်။ အသားညိုညို၊ မျက်မှန်ထူထူ၊ မုတ်ဆိတ် ကျင်စွယ်နဲ့ အသက် ၄ဝ အရွယ် လူတစ်ယောက်ဝင်လာတယ်။ သူ့နှာခေါင်းပေါ် လျှောကျနေတဲ့ မျက်မှန် ထူထူကြီးကလွဲရင် သူ့ပုံစံက စမ္ပာနဂိုရ်သားတွေနဲ့ သိပ်မထူးပါဘူး။ သိတဲ့အတိုင်း၊ ဒီမှာက ဒီလို ပုလင်းဖင်ကွဲလောက် မျက်မှန်ကြီးကို ဘယ်သူမှ မတပ်ခဲ့ကြဘူး။ ရွာသားတွေက သူကြီးရဲ့ ဒေါသအိုး ပေါက်ကွဲထွက်မယ့်အချိန်ကို ငံ့လင့် နေတုန်းမှာပဲ သူကြီးဆီက အသံထွက်မလာဘဲ ထူးဆန်းလှစွာ မျက်မှန်ကြီးဆီက အသံထွက်လာခဲ့တယ်။

            'ဦးလေးအောင်ဗလ မဟုတ်လား။ ကျွန်တော်က ဦးလေးသူငယ်ချင်း ကိုဆင်ပေါက်သားလေ'

            'ဟေ...'

            အောက်လင်းမီးရောင်ထဲ စိန်ပေါက်မျက်နှာကို ထင်းထင်းမြင်ဖို့ စူးစိုက်ကြည့်နေတဲ့ သူကြီးမျက်နှာကြီး အဲဒီတစ်ခွန်းနဲ့ပဲ ဝင်းခနဲလက်သွားတယ်။ ထင်တော့ ထင်သား။ လက်စသတ်တော့ ဆင်ပေါက်သားကိုး။

ကိုစိန်ပေါက်ပြောတာကတော့ တတိယလှိုင်းဆိုတာ စမ္ပာနဂိုရ်ရေကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူးတဲ့။ အယ်လ်ဗင်တော်ဖလာက လှိုင်းသုံးလှိုင်းအကြောင်း စပြောခဲ့ပြီးနောက်မှ ဟားဗတ် တက္ကသိုလ်ပါမောက္ခ ဟန်တင်တန်က တတိယလှိုင်းအကြောင်း ပြောတာပါတဲ့။ အဲဒီဧရာမပုဂ္ဂိုလ်ကြီးတွေရဲ့ အင်မတန် ခမ်းနားကြီးကျယ်တဲ့ ဟောချက်တွေကို ကျွန်တော်တို့ရဲ့ 'စာတော်ပြန်'တွေက အသေအချာ စောင့်ကြည့်ပြီး သူတို့အနက်ပေါက်သလို ဖြည့်စွက်မွမ်းမံ ပြန်ဆိုပါ သတဲ့။ အဲဒါကို ကပ္ပိယစိန်ပေါက်က စောင့်ဖတ်ပြီး သာဝရှေ့ လွှတ်ခနဲ ပြောမိရာက ခုလို အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရတာပါတဲ့။ လှိုင်းဆိုတာ တကယ်တော့ ပညာရှင်ကြီးတွေက လူ့အဖွဲ့အစည်းကို ပိုင်းခြားသုံးသပ်ပြီး ပြောတာပါတဲ့။

ကိုစိန်ပေါက် ပြောလိုက်တာကတစ်မျိုး၊ သာဝ နားလည်သွားတာကတစ်မျိုး ဖြစ်တာဟာ 'ပါရာဒိုင်း' ရွေ့သွားတဲ့သဘောပါပဲတဲ့။ ဒါမျိုး ကမ္ဘာမှာ မဆန်းတော့ပါဘူး။ စမ္ပာနဂိုရ်မှာသာ ဆန်းနေတာပါတဲ့။ သို့သော် ကမ္ဘာဆိုပေမယ့်လည်း ကမ္ဘာဟာ စမ္ပာနဂိုရ်လို ရွာကြီးတစ်ရွာ ဖြစ်နေပါပြီတဲ့။ ဂလိုဘယ်ခေတ်မှာ ကမ္ဘာဟာလည်း 'ဂလိုဘယ်ဘဲလိတ်ချ်' ဆိုလား ဖြစ်သွားပါပြီတဲ့။

စိန်ပေါက်က 'ဂလို' ပြောလိုက်တာကို သူကြီးနဲ့ ရွာသားတွေက ရုတ်တရက် နားမလည်လိုက်ပေမယ့် စကားလုံးမျက်လှည့်ဆရာတွေရဲ့ လက်ထဲမှာ 'ဟေ့... ကမ္ဘာကြီးဆိုတာ တို့စမ္ပာနဂိုရ်လို ရွာကြီးတစ်ရွာဆိုပဲကွ'လို့ ကိုယ့်မွေးရပ်ဇာတိမြေအတွက် ကိုယ်စီ ကိုယ်စီ အားမနာတမ်း ဂုဏ်ယူလိုက်ကြပြီး မောမောနဲ့ ပြန်အိပ်ခဲ့ကြတယ်။ သူကြီးဦးအောင်ဗလကတော့ ပြောလိုက်သေးတယ်။

'အေးပါ၊ မောင်စိန်ပေါက်ရာ။ နောက်ဆို မင်း ဖတ်ထားမှတ်ထားတာလေး ပြန်ပြောချင်ရင် တို့ရွာက ဥပုသ်ကျောင်းကို လာခဲ့ပါကွာ။ သာဝရှေ့တော့ အထူးအဆန်းတွေကို အရမ်း အရမ်း မပြောလိုက်ပါနဲ့'

သူကြီးရဲ့ အဲဒီစကားတစ်ခွန်းတည်းနဲ့ ကပ္ပိယစိန်ပေါက်ဟာ စမ္ပာနဂိုရ်မှာ တော်တော်လူရာ ဝင်သွားတယ်။ သူကြီးရဲ့ခြောက်ပေါက်ကို ပြန်လည်နေရာချထားနေတဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့က စိန်ပေါက်ရဲ့မျက်နှာကို အထင်ကြီးလေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ တကယ်တော့ သူတို့ သုံးယောက်စလုံးက ထစ်ခနဲရှိ တုတ်ဆွဲ၊ ဓားဆွဲနဲ့ ဗလအားကိုး မိုက်လွန်းလို့ သူကြီးက အသာချော့ပြီး လက်သပ်မွေးထားတာ။ ဗလကြီး ခေါင်းသေးဆိုပေမယ့် သူတို့လည်း လူရာဝင်ချင်ကြတယ်။ တစ်နေ့ တစ်နေ့ ငသောင်းထန်းတဲမှာချည်း အချိန်ကုန်တာနဲ့စာရင် ကိုစိန်ပေါက်ဆီ တပည့်ခံရကောင်းမလား စဉ်းစားကြတယ်။ သူတို့အတွက် စိန်ပေါက်က 'ဟီးရိုး' ဖြစ်သွားပြီ။

□

စိန်ပေါက်ဆိုတာ တကယ်တော့ သူကြီးအောင်ဗလတို့ရဲ့ ငယ်သူငယ်ချင်း ကိုဆင်ပေါက်ရဲ့ တစ်ဦးတည်းသောသားပဲ။ သူ့အဖေ ကိုဆင်ပေါက်က သားစိန်ပေါက်ကို စမ္ပာနဂိုရ်ရွာကျောင်းမှာ လေးတန်းထိ 'တန်းကုန်'အောင်ထားခဲ့ပြီး လိမ္မာအောင်၊ ယဉ်ကျေးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဦးသောဘိတကျောင်းမှာ နမက္ကာရ၊ ပရိတ်ကြီး၊ ရတနာ ရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း စတာတွေ သင်ကြားစေခဲ့တယ်။ ဦးပဉ္ဇင်းလေး ဣန္ဒာဝဿက လည်း ဆရာတော်ခိုင်းတဲ့အတိုင်း စိန်ပေါက်ကို ကိုယ်ဖိရင်ဖိ သင်ပေးတယ်။ သင်္ဂြိုဟ် ကိုးပိုင်းတက်မယ့် အချိန်လည်း ရောက်ရော၊ စိန်ပေါက်လည်း ရွာကနေ ထွက်ပြေးသွားရောဆိုတော့ သူ့အဖေ ကိုဆင်ပေါက်ဟာ အကြီးအကျယ် ဒေါသပုန်ထခဲ့တယ်။ စိန်ပေါက်တစ်ယောက် မြို့ပေါ်မှာ ပညာ ဆက်သင်သလား မသင်ဘူးလား အသေအချာ မသိရပေမယ့် မြို့ပေါ်မှာပဲ အိုးအိမ်ထူ၊ အိုးအိမ်ပျက်ဖြစ်ခဲ့တာတွေကို ရွာက သဲ့သဲ့ကြားခဲ့ရတယ်။ အနှစ်နှစ်ဆယ်နီးပါးကြာလို့ စိန်ပေါက်တစ်ယောက် ရွာပြန်ရောက်လာတဲ့အခါမှာတော့ သူ့အဖေ ကိုဆင်ပေါက် မရှိရှာတော့ဘူး။ လယ်တွေ ကိုင်းတွေလည်းမရှိတော့တာနဲ့ စိန်ပေါက်ဟာ စမ္ပာနဂိုရ်ရွာကို ပြန်မလာဖြစ်တော့ဘဲ သုသာန်ကျောင်းက သူ့ဘဒွေး ဘုန်းကြီးအိုကြီးဆီမှာပဲ ကပ္ပိယလုပ်နေတော့တယ်။

သုသာန်ကျောင်းဆိုပေမယ့် သဲပွက်၊ ရိုးဖျား၊ အုန်းပင်စုရွာတွေနဲ့ သူ့ဂေါစကံနဲ့ သူရှိနေတာတစ်ကြောင်း၊ သုသာန်ကျောင်းနဲ့ စမ္ပာနဂိုရ်ရွာအကြား သင်္ချိုင်းကုန်းတစ်ခုခြားနေတာ တစ်ကြောင်းကြောင့် စမ္ပာနဂိုရ်က လူတွေဟာ သုသာန်ကျောင်းဘက် အရောက်အပေါက် နည်းတယ်။ သုသာန်ကျောင်း ဘုန်းတော်ကြီးနဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ သာဝ တစ်ယောက်သာပဲ မကြာမကြာ သွားရာက ကပ္ပိယစိန်ပေါက်နဲ့ ရင်းနှီးပြီး မထော်မငန်း ပြန်ပြန်အော်နေတာ။

ခက်တာက သာဝဟာ ငယ်ငယ်ကတည်းက ဝမ်းတွင်းရူးဆိုတော့ကာ စိန်ပေါက်က ထူးထူးဆန်းဆန်း တစ်ခုခုပြောလိုက်တယ်ဆိုရင်ပဲ ချက်ချင်း သင်္ချိုင်းကုန်းကို ဖြတ်ပြေးပြီး ငယ်သံ ငယ်ရင်းပါအောင် အော်တော့တာ။ တစ်ခါလည်း 'ပြိုသွားပြီ၊ ပြိုကျသွားပြီ'

သာဝ အော်ပြေးလာတာကို မြက်ရိတ်သွားရာက ပြန်လာတဲ့ ဒူးကြီးတို့ တစ်သိုက်က ကြားလိုက်မိတာနဲ့ ဦးပဉ္ဇင်းလေး ဣန္ဒာဝဿရဲ့ ဆွမ်းစားကျောင်းဆီ ပြေးကြတာပေါ့။ စမ္ပာနဂိုရ်မှာ ပြိုကျလုဆဲဆဲ အဆောက်အဦဆိုလို့ ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်းပဲ ရှိတာ။ ဘုန်းကြီးဦးသောဘိတ ပျံလွန်တော် မမူခင်ကတည်းက ဆွမ်းစားကျောင်းပြင်ပေးဖို့ သူကြီးအောင်ဗလကို တဖွဖွ ပြောနေခဲ့တာ။ ခု ဦးပဉ္ဇင်းလေး လက်ထက်ရောက်တော့လည်း မပြင်ဖြစ်သေးဘူး။ တစ်နှစ်ပြင်မယ် တစ်နှစ်ပြင်မယ်နဲ့ ခုတော့ ပြင်ရင်လည်း ဘာမှမထူးဘူး။ ပြန်ဆောက်မှကို ဖြစ်တော့မှာ။ အဲဒီတော့ ပြောရရင် ရွာမှာ ပြိုကျတော့မယ့် အဆောက်အဦဆိုလို့ ဆွမ်းစားကျောင်းပဲ ရှိတော့ ဒူးကြီးတို့က အဲဒီကို စိုးရိမ်တကြီး ပြေးကြည့်ကြတာပေါ့။ မရှေးမနှောင်းဆိုသလိုပဲ သူကြီးလွှတ်လိုက်တဲ့ ဇော်ထွီးတို့၊ အောင်ဘုတို့လည်း ရောက်လာတော့တာပေါ့။

ဆွမ်းစားကျောင်း ဘာမှမဖြစ်ဘူးဆိုတာလည်း သေချာရော ရွာကို ထိတ်လန့်အောင်လုပ်ခဲ့တဲ့ သာဝ တစ်ယောက်လည်း သူကြီးအိမ်က ခြောက်ပေါက်ထဲ ဝင်ရပါလေရော။ သာဝ မျက်ရည်လည်ရွဲနဲ့ ဖြစ်နေတာကို ဇော်ထွီးနဲ့အောင်ဘုက ကြည့်ကောင်းကောင်းနဲ့ အားရအောင် ကြည့်နေသေးတယ်။

ပြီးတော့မှ မေးတယ်။

'ဆွမ်းစားကျောင်း ဘာမှမဖြစ်ဘဲနဲ့ နေပါဦး၊ မင်းက ဘာပြိုလို့ အော်ပြေးတာလဲ'

'ဆွမ်းစားကျောင်း မပြိုပါဘူးဗျ။ ပြိုတာက ဘာလင်တံတိုင်းပါဗျ'

'ဟေ...ဟုတ်လား။ ဘာလင်တံတိုင်းကြီး ဘယ်တုန်းက ပြိုသွားတာလဲ'

            အမှန်တော့ ဇော်ထွီးနဲ့အောင်ဘုတို့က ဘာလင်တံတိုင်းဆိုတာ ဘယ်နားရှိလဲ သေသေချာချာ သိတာမဟုတ်ဘူး။ သာဝလို ဝမ်းတွင်းရူးက သိပြီး သူတို့က မသိဘူးဆိုရင် ညံ့ရာကျမှာစိုးလို့ မေးမိမေးရာ လျှောက်မေးနေတာ။ သာဝက ခြောက်ပေါက်ထဲနေရတဲ့ ကောင်ဆိုတော့ ရိုရိုသေသေ ဖြေတာပေါ့။

'ဘာလင်တံတိုင်း ပြိုသွားတာ ဆယ့်... ဆယ့် ရှစ်နှစ်လောက် ရှိပြီတဲ့ဗျ'

            'နင့်မေဂလွား၊ ဆယ့်ရှစ်နှစ်ကကိစ္စ ခုမှ ဘာလို့ ထအော်နေတာလဲ' မေးပြန်ရော။

'ဒါ... ဒါတော့ ဘယ်သိမလဲဗျ။ ဖွတ်ကလိရာ မကဒါပဲ ပြောနေတဲ့ဟာကို'

            ဇော်ထွီးနဲ့အောင်ဘုတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ ဘယ်သူလဲ 'ဖွတ်ကလိရာမ' ဆိုတာ ဘယ်သူလဲ။ သူတို့ နှစ်ယောက် ဧရာမအကျပ်အတည်းဖြစ်နေတာကို ရိပ်မိတဲ့ ဒူးကြီးက စဉ်းစဉ်းစားစားနဲ့ ထင်မြင်ချက်ပေးလိုက်တယ်။ 'ဖွတ်ကလိရာမဆိုတာ ကြိုးကြာကွင်းက အင်ဒူ စမြားရဲ့ ယောက်ဖကို ရာမပြောတာ ဖြစ်မှာပေါ့' အဲဒီတော့မှ ဇာတ်လမ်းက ပိုရှုပ်ကုန်တယ်။ သူကြီး အချိန်မီ ရောက်လာခဲ့ပြီး မေးတော့မှ ဖွတ်ကလိရာမဆိုတာ စိန်ပေါက်ပြောတာတွေကို သာဝက နားစွန်နားဖျားကြားပြီး ထင်ရာမြင်ရာ လျှောက်အော်နေတာလို့ သိလိုက်ရတယ်။

'ကဲ... စိန်ပေါက် ခေါ်ချေစမ်းကွာ' ဆိုတော့ ဇော်ထွီးနဲ့အောင်ဘုတို့ သုသာန်ကျောင်းဘက် ပြေးရပြန်တယ်။

စိန်ပေါက်ရောက်လာတော့မှပဲ ဖွတ်ကလိရာမဆို တာအင်ဒူစမြားယောက်ဖ ကိုရာမ မဟုတ်ဘဲ နိုင်ငံရေး သိပ္ပံပါရဂူကြီး ဖရန်စစ်ဖူ ကာယားမားဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို့ သိလိုက်ရတာ။ အံမာ၊ အဲဒီ ဧရာမကြီးက တယ်စွမ်းသတဲ့။ သူကြီးလည်း အံ့သြလွန်းလို့ မျက်လုံးကြီး ပြူးကြည့်နေလိုက်တယ်။  စိန်ပေါက် တစ်ခေါက်လာလိုက်တာနဲ့ မကြားဖူးတာ တစ်ခါ ထပ်ကြားရ၊ တစ်ခါ ဗဟုသုတတိုးရဆိုတော့ သူကြီး စဉ်းစားတယ်။ စိန်ပေါက်ကို ဥပုသ်ကျောင်းသာမက ရွာထဲမှာ အလှူအတန်းရှိရင်လည်းလာဖို့ ဖိတ်ထားရကောင်းမလားပေါ့။ တစ်ချိန်တည်းမှာပဲ ဇော်ထွီးနဲ့ အောင်ဘုတို့ကလည်း စိန်ပေါက်ဆီ တပည့်ခံထားရင် နောင်အခါ အခုထက်ပိုပြီး လူရာဝင်မလား စဉ်းစားကြသတဲ့။ ဇော်ထွီးက မောင်တင့်နဲ့အတူ မြို့ကျောင်းမှာ ခုနစ်တန်းလောက်အထိ ဒွတ်ဒက် ရွှတ်ယှက် လုပ်ခဲ့ဖူးသေး မဟုတ်လား။

ဒီလိုနဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့သုံးယောက်ဟာ ပညာရှိ စိန်ပေါက်ဆီမှာ တပည့်ခံဖို့ အခွင့်အရေးရသွားတယ်။  ဥပုသ်နေ့တို့၊ အလှူအတန်း ရွာထဲမှာ လုပ်တဲ့နေ့တို့ဆို သူတို့သုံးယောက်က စိန်ပေါက်ကြီးအနားကကို မခွာတော့ဘူးတဲ့။ တောက်တဲ့ကပ် ကပ်ပြီး စိန်ပေါက်ပြောသမျှ လိုက်မှတ်နေတော့တာ။ တချို့နေ့များဆို သုသာန်ကျောင်းပဲ သွားနေတော့တာ။ စိန်ပေါက်ရောက်မလာနိုင်တဲ့ ဥပုသ်နေ့တွေကျတော့ ဥပုသ်ကျောင်းမှာ သူတို့သုံးယောက်က တော်တော်စွာဆိုပဲ။ ဒွတ်ဒက် ရွှတ်ယှက်နဲ့ ပြောနေလိုက်တာများ စမ္ပာနဂိုရ် တစ်ရွာလုံးက ငေးကြည့်နေ ရတာတဲ့။

တလောကတော့ ဥပုသ်ကျောင်းကို စိန်ပေါက် ရောက်မလာနိုင်တဲ့ နေ့တစ်နေ့မှာ ဇော်ထွီးတို့ သုံးယောက် 'သံလွင်ပင် လက်လီလက္ကား စပ်ရောင်း'တဲ့ ဖရိုင်းမင်းအကြောင်း ပြောတာ တော်တော်နားထောင် ကောင်းသတဲ့။ ဖရိုင်းမင်းဆိုလို့ ဇော်ထွီးက သူ့လူတွေကို 'မင်းတို့က ဖရိုင်းမင်း၊ ဖရိုင်းမင်းဆိုပြီး လူတွေ နားရှုပ်အောင် မပြောပါနဲ့ကွာ'လို့ ပြောသတဲ့။ မောင်တင့်က 'ဒါဆို ဖရိုင်းမင်းကို ဘယ်လိုပြောမလဲ' ဆိုတော့ ဇော်ထွီးက 'ဖရိုင်းဒ်ဆိုတာ ကြော်တာလေကွာ။ ဖရိုင်းဒ်မင်းဆိုတော့ အကြော်ကြော်တဲ့လူ၊ အကြော်သည်ပေါ့'လို့ ပြောလိုက်တယ်။

ဒါကို အားကျတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေတဲ့ ဟန်ရွှေနဲ့ ထွန်းအံ့က 'ဇော်ထွီးတော့ တော်တော်တောင် တတ်နေမှပဲ'ဆိုပြီး အထင်ကြီးလေးစားတဲ့ မျက်လုံးတွေနဲ့ ပြူးကြည့်နေခဲ့သတဲ့။ အဲဒီနေ့က စိန်ပေါက်ရောက်မလာခဲ့ပေမယ့် စမ္ပာနဂိုရ် ရွာသားတွေ ကောင်းကောင်းကြီး ဗဟုသုတရသွားကြ တယ်လေ။

□

'ပြားသွားပြီ၊ အကုန်လုံး ပြားသွားပြီ'

သင်္ချိုင်းကုန်းဘက်ကနေ ရွာထဲ အော်ပြေးလာတဲ့ သာဝကို ဟန်ရွှေနဲ့ ထွန်းအုံက ဆီးဖမ်းလိုက်ပြီး သူကြီး ဦးအောင်ဗလဆီ ခေါ်သွားတယ်။ အမှန်က သူကြီး စဉ်းစားနေတာ။ တစ်ခါတုန်းကလည်း သာဝက ပြိုသွားပြီလို့ အော်ခဲ့ဖူးတယ်။ ဒါပေမယ့် ဆွမ်းစားကျောင်း မဟုတ်ခဲ့ဘူး။ ဘာလင်တံတိုင်းတဲ့။ ဒီတစ်ခါတော့ ပြားသွားပြီတဲ့။ ပြားသွားနိုင်တာလည်း ဒီရွာမှာ ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်းပဲ ဖြစ်ရမယ်။ သာဝရောက်လာတော့ ငိုသံပါကြီးနဲ့ ပြောတော့တယ်။

'သူကြီးရေ၊ ဒီတစ်ခါ ပြားသွားတာလည်း ဆွမ်းစားကျောင်းမဟုတ်ဘူးဗျ။ ဒီတစ်ခါ ပြားသွားတာကတော့ ကမ္ဘာကြီးဗျ'

ကမ္ဘာကြီးလုံးနေတယ်လို့ တစ်သက်လုံး သင်ကြားမှတ်သားခဲ့တဲ့ သူကြီးက ဘယ်လက်ခံနိုင်ပါ့မလဲ။ ဟန်ရွှေနဲ့ ထွန်းအံ့ကလည်း လက်မလျှော့ဘူး။ သာဝကလည်း ဒီတစ်ခါ မခံဘူး။

'ကမ္ဘာကြီးဟာ ရိုက်ချက် ၁ဝ ချက်ကြောင့် ပြားသွားတာပါ'လို့ သာဝက ဆက်ပြောနေတော့ သူကြီးက လုံးဝလက်မခံဘူး။

'နင့်မေဂလွားတဲ့မှပဲ။ တစ်သက်လုံး လုံးနေတဲ့ ကမ္ဘာကြီးဟာ ဆယ်ချက်မကလို့ အချက်တစ်ရာပဲ ရိုက် ရိုက်၊ နံပြားမှ မဟုတ်ပဲ။ ဘာလို့ပြားရမှာလဲ'

ဆိုပြီး သာဝကို ဖြောင်းခနဲ နားရင်းအုပ်ပစ်လိုက်တယ်။ သာဝက သူ့နားထင်ကလေးသူ လက်ဝါးနဲ့အသာ အုပ်ရင်း 'အံမလေးဗျာ၊ ကျွန်တော်ပြောတာ မဟုတ်ပါဘူးဗျာ'နဲ့ ထုံးစံအတိုင်း လုပ်ပြန် တယ်။ ဒါဖြင့် ဘယ်သူ ပြောလဲဆိုတော့၊ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူ... နေပါဦး၊ သူ့ နာမည်က ရုတ်တရက်မေ့နေလို့။ အဲဒီလူက ၁၉၈၉ ခုနှစ်ကတည်းက ကမ္ဘာမှာ 'တံတိုင်းတွေပြို၊ ဝင်းဒိုးတွေ ပွင့်' ခဲ့တာတဲ့။ အဲဒါ ပထမ ရိုက်ချက်တဲ့။ သြော်...ပြောတဲ့လူ သတိရပြီ။ ဂျာနယ် လက်ပွေ့ရောင်းတဲ့ ဖရိုင်းမင်းတဲ့။ အဲဒီလို ပြောတာကိုပဲ ငသောင်းရဲ့ ထန်းတဲကနေ ပြန်ရောက်လာတဲ့ မောင်တင့်၊ ဇော်ထွီးနဲ့ အောင်ဘုတို့က ကြားသွားတယ်။ ဖရိုင်းမင်းဆိုတာ ဂျာနယ်လက်ပွေ့ ရောင်းသူမဟုတ်ဘဲ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အကြောင်း၊ သူ့ရဲ့နာမည်ကို တိုက်ရိုက် မြန်မာမှုပြုရင် 'အကြော်သည်'လို့ အဓိပ္ပာယ်ရကြောင်း ဇော်ထွီးက ပြောတယ်။ အဲဒီမှာတင် စိန်ပေါက်ကို အရင်ဆရာတင်ခဲ့တဲ့သာဝက သူ့နောက်မှ ဆရာတင်ခွင့်ရတဲ့ ဇော်ထွီးဟာ သူ့ထက်ကျော်ပြီး တတ်နေ သိနေရကောင်းလားဆိုပြီး အကြီးအကျယ် 'ဒီဘိတ်' လုပ်တော့တယ်။ ဇော်ထွီးကတော့ ဖရိုင်းမင်းကို အကြော်သည်လို့ မြန်မာမှုပြုလိုက်နိုင်တဲ့အတွက် စမ္ပာနဂိုရ်မှာ (စိန်ပေါက်ကလွဲရင်) သူ့ လောက်တတ်တဲ့ လူတစ်ယောက်မှ မရှိတော့ဘူးဆိုတဲ့ မျက်နှာမျိုးနဲ့ အပေါ်စီးကလေ။

            ကမ္ဘာကြီး ပြားသွားတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ သူကြီး ဦးအောင်ဗလကတော့ 'နားပူ' မခံနိုင်တော့တဲ့အဆုံး 'သွားကြစမ်း၊ သွားကြစမ်း၊ သုသာန်ကျောင်း သွားကြစမ်းကွာ'လို့ သူ့တပည့်တွေကို မောင်းထုတ်လိုက်တော့တယ်။

□

နွေဦးရာသီရဲ့ တစ်ခုသောနေ့ရက်မှာ ဦးပဉ္ဇင်းလေး ဣန္ဒာဝဿရဲ့ ဆွမ်းစားကျောင်းဟာ တအိအိပြိုကျသွားခဲ့တယ်။ အဲဒီနေ့မှာ သာဝကလည်း ငယ်သံ ငယ်ရင်းပါအောင် မအော်ခဲ့ဘူး။ တစ်ရွာလုံးလည်း အထိတ်တလန့် မဖြစ်ခဲ့ဘူး။ ဆွမ်းစားကျောင်းကတော့ မြေပေါ်မှာ အပုံလိုက် ပြိုကျ ပိပြားသွားခဲ့ပြီ။

ဘာလင်တံတိုင်းပြိုသလောက် အုတ်အော်သောင်းတင်း မဖြစ်ခဲ့ဘူး။ ကမ္ဘာကြီး ပြားသွားသလောက် ထိတ်လန့်တကြား မရှိခဲ့ဘူး။ စမ္ပာနဂိုရ်ကို အင်မတန် သံယောဇဉ်ကြီးတဲ့ သူကြီး ဦးအောင်ဗလကတော့ အိုမင်းမစွမ်းဖြစ်လာချိန်ကျမှ ကျောင်းကြီးပြိုသွားခဲ့တာကို စိတ်လက် မချမ်းမသာဖြစ်ပြီး 'မင်းတို့လူငယ်တွေ ကြည့်လုပ်ကြစမ်းပါဦးကွာ' လို့ စိန်ပေါက်၊ မောင်တင့်နဲ့ ဇော်ထွီးတို့အဖွဲ့ကို လွှဲအပ်လိုက်တယ်။

            ပြောရရင် အဲဒီလို လွှဲအပ်လိုက်တဲ့ အကြောင်းတွေ ရှိတယ်။

ဆွမ်းစားကျောင်း ပြိုကျမသွားခင် လေးငါးလောက်ကတည်းက စမ္ပာနဂိုရ်က ကာလသား တော်တော်များများဟာ သုသာန်ကျောင်းက ကပ္ပိယစိန်ပေါက်ရဲ့ အန္တေဝါသိကတပည့်တွေ ဖြစ်သွားခဲ့ တယ်။ စမ္ပာနဂိုရ်ရဲ့ အစဉ်အဆက် တစ်ခါမှ မကြားခဲ့ဖူးတဲ့ စကားလုံးတွေကိုလည်း စမ္ပာနဂိုရ်ကာလသားတွေ ကိုယ်တိုင် လှိုင်လှိုင်ကြီး သုံးစွဲပြောဆိုတတ်နေပြီ။ သူကြီး အောင်ဗလတို့လို လူကြီးပိုင်းက ကြားရတာ နားယားလှပါပြီဆိုတဲ့ သိုးဆောင်းလိုလို၊ ပါဠိလိုလို၊ ပေါရာဏလိုလို၊ မဂဓလိုလို ပဉ္စလက်ဆန်ဆန် စကားလုံးတွေကို သုံးစွဲပြော ဆိုနေကြပြီ။

            ဒီတော့ သူကြီးအောင် ဗလက 'လုပ်ကြည့်စမ်း လကွယ်'ဆိုတဲ့သဘောနဲ့ 'ကြည့်လုပ်စမ်းပါ'လို့ လွှဲ အပ်လိုက်တာလေလား။

            ဘာပဲဖြစ်ဖြစ် ကပ္ပိယ စိန်ပေါက်က သူကြီးပေးတဲ့ အာဏာနဲ့ စမ္ပာနဂိုရ်ရွာသားတွေကို ဆွမ်းစားကျောင်းနေရာမှာ လာရောက်စုရုံးဖို့ ဆင့်ခေါ်လိုက်တယ်။ မောင်တင့်၊ ဇော်ထွီးနဲ့အောင်ဘုတို့ က ရွာဖျားရွာဆုံး လိုက်လံပြီး 'ဗျိုးဟစ်'လိုက်တယ်။ ဟန်ရွှေနဲ့ထွန်းအံ့က မောင်းတဒူဒူ ထုပေးတယ်။

            ဆွမ်းစားကျောင်း ပြန်ဆောက်ဖို့ကိစ္စအတွက် စုရုံးတာပဲလို့သိနေကြတဲ့ စမ္ပာနဂိုရ်ရွာသားတွေက ပေါက်တူးတွေ၊ ဓားတွေ၊ တူရွင်းတွေ ကိုင်စွဲပြီး ဆွမ်းစားကျောင်းဘက် ရောက်လာကြတယ်။

            လူတော်တော်စုံပြီဆိုတာနဲ့ ကပ္ပိယစိန်ပေါက်က ပရိသတ်ရှေ့မှာ မတ်တတ်ရပ်ပြီး ချောင်းဟန့်လိုက်တယ်။ စမ္ပာနဂိုရ်ရွားသားတွေက ဘယ်သူဝါးခုတ်ရမလဲ၊ ဘယ်သူဓနိပျစ်ရမလဲ၊ ဘယ်သူ တိုင်တွင်းတူးရမလဲ ဘာပဲ ဖြစ်ဖြစ် ကပ္ပိယစိန်ပေါက်က တာဝန်ပေးရင်တော့ တို့ဦးပဉ္ဇင်းလေးကျောင်း ပြန်ကောင်းဖို့ကိစ္စ လုပ်ရတော့မှာပဲလို့ မျှော်လင့်နေခဲ့ကြတယ်။ ဒါပေမယ့်...

            'စမ္ပာနဂိုရ်ရွာသားတို့၊ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့ပြီး နှစ်ပေါင်း နှစ်ဆယ်နီးပါးအကြာမှာ ကမ္ဘာကြီးဟာ ပြားသွားပြီဖြစ်တဲ့အတွက် ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်း ပြိုကျသွားခဲ့တာဟာ မဟာပြိုကွဲမှုကြီးလို့ မဆိုနိုင်ပါဘူး'

            ကပ္ပိယစိန်ပေါက်ရဲ့ နိဒါန်းစကား ကြားလိုက်ရတော့ စမ္ပာနဂိုရ်ရွာသားတွေက 'မဟာပြိုကွဲမှုလို့ ဘယ်သူက ပြောလိုက်ပါလိမ့်' ဆိုပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ကြတယ်။ ဒါပေမယ့် ကပ္ပိယ စိန်ပေါက်က အာပေါင် အာရင်းသန်သန်နဲ့ ဆက်ပြောနေတာကို နားထောင်ကောင်းကောင်းနဲ့ ဆက်ပြီး နားထောင် နေကြတယ်။

            ဆွမ်းစားကျောင်း ပြိုသွားတာဟာ မဟာပြိုကွဲမှုကြီးလို့ မဆိုနိုင်ပေမယ့် စမ္ပာနဂိုရ်ရွာသားတွေ အဖို့တော့ 'စိန်ခေါ်မှု' ဖြစ်ကြောင်း၊ ဒါကြောင့် ဆွမ်းစားကျောင်း ပြန်ဆောက်ဖို့ကိစ္စအတွက် 'တက်ကနိုလိုဂျီ' အသစ်၊ 'နည်းဗျူဟာ' အသစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်း သြဝါဒစကား စပြောတယ်။ သူ့စကားကို မောင်တင့်နဲ့ဇော်ထွီးက ထောက်ခံတယ်။ ပြန်ဆောက်ဖို့ကိစ္စကို အိုင်ဒီ ယော်လော်ဂျီသစ်နဲ့ 'ဦးနှောက်မုန်တိုင်းဆင်'နိုင်ဖို့ လိုကြောင်း မောင်တင့်ပြောလိုက်တယ်။ ဟုတ်တယ်၊ ဒီကိစ္စက 'စပိ'မြန်မှ ဖြစ်မယ်လို့ ဇော်ထွီးက ပြောတယ်။ ဇော်ထွီးကို ကြည့်မရတဲ့သာဝက ပရိသတ်ထဲ ကနေထပြီး 'ဟေ့... မင်းတို့ ယဉ်ယဉ်ကျေးကျေးပြောကွာ'လို့ သတိပေးလိုက်တယ်။ အောင်ဘုက ကျောင်းအိုကြီး ပြိုကျသွားတာဟာ 'ကိစ္စကောင်း' မဟုတ်သလို 'ကိစ္စဆိုး' လည်း မဟုတ်ကြောင်း၊ ရွာသားအားလုံးက ပြန်လည်ပြုပြင်တည်ဆောက်ဖို့ 'တိမ်းညွတ်မှု' ရှိတယ်ဆိုရင် စမ္ပာနဂိုရ်ရဲ့ 'ပတိရူပ အနာဂတ်'ကို မုချတွေ့ရဖို့ သေချာလှတဲ့အကြောင်း ပြောတယ်။ ဒါကို စိတ်မရှည်နိုင်တော့တဲ့ ငသောင်းက ထတဲ့ပြီး

            'ဟေ့... အောင်ဘု၊ မင်း သမူဟဖြစ်အောင် သင်္ခေပပြောကွာ။ ငါတို့က ထန်းတဲက ဘိဇနက်ကိုဖျက်ပြီး လာရတာကွ။ ဂလိုဘယ်ခေတ်မှာ နောလိတ်ကို ရှဲလုပ်တယ်ဆိုတာ အက်ပီဖနီ ဖြစ်ဖို့လိုသလို၊ လိုတိုရှင်း ဖြစ်ဖို့လည်း လိုသကွ။ လိုတိုရှင်းစာအုပ်တွေ ရှာဖတ်ကွာ'

            အောင်ဘု ရုတ်တရက်ကြောင်ပြီး မတုံ့ပြန်နိုင်သေးခင် ထွန်းအံ့က ဝင်ထိန်းလိုက်တယ်။

            'မလောကြပါနဲ့ကွာ။ ဒီကိစ္စက ဒိုင်မင်းရှင်းစုံမှ ဂလိုဘယ်ဆပ်ပလိုင်းချိန်းထဲက ကီးပလေယာတွေဟာ ပရောဂျက်အောင်မြင်ဖို့အတွက် မဟာတိမ်းညွတ်မှုနဲ့ ဦးနှောက်ကို ဆွရမှာမဟုတ် လား'

            'ဆွမှာဖြင့် မြန်မြန်ဆွကွာ၊ ငါ့လယ်တဲမှာတော့ ကောက်ဆွတို့ ထွန်ခြစ်တို့ အစုံရှိတယ်။ ဘယ်သူ့ခေါင်း ဘယ်လောက်ရှုပ်ရှုပ် ငါ့ကောက်ဆွနဲ့ ဆွလို့ဖြစ်ရင်လာယူ'

            ဒူးကြီးက ဘုမသိဘမသိ ဝင်ပြောတော့ 'ဒီကောင် ခြောက်ပေါက်ထဲ ရောက်တော့မှာပဲ'လို့ တချို့က စိုးရိမ်သွားတယ်။ ဒါပေမယ့် ထွန်းအံ့ကိုယ်တိုင်လည်း သူ့စကား သူနားလည်ပုံမရဘူး။

            ဒီလို... နဲ့။

            တူရွင်း၊ ဓား၊ ပေါက်တူးစတဲ့ ရရာလက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တစ်နေ့ တစ်နေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမ စကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန်ခန်းလာခဲ့တယ်။ ညနေ၊ နေဝင်ရီတရောဆိုရင် မူးမူးဝေဝေနဲ့ အိမ်ပြန်လာခဲ့တယ်။ နေ့တွေ ရက်တွေ ကုန်လွန်ခဲ့ပေမယ့်လည်း ဝါးတစ်လုံး မခုတ်ရသေးဘူး။ ဓနိ တစ်ရွက်မပျစ်ရသေးဘူး။ တိုင်တွင်းတစ်တွင်း မတူးရသေးဘူး။ နှီးတစ်စိတ် မဖြာရသေးဘူး။ တစ်နေ့ထက် တစ်နေ့ သူတို့အသက်တွေ ကြီးရင့်လာခဲ့ပေမယ့် ဆွမ်းစားကျောင်း ပြန်ဆောက်ဖို့ အလုပ်မစနိုင်သေးဘူး။

            'စကားလုံး'တွေနဲ့ ဆောက်လို့ရနိုင်မှတော့၊ ဦးပဉ္ဇင်းလေးရဲ့ ဆွမ်းစားကျောင်းဟာ ဝေဇယန္တာနန်း ပြဿဒ်လောက် ဖြစ်ရောပေါ့။ ခုလို အပြားလိုက်ကြီး ပုံပြီး ဘယ်ဇာတ်မျောနေတော့မလဲ။

▀

မောင်ရင့်မာ၊ကျောင်းကုန်း၊

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

           

 


Related Articles

ရွှေဝတ္ထု
...
ခုနစ်ရွက်တစ္ဆေ
ဒေါင်းနေမင်း

အဖေ မသင်ဘဲ ကကြီးခကွေးနှင့် ကဗျာတွေ ရွတ်ဆိုတတ်လာသည် အဖေမညွှန်ဘဲ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို နှစ်သက်တတ်လာသည် အဖေမပါဘဲ စင်မြင့်ထက်မှ ဘွဲ့လက်မှတ်တစ်စောင်ကို တက်ယူခဲ့သည် ထိုမျှလောက်ထိ အဖေနှင့် ကျွန်တော် အ...

ရွှေဝတ္ထု
...
ဖွားတော်မူခြင်း
မာန်၊တောင်လုံးပြန်၊

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စကားဆိုသည် ရှေးလူကြီးများ ငါလိုလူအတွက် စပ်ဟပ်သီ ကုံးခဲ့လေသည်ဟု ကိုဖိုးမှန် ထင်သည်။ ထိုအထင်သည် ဒုက္ခတရားကို လျှို့ဝှက်သယ် ဆောင်တတ်မှန်း ကိုဖိုးမှန် မသိသေး။

ရွှေဝတ္ထု
...
ပင်လယ်များ၏ ဆင်စွယ်နန်း‌တော်
နတ်မှူး

ခင်ဗျားဟာ တမင်တကာဖြစ်စေ လမ်းကြုံလို့ဖြစ်စေ ရိုတွန်းကဖီးဆိုင်ထဲ ဝင်လာပြီး နောက်ဘက် ခန်းကလေးထဲကို လှမ်းကြည့်မိရင် တအံ့တသြ ပြုံးရင်လည်း ပြုံးမိလိမ့်မယ် ဒါမှမဟုတ် အလန့်တကြား ပြန်လှည့်သွားမိကောင်း သွားမိလိ...