ရွှေဝတ္ထု

ပင်လယ်များ၏ ဆင်စွယ်နန်း‌တော်

နတ်မှူး

01 November 2026
ပင်လယ်များ၏ ဆင်စွယ်နန်း‌တော်
Share to

            ထိုနေ့မှာ စနေနေ့များထဲမှ တစ်ရက်ရက် ဖြစ်သည်ကိုတော့ ကျွန်တော် သေချာ မှတ်မိနေပါသည်။ အကြောင်းမှာ ကျွန်တော်တို့ မဇ္ဈိမအလင်း စာပေဝိုင်းသားများ တစ်ပတ်တစ်ခါ စနေနေ့တိုင်း သံကန်ကြီး လက်ဖက်ရည်ဆိုင်တွင် ဆုံတွေ့ပြီး ကဗျာ၊ ဝတ္ထုဖတ်ပွဲလေး ကျင်းပလေ့ရှိသောကြောင့် ဖြစ်သည်။ နေမွန်းတည့်ချိန်ဖြစ်၍ ပူလွန်းသောကြောင့် ကျွန်တော်က လိမ္မော်ရည် အအေးတစ်ပုလင်းမှာ သောက်နေလိုက်သည်။ မောင်ခင်မှိုင်း(ချောက်)၊ ဖေတင်ညွန့် စသော ကဗျာဆရာများမှာမူ လက်ဖက်ရည်အိုးများဖြစ်၍ ထုံးစံအတိုင်း ချိုပေါ့ကျနေကြသည်။ ထိုစဉ်က အငှားကားတစ်စီး ဆိုင်ရှေ့ထိုးရပ်ပြီး ကားပေါ်မှ ခရီးသွားဖြစ်ပုံရသည့် နိုင်ငံခြားသားတစ်ယောက် ဆင်းလာသည်။ သူသည် ခပ်ဝဝ ဖြစ်၍ ပြုံးရွှင်တက်ကြွသော မျက်နှာပေးရှိသည်။ ဘောင်းဘီရှည်၊ အင်္ကျီခါးတို လက်ပြတ်ဝတ်ထားပြီး လည်ပင်းမှာ ကင်မရာချိတ်ဆွဲထားသည်။ သူက ကျွန်တော်တို့နှင့်ကပ်လျက် စားပွဲမှာ နေရာယူလိုက်ပြီး စားပွဲထိုးကောင်လေးကို ကော်ဖီတစ်ခွက်မှာ လိုက်သည်။ ဘောင်းဘီတိုဝတ်၍ ခါးတွင် စားပွဲသုတ်ရန် ပဝါရှည်တစ်ထည် ထိုးထည့်ထားသော စားပွဲထိုးကလေးများကို ကြည့်ပြီး သူက အံ့သြနေသည်။

            'တဆိတ်ဗျာ' သူက အနီးဆုံးဖြစ်သော ကျွန်တော့်ကို အင်္ဂလိပ်လို စကားစလိုက်သည်။

            ကျွန်တော်က 'ခင်ဗျား အင်္ဂလိပ်လူမျိုးလား'ဟု ပြန်မေးရာ သူက ခေါင်းရမ်းပြီး 'ပြင်သစ်'ဟု ပြန်ဖြေသည်။ သံကန်ကြီး လက်ဖက်ရည်ဆိုင်၏ အနေအထားကို အသေးစိတ်လေ့လာပြီး ဟိုးနောက်ဖေးခန်းမှာ ရှိသည့် တီဗွီဂိမ်းကစားသူများ၊ လက်ဖက်ရည်လာသောက်သူများ၊ စားပွဲထိုးလေးများကို ဓာတ်ပုံရိုက်ယူနေသည်။ နောက်သူက လာချသော ကော်ဖီကို ဇွန်းနှင့်မွှေပြီး ဖြည်းဖြည်းချင်း ဇိမ်ခံသောက်နေသည်။ ပြီးမှ...

            'မြန်မာနိုင်ငံက ကဖီးဆိုင်လေးတွေက တော်တော်ချစ်စရာ ကောင်းသားဗျ'ဟု စကားစလာရာ ကျွန်တော်က ကျွန်တော်တို့ ဝိုင်းကို ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူက သူ့ကိုယ်သူ မွန်ဆီယာ လီဗီယွန်ဟု မိတ်ဆက်သည်။ ကျွန်တော်တို့က စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ကြောင်း (စိတ်ထဲက မလုံမလဲ) ပြောပြသောအခါ သူ့မျက်လုံးများမှာ လင်းလက်တောက်ပလာသည်။ 'တွေ့ရတာ ဝမ်းသာ တယ်ဗျာ' ဟု အားလုံးကို လက်ဆွဲနှုတ်ဆက်သည်။

            'ကျွန်တော်က စာရေးဆရာတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ဖူးတယ်။ ရင်းနှီးဆို တစ်ချိန်က ကျွန်တော်လည်း အနုပညာသည်တွေ လာသောက်တဲ့ ကဖီးဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ'

            'သြော်... ဒါကြောင့် မစ္စတာလီဗီယွန်က ဒီလက်ဖက်ရည်ဆိုင်လေးကို စိတ်ဝင်စားတာကိုး'

            'ဟုတ်တယ်ဗျ၊ ဟိုတုန်းက ကျွန်တော့်မှာ ဒီလိုလက်ဖက်ရည်ဆိုင် သေးသေးလေး ရှိခဲ့ဖူးတယ်။ နာမည်က ရိုတွန်းကဖီးတဲ့'

            'ရိုတွန်းကဖီး'

            ကျွန်တော်တို့ အားလုံး မျက်လုံးပြူးသွားသည်။

            'ရုရှားစာရေးဆရာ အီလျာအာရင်ဘာ့ခ်က ဆင်စွယ်နန်းတော်လို့ တင်စားခဲ့တဲ့ ရိုတွန်းကဖီးလားဗျာ'

            ကျွန်တော့်နှုတ်မှ ထွက်ကျလာသော စကားများကို သူက မယုံနိုင်အောင် ဖြစ်နေသည်။ ပြီးမှ ဂုဏ်ယူဝမ်းမြောက်သော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးများက ရီဝေနေပြီး အတွေးများကလည်း အတိတ်ကာလ တစ်ခုဆီသို့ ရောက်နေဟန် ရှိသည်။ ပြီးမှ...

            'ကျွန်တော်ဟာ ကဖီးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး စီးပွားရှာခဲ့တယ်။ ရိုတွန်းကဖီးတဲ့။ ပါရီက ရာပေါင်းများစွာထဲက ကဖီးဆိုင်တွေနဲ့အတူတူပါပဲ။ သံဖြူအပြား အုပ်ထားတဲ့ ကောင်တာရဲ့ အတွင်းဘက်မှာ ကျွန်တော်က ထိုင်နေမယ်။ မြင်းရထားသမားတွေ၊ တက္ကစီဒရိုင်ဘာတွေက ကောင်တာတစ်ဖက်မှာ ကော်ဖီမှာသောက်ဖို့ ရပ်နေကြမယ်။ စာရေးစာချီတွေက စားပွဲဝိုင်းတွေမှာ ကော်ဖီနဲ့ စားမြိန်အရက်ချိုကို သောက်နေကြမယ်။ ဒီဆိုင်လေးလိုပါပဲ။ ဆိုင်နောက်ဘက်မှာ မည်းမှောင်နေတဲ့ အခန်းလေးတစ်ခန်း ရှိတယ်။ အမြဲလိုလို ဆိုင်ကထွက်တဲ့ မီးခိုးနံ့နဲ့ မွှန်ထူနေတာပဲ။ အဲဒီမှာ စားပွဲဆယ်လုံး၊ ဆယ်နှစ်လုံးလောက် ခင်းထားတယ်။ တကယ်လို့ ခင်ဗျားဟာ တမင်တကာဖြစ်စေ၊ လမ်းကြုံလို့ဖြစ်စေ ရိုတွန်းကဖီးဆိုင်ထဲ ဝင်လာပြီးနောက် ဘက်ခန်းကလေးထဲကို လှမ်းကြည့်မိရင် တအံ့တသြ ပြုံးရင်လည်း ပြုံးမိလိမ့်မယ်။ ဒါမှမဟုတ် အလန့်တကြား ပြန်လှည့်သွားမိကောင်း သွားမိလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခန်းထဲမှာ တွေ့ရတဲ့ လူသိုက်က တော်တော် ထူးဆန်းတဲ့ လူသိုက်မို့လို့ပဲ။ အစစအရာရာ ကြုံတွေ့ဖူးပြီး တော်တော်တန်တန် အဆန်း မလုပ်တော့တဲ့ ပါရီမြို့သူမြို့သားတွေ အမြင်မှာတောင် ဒီလူတွေဟာ လူထူးလူဆန်းတွေ ဖြစ်နေတယ်'

            'ဘယ်လိုလူတွေလဲဗျာ'

            'ဘယ်လိုလူတွေ ရှိရမလဲ။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေပေါ့။ နေဦး... ကျွန်တော် မှတ်မိသလောက် ပြောရရင် ပြင်သစ်ကဗျာဆရာတွေထဲက အယ်ပိုလိုနဲယား၊ ဂျက်ကော့၊ စင်ဒရာ၊ ကော့တိုး၊ ဆယ်လမွန်၊ ပြင်သစ်ပန်းချီဆရာတွေထဲက လေဂါ၊ ဗလားမင့်၊ လိုတီ၊ မက်ဇင်းဂါး၊ လီဇီ၊ ကားနော့၊ ရမ်ဆေး၊ ရှန်တယ်နဲ့ ဝေဖန်ရေးဆရာဖော်ရေ။

            'စပိန်ပန်းချီဆရာတွေထဲက ပီကာဆို၊ ဂရီး၊ ဗလင်းဟတ်၊ အီတလီပန်းချီဆရာတွေထဲက မိုဒီဂလျာနီ၊ ဆီဗီရီနီ၊ မက္ကဆီကို ပန်းချီဆရာတွေထဲက ဒိုင်ယာဂိုရီဗီးရား၊ ဆာရာဂါး၊ ရုရှားစာရေးဆရာ တွေထဲက မာယာကော့စကီ၊ အယ်လက္ကဇီတော်စတွိုင်း၊ အီလျာအာရင်ဘာ့ခ်၊ ပီရက်မားကစ်၊ နောက် ရုရှားပန်းချီ ဆရာတွေထဲက ရှာဂဲ၊ ဆိုတိန်း၊ လာရီယိုနော့၊ ဂျွန်ချာနိုးဗား၊ ပန်းပုဆရာတွေထဲက အာချီပင်ကို၊ ဇက်ကီနီ၊ အော်လီဗာ။

            'ပိုလန် ပန်းချီဆရာတွေထဲက ဒါနီကိုဝါးစကီး၊ လီပချစ်။

            'ဂျပန် ပန်းချီဆရာတွေထဲက ဖူဂျီရာ၊ ကာဝါရှီးမား၊ နော်ဝေပန်းချီဆရာတွေထဲက ခရော့၊ ဒိန်းမတ်ပန်းချီဆရာထဲက ဂျက်ဟာဆန်၊ ဖန်ရှား၊ ဘူလ်ဂေးရီးယန်း ပန်းချီဆရာတွေထဲက ပါချင်း၊ အနုပညာရှင်တွေ အားကြီးပါပဲ။ တော်တော်များများကို ကျွန်တော် မေ့နေတယ်။ အခု ရေတွက်ပြတာတွေဟာ ကဖီးကို တကယ်လာသူတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိမယ်'

            'လူမျိုးတော်တော်စုံပါလား'

            'ဟုတ်တယ်၊ အဲဒီတုန်းက ကမ္ဘာလောကကြီးရဲ့ လူ့အဖွဲ့အစည်းကို မကျေနပ်တဲ့လူတွေ ဒီမှာလာပြီး စုမိကြတာ။ လူမျိုးစုံ ရောယှက်နေတယ်။ အားလုံးဟာ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားပြီး ဆာလောင်ငတ်မွတ်နေတယ်။ ကမ္ဘာလောကကြီး အရိုးအဆစ်တွေ ပြုတ်ထွက်နေပြီလို့ အမြင်ချင်းတူတဲ့ လူတွေလာပြီး ဆုံစည်းကြတာပဲ။ သူတို့ရင်ထဲမှာ စစ်မှန်တဲ့ အနုပညာသစ်ကို ဖန်တီးလိုတဲ့ ဆန္ဒတွေ အခိုင်အမာ ရှိကြတယ်'

            သူက ကော်ဖီကို မော့သောက်ပြီး လက်စသတ်လိုက်သည်။ ပြီးမှ...

            'ရိုတွန်းကဖီးထဲကို ခင်ဗျားဝင်လိုက်ရင် နိုင်ငံတကာ လူမျိုးစုံပြပွဲနဲ့ နိုင်ငံတကာ ကွန်ဂရက်တစ်ခုလို မြင်ကွင်းမျိုးကို တွေ့ရမယ်။ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်က အမျိုးမျိုးပဲ။ ဥပမာ မိုဒီဂလျာနီ ဘယ်လိုဝတ်စားထားတယ်ဆိုတာ အခုအချိန်မှာ မှန်းဆရခက်တယ်။ အဲဒီတုန်းက သူဟာ အခြေအနေကောင်းရင် ကတ္တီပါ ခပ်ပါးပါးအင်္ကျီ ဝတ်ထားပြီး လည်ပင်းမှာ လည်စည်းအနီကလေးကို စည်းထားတတ်တယ်။ ဘိုင်ကပြတ်၊ အရက်က မူးနေပြီဆိုရင် အရောင်တောက်တောက်ပပ၊ အစုတ်အပြဲတွေ ဝတ်လေ့ရှိတယ်။ ဂျပန် ပန်းချီဆရာ ဖူဂျီရာက ဂျပန်အင်္ကျီ ကိုးရိုးကားယားကြီးဝတ်ပြီး လမ်းလျှောက်နေတတ်တယ်။ မက္ကဆီကန် ပန်းချီဆရာ ဒိုင်ယာဂို ရီဗီးယားက မက္ကဆီကန် တုတ်ကောက်ကြီး ကိုင်ထားတယ်။ သူ့မိတ်ဆွေ ပန်းချီဆရာမ မာရက်နာက အဝတ်အစား တောက်တောက်ပပတွေ ဝတ်ပြီး စကားကို အသံစူးစူး ကျယ်ကျယ်လောင်လောင် ပြောတတ်တယ်။ ပြင်သစ်ကဗျာဆရာ ဂျက်ကော့က မနက်ခင်းပေမယ့် ညနေခင်းဝတ်စုံကို ဝတ်လာတတ်တယ်။ တစ်ဖက်တပ် မျက်မှန်ကလေး နားတစ်ဖက်မှာ အမြဲချိတ်ပြီး ခေါင်းမှာ ငှက်တောင်တွေ စိုက်ထားတဲ့ အိန္ဒိယလူမျိုး ပန်းချီဆရာက သူ့ပန်းချီကားတွေကို လူမြင်သမျှ လိုက်ပြတတ်တယ်။ နောက် လူမည်းပန်းချီဆရာမ အိုင်ရှာက မည်းမှောင်လှိုင်းထနေတဲ့ ဆံပင်တွေရှိတဲ့ခေါင်းကို နောက်လှန်ပြီး ခွက်ထိုးခွက်လန် ရယ်နေတတ်တယ်။ မှောင်ရီရီထဲမှာ ဖြူဖွေးတဲ့ သူ့သွားတွေဟာ တလက်လက် တောက်ပနေတယ်။ ပန်းပုဆရာ ဇက်ကီနီက ပွယောင်းယောင်း ဝတ်ရုံကြီးကို ဝတ်ထားပြီး သူနဲ့အတူ ခန္ဓာကိုယ်ကြီးခိုင်လှတဲ့ ဒိန်းမတ်ပန်းပုဆရာ ပါလာတတ်တယ်။ ဒီဒိန်းမတ်လူမျိုးက စိတ်တိုတဲ့နေရာမှာ နာမည်ကြီးပဲ။ နောက် ပန်းချီကိုယ်ဟန်ပြမယ် မားဂေါ့က အကျင့်ပါပြီး ရိုတွန်းကဖီးကို ရောက်တာနဲ့ ကိုယ်ဟန်ပြဖို့ အဝတ်အစားတွေ ချွတ်လား ချွတ်တတ်ရဲ့။ ပန်းချီဆရာ ကာမင်နီနဲ့ ဆိုတိန်းတို့ဟာ အမြဲလိုလို ချောင်ကလေးတစ်ချောင်မှာ ထိုင်တတ်ကြတယ်။ ဆိုတိန်းကြည့်ရတာ အိပ်ရာက ထလာပုံမျိုး အမြဲလိုလို ကြောက်လန့်နေတယ်။ ထမင်းငတ်လို့နဲ့ တူတယ်။ အမဲလိုက်ခံနေရတဲ့ တိရစ္ဆာန် တစ်ကောင်လို တုန်လှုပ်နေတယ်။ သူ့ကို ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်ကြဘူး။ တစ်နေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ ပြတိုက်ကြီးတွေက ဒီပါးလျားပိန်ချုံးနေတဲ့ ပန်းချီဆရာရဲ့ ပန်းချီကားတွေကို အငမ်းမရ လိုက်လံ စုဆောင်းနေကြမယ်လို့ အဲဒီတုန်းက ဘယ်သူမှ မစဉ်းစားမိဘူး'

            လီဗီယွန်က စီးကရက် တစ်လိပ်ကို ဘူးထဲမှထုတ်၍ ပါးစပ်မှာ တပ်လိုက်သည်။ စားပွဲထိုးကောင်လေးက ဂက်စ်မီးခြစ်ကို ခြစ်ပေးလိုက်ရာ သူက မီးတောက်မှာ ဆေးလိပ်ကို မီးညှိနေသည်။ မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး..

            'ကဗျာဆရာ အယ်ပိုလိုနဲယားနဲ့ ပန်းချီဆရာ ပီကာဆိုတို့ဟာ စားပွဲလေးတစ်လုံးမှာ အမြဲထိုင်နေတတ်တယ်။ နောက် ထောင့်တစ်နေရာက စားပွဲမှာ ပန်းချီဆရာ မိုဒီဂလျာနီက ထိုင်ပြီး ကဖီးဆိုင်လာတဲ့ လူတွေကို ပုံတူဆွဲပေးလေ့ရှိတယ်။ ပုံတူ အဆွဲခံရတဲ့လူက ဘရန်ဒီ တစ်ခွက် ပြန်တိုက်ရတယ်။ တစ်ခါတလေတော့လည်း မိုဒီဂလျာနီရဲ့ ပန်းချီကားတွေကို မဝယ်ချင်ဘဲနဲ့ ကျွန်တော် ဝယ်လိုက်ရတဲ့ အချိန်တွေ ရှိတယ်'

            'ဘယ်လို အချိန်မျိုးလဲ'

            သူက ပြုံးလိုက်ပြီး...

            'သူ့စားပွဲပေါ်မှာ ပန်းကန်ပြားတွေ တစ်ချပ်ပြီး တစ်ချပ်ပုံနေပြီး ပေးစရာ ပိုက်ဆံတစ်ပြားမှမရှိတဲ့ အချိန်မျိုးတွေပေါ့။ ဒီပန်းချီကားတွေ မယူရင် ကျွန်တော့်ဆိုင် အရင်းပြုတ်တော့မှာကိုး'

            ကျွန်တော်တို့ပါ ရောယောင် ပြုံးလိုက်ကြသည်။

            'တစ်ခါတစ်ရံတော့လည်း ကဗျာဆရာ၊ ပန်းချီဆရာတွေကို ကိုယ့်အိတ်ထဲက ငွေစိုက်ပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်။ ခင်ဗျား သိတဲ့အတိုင်း အနုပညာသမား အများစုက ရူးကြောင်မူးကြောင်လူတွေပဲ။ ချောင်ပိတ်မိနေတဲ့ အခါမျိုးတွေရှိတယ်။ သူတို့ပုံစံကြည့်လို့ အကဲမရရင် 'သွားသွား... မိန်းမတစ်ယောက်နဲ့ သွားအိပ်ချည်စမ်း။ ခင်ဗျားမျက်လုံးကြည့်ရတာ ဂဏှာမငြိမ်ဘူး။ အရူး မျက်လုံးလို ဖြစ်နေပြီဆိုပြီး ငွေငါးကျပ်လောက် ထုတ်ပေးလိုက်ရတယ်'

            'မိန်းမတစ်ယောက်နဲ့အိပ်ရင် ငွေငါးကျပ် ဟုတ်လား'

            'ဟုတ်တယ်လေဗျာ။ ဘာလဲ ဈေးကြီးနေလို့လား'

            ကျွန်တော်က ရယ်လိုက်ပြီး...

            'မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့အားလုံး ပါရီကို လာလည်ချင်လို့ပါ'

            သူက သဘောပေါက်စွာ ပြုံးလိုက်ပြီး...

            'လာခဲ့လေဗျာ။ ပြင်သစ်သူလေးတွေက ချောတယ်ဗျ'

            သူက စီးကရက်ကို တစ်ရှိုက်ဖွာပြီးနောက် စကား ဆက်ပြန်သည်။

            'တစ်ခါတုန်းကလည်း ပန်းချီဆရာမ မြန်လီနာက သူ့ကလေး ခဏကြည့်ထားပါဆိုပြီး လမ်းတစ်ဖက်ကို စီးကရက်အဝယ် ထွက်သွားတယ်။ နာရီဝက်၊ တစ်နာရီ ကြာသွားတာတောင် ကလေး အမေက ပြန်မလာဘူး။ ငိုနေတဲ့ ကလေးကို ကျွန်တော့်အိမ် ခေါ်သွားပြီး အဘွားကြီးတစ်ယောက်ကို ထိန်းခိုင်းထားရတယ်။ အနုပညာသမားတွေ မခက်လားဗျာ။ ကလေးတော့ မွေးတတ်တယ်။ ထိန်းကျ မထိန်းတတ်ဘူး'

            'ဒါဆို မစ္စတာလီဗီယွန်က ရိုတွန်းကဖီးမှာ မနေဘူးပေါ့'

            'ဟုတ်တယ်၊ ကျွန်တော်က ရိုတွန်းကဖီးနဲ့ ကပ်လျက် အိမ်မှာနေတယ်'

            'နာမည်ကြီး ပန်းချီဆရာတွေ ဖြစ်တဲ့ ပီကာဆို၊ မိုဒီဂလျာနီ၊ ဆိုတိန်းတို့ ပန်းချီကားတွေ အိမ်မှာ အများကြီး ချိတ်ဆွဲထားမှာပေါ့'

            သူက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး...

            'ကျွန်တော်က အနုပညာကို နားလည်တဲ့အကောင်မဟုတ်ဘူး။ သူတို့ ပန်းချီကားတွေကို တန်ဖိုးထားရကောင်းမှန်းလည်း မသိဘူး။ နောက် ကျွန်တော်က ကိုယ်နားမလည်တဲ့ ဒီလို ဆန်းဆန်းပြားပြား ပန်းချီတွေထက် သဘာဝရှုမျှော်ခင်းတွေကို ပိုကြိုက်တယ်။ တချို့ လူတွေက ရိုတွန်းကဖီးကိုလာပြီး မထင်မရှား ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို ဈေးပေါပေါနဲ့ အချောင်နှိုက် ကြတယ်။ နောက် အနှစ် နှစ်ဆယ်လောက်ကျရင် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလိုက်မယ်ပေါ့။ ကျွန်တော်က ဒီလို ထီထိုးသလိုမျိုး လောင်းကစားလုပ်ရတာကို ဝါသနာ မပါဘူး။ ခင်ဗျားတို့လည်း သိတဲ့အတိုင်း ပန်းချီဆရာ တစ်ထောင်မှာ တစ်ယောက်လောက်သာ အောင်မြင်တဲ့ နာမည်ကြီး ပန်းချီဆရာ ဖြစ်လာတတ်တာ မဟုတ်လား။ နောက် ကျွန်တော် ချစ်တာက သူတို့ရဲ့ ပန်းချီလက်ရာတွေ မဟုတ်ဘူး။ လူတွေကို ခင်တာ'

            ကျွန်တော်က ရိုးသားသော ကဖီးဆိုင်ပိုင်ရှင် တစ်ယောက်၏ ရင်ထဲမှာရှိသော မေတ္တာတရားကို ခန့်မှန်းမိလိုက်သည်။

            'ရိုတွန်းကဖီးရဲ့ ဘဝဟာ ငြီးငွေ့စရာကောင်းတဲ့ အခါတွေရှိသလို ရက်ပေါင်းများစွာ ပြောဆိုရမယ့်အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်။ ညချမ်းအချိန်တွေမှာ ကဖီးဆိုင်ရဲ့ နောက်ဖေးအခန်း ကလေးဟာလူတွေ၊ အသံဗလံတွေနဲ့ ပြည့်နေတယ်။ ကဗျာတွေ ရွတ်ကြတယ်။ ပန်းချီအကြောင်းတွေ ငြင်းခုံကြတယ်။ ငွေငါးကျပ်လောက် ချေးငှားရနိုင်မယ့် နေရာအကြောင်းကို မေးမြန်းကြတယ်။ ရန်ဖြစ်ပြီး ပြန်ခေါ်ကြတယ်။ တစ်ယောက်ယောက် မူးပြီး ဆိုင်အပြင် ဆွဲအထုတ်ခံရတတ်တယ်။ ရဲစည်းကမ်း သတ်မှတ်ချက်က ညနာရီပြန်နှစ်ချက်မှာ ပိတ်ပြီး မနက်သုံးနာရီမှ ပြန်ဖွင့်ရတယ်။ ဒီလူတွေက နှင်ထုတ်လည်း သွားမယ့်လူတွေ မဟုတ်ဘူး။ ဒီတော့ ဆိုင်ပိတ်ချိန် တစ်နာရီလေးကို ဆူပူ သောင်းကျန်းမှု မလုပ်ဘဲ ငြိမ်ငြိမ်သက်သက်နေကြဖို့ သတိပေးရတယ်'

            'ရိုတွန်းကဖီးရဲ့ မမေ့နိုင်စရာ အဖြစ်အပျက်ကလေးတွေကို ပြောပြစမ်းပါဦး'

            ကဗျာဆရာ ကိုခင်မှိုင်းက မစ္စတာလီဗီယွန်ကို မေးလိုက်သည်။ လီဗီယွန်က...

            'ရိုတွန်းကဖီးမှာ တစ်ခါက လူနှစ်ယောက် သေနတ်နဲ့ ချိန်ပြီး ရန်သတ်ခဲ့ဖူးတယ်။ ကိုင်လင်းနဲ့ဂေးပေါ့။ သတင်းစာတွေထဲမှာ ပါလာပြီး ဟိုးလေးတကျော် ဖြစ်ကုန်တယ်။ နောက် ရိုတွန်းကဖီးကို နိုင်ငံခြားသားတွေ လာလေ့ရှိတယ်။ အထူးသဖြင့် ဆွီဒင်လူမျိုးတွေပေါ့။ တစ်နေ့မှာ ဆွီဒင်ပန်းချီဆရာတစ်ယောက် လာအရက်သောက်တယ်'

            'ရိုတွန်းက အရက်လည်း ရတယ်ပေါ့'

            'ဟုတ်တယ်၊ ဒါပေမယ့် ရိုတွန်းက အရက်ဆိုင်မဟုတ်ဘူး။ ကဖီးဆိုင်ပဲ။ ဒါပေမယ့် သိတဲ့အတိုင်း စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေက အရက် သိပ်ကြိုက်တာ။ ဒီတော့ သူတို့အတွက် အရက်ပါ တင်ရောင်းရတယ်။ အဲ... ခုန ဆွီဒင်ပန်းချီဆရာက တစ်ခါမှာရင် ဘရန်ဒီနှစ်ခွက် မှာတာ။ တဖြည်းဖြည်းနဲ့ သူ့ဘေးမှာ ဖန်ခွက်တွေ ပုံလာတယ်။ အရက်တွေ တစ်ခွက်ပြီးတစ်ခွက် ခွက်ပေါင်းများ စွာ သောက်နေပေမယ့် သူက သတင်းစာ အဖတ်မပျက်ဘူး။ ဆွီဒင်သတင်းစာကို သဲသဲမဲမဲ ဖတ်နေတယ်။ သတင်းစာကွယ်ထားတော့ သူ့မျက်နှာကို မမြင်ရဘူး။ နောက် သတင်းစာက လက်ကနေ ကြမ်းပေါ် လွတ်ကျသွားတယ်။ သူက သတင်းစာဖတ်ရင်း ထိုင်လျက် သေနေတာကိုး။ ဒါနဲ့ ရဲတွေ ရောက်လာတယ်။ အမှုမဖြစ်အောင် ရဲတွေကို ပိုက်ဆံပေးရတယ်။ အလောင်းကိုတော့ ကျွန်တော်ကပဲ အကုန်အကျခံ သင်္ဂြိုဟ်လိုက်ရတယ်'

            သေအောင် သောက်သွားသော ပန်းချီဆရာကို ကျွန်တော်တို့အားလုံး အံ့သြနေမိသည်။

            'တစ်ခါတုန်းကလည်း စပိန်ပန်းချီဆရာတစ်ယောက်က အရက်မူးပြီး ဆိုင်ထဲမှာ ရမ်းနေတယ်။ သူက ဒေါသတကြီးနဲ့ ကျောက်ဖြူသား အုပ်ထားတဲ့ စားပွဲကြီးကို ကောက်ကိုင်ပြီး လူတွေကို ရိုက်သတ်မယ်လို့ အော်ဟစ်နေတယ်။ လူ့ဘဝကြီးမှာ နေရတာ စိတ်ညစ်ပြီး လူသတ်ချင်တယ်လို့ တတွတ်တွတ် ရေရွတ်နေတယ်။ ကျွန်တော်တို့က ဝိုင်းဖျောင်းဖျတော့မှ သူက စားပွဲကြီးကို အောက်ချပြီး ရယ်ရယ်ပြုံးပြုံးနဲ့ ကိုင်း... ဒုတိယဘဝအတွက် အရက်သောက်ကြဦးစို့ဆိုပြီး အရက်ဆက်သောက်တယ်'

            မစ္စတာ လီဗီယွန်က ရိုတွန်းကဖီးဆိုင်က အဖြစ်ဟောင်းများဆီ နစ်မျော၍ နေသည်။ ကျွန်တော်တို့အထဲမှ ပန်းချီဝင်းရွှေမိုးက 'ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုအကြောင်းကို ပြောပြစမ်းပါ'ဟု တောင်းဆိုသည်။ လီဗီယွန်က...

            'ပီကာဆိုက စပိန်ပန်းချီ ဆရာတစ်ယောက်ပါ။ အဲဒီတုန်းက သူတစ်ယောက်ပဲ နာမည်ထွက်စ ရှိသေးတယ်။ ပထမ မွန်မာ့ရပ်ကွက်မှာ နေတယ်။ နောက် မွန်ပါနာဆေရပ်ကွက် ပြောင်းလာပြီး ရိုတွန်းကဖီးနားမှာ ပန်းချီ စတူဒီယိုတစ်ခု ငှားထားတယ်။ အရက်သိပ်မသောက်ဘူး။ လူငယ်တစ်ယောက်နဲ့တူပြီး အလွန်အကျီစားသန်တယ်။ တစ်နေ့တော့ ပီကာဆိုနဲ့ ရီဗီးရားတို့ ရိုတွန်းကဖီးကို ပေါက်ချလာပြီး သူတို့ နှစ်ယောက် ညက ကဗျာဆရာ အယ်ပိုလိုနဲယားရဲ့ အိမ်ရှေ့မှာ သီချင်းတွေ အော်ဆိုခဲ့ကြောင်း ပြောပြတယ်။ သူတို့ဆိုတဲ့ သီချင်းက 'အယ်ပိုလိုနဲယားရဲ့အမေ'လို့ သာမန် အနက်ထွက်ပေမယ့် ပြင်သစ်လိုကျ မကောင်းတဲ့အဓိပ္ပာယ်ကိုး။ သူတို့နှစ်ယောက် ကဖီး ဆိုင်ထဲမှာ ဒီအကြောင်းကို ပြောပြီး တဟားဟား ရယ်နေကြတယ်။ ကဗျာဆရာ အယ်ပိုလိုနဲယားကလည်း အလွန်ပြောင်တတ်၊ နောက်တတ်သူ တစ်ယောက်ပဲ။ သူက ရိုတွန်းကဖီးကို ရောက်လာတယ်။ နောက် မြွေ၊ သစ်တော်သီးနဲ့ ပီကာဆိုတို့အကြောင်း လျှို့ဝှက်သည်းဖို ပြဇာတ်တစ်ပုဒ်ရေးဖို့ ပြောတယ်။ ပီကာဆိုက အလွန်အယူသီးတဲ့ စပိန်လူမျိုး တစ်ယောက်၊ မြွေဆိုတဲ့စကားကို မကြားရဲသူကိုးဗျ။ ဟား ဟား'

            လီဗီယွန်က သဘောတကျ ရယ်မောနေသည်။ နောက်မှ...

            'ရိုတွန်းကဖီးဟာ စိတ်ချမ်းသာမှု ပျောက်ဆုံးနေသူတွေရဲ့ ခိုလှုံရာဖြစ်တယ်။ သတင်းထောက်တွေက ရိုတွန်းကဖီးကိုလာပြီး ပန်းချီ ဆရာ၊ ကဗျာဆရာတွေရဲ့ အကြောင်းကို လေ့လာကြတယ်။ ဒါပေမယ့် သူတို့က ပန်းချီဆရာ၊ ကဗျာဆရာတွေ ပြောတဲ့စကားကို နားမလည်ဘူး။ ဒါကြောင့် ရိုတွန်းကဖီးမှာ ရန်ဖြစ်ကြပုံ၊ အရက်သောက်ကြပုံ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြပုံ တွေပဲ ရေးကြတယ်။ ဒီလိုနဲ့ ရိုတွန်းကဖီးဟာ နာမည်ပျက်ခဲ့ရတယ်။ နောက် ကျွန်တော့် စိတ်အထိခိုက်ရဆုံး အဖြစ်ကလေးကို ပြောပြမယ်။ တစ်နေ့တော့ ပန်းချီဆရာ မိုဒီဂလျာနီရဲ့အစ်ကို အီတလီ ဆိုရှယ်လစ် လွှတ်တော်အမတ် မိုဒီဂလျာတီရိုတွန်း ကဖီးကို ရောက်လာတယ်။ ရုရှားခေါင်းဆောင်တွေ ဖြစ်တဲ့ မားတော့၊ လာပင်စကီတို့နဲ့ ဆွေးနွေးဖို့ပေါ့။ သူက ပါရီမှာ ပေပေတေတေ ဖြစ်နေတဲ့ သူ့ညီ မိုဒီဂလျာနီကို မြင်ပြီး တော်တော် စိတ်ညစ်သွားတယ်။ သူ့ညီ ဒီလိုဖြစ်ရတာ အပေါင်းအသင်း မကောင်းလို့နဲ့ ရိုတွန်းကဖီးကြောင့်လို့ စွပ်စွဲသွားတယ်။ တကယ်တော့ သူ့ညီရဲ့ အနွံတာကို အခံရဆုံးက ရိုတွန်းကဖီးဆိုတာ သူ မသိဘူး'

            လီဗီယွန်၏ မျက်နှာမှာ တစ်မုဟုတ်ချင်း ညှိုးနွမ်းသွားသည်။ သူက ဆက်၍..

            'အဲဒီအချိန် ရုရှားမှာ ဖေဖော်ဝါရီ တော်လှန်ရေး ဖြစ်လာတယ်။ အနောက်ဘက် စစ်မျက်နှာကို ရောက်လာတဲ့ ရုရှားစစ်သားတွေဟာ ရိုတွန်းကဖီးကို မကြာခဏ ရောက်လာတတ်တယ်။ ဒါနဲ့ ပြင်သစ်ရဲတွေက နိုင်ငံခြားသားတွေနဲ့ ယောက်ယက်ခတ်နေတဲ့ ကျွန်တော့်ဆိုင်လေးကို မျက်စိနောက်လာပြီး ကျွန်တော့်ကို အပြစ်ရှာလာတယ်။ နောက်ဆုံးတော့ စိတ်ပျက်ပြီး ရိုတွန်းကဖီးဆိုင်ကို ရောင်း၊ အနုပညာသည်တွေနဲ့ဝေးရာ ရပ်ကွက်တစ်ခုမှာ နောက်ထပ်ကဖီးဆိုင်ကလေးတစ်ခု ဖွင့်ခဲ့တယ်'

            'ဆိုင်သစ်က အဆင်ပြေရဲ့လား'

            'အဆင်ပြေပါတယ်။ ဆိုင်က အဆင်ပြေပေမယ့် အဆင်မပြေတာက ကျွန်တော် ဖြစ်နေတယ်'

            'ဘယ်လို ဖြစ်ရတာလဲ'

            'ဗရုတ်သုတ်ခ အနုပညာသမားတွေကို မြင်တွေ့နေကျဆိုတော့ ဆိုင်သစ်ကိုလာတဲ့ သာမန်ပရိသတ်ကို ကျွန်တော် စိတ်ဝင်စားလို့ မရတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်တော့ အရင် ကျွန်တော် စိတ်ညစ်ခဲ့ရတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာတွေကို လွမ်းဆွတ်နေပါလား ဆိုတာ ဘွားခနဲ တွေ့ရတယ်'

            ကဗျာဆရာ ဖေတင်ညွန့်က...

            'ရုရှား စာရေးဆရာ အီလျာအာရင်ဘာ့ခ်က သူ့ရဲ့ အမှတ်တရများ (Memories) စာအုပ်မှာ ရိုတွန်းကဖီးသည် အကျင့်စာရိတ္တ ဖောက်ဖျက်ရာ နေရာမဟုတ်၊ အခြားသူများ မြင်နိုင်စွမ်းမရှိသော အနုပညာသည်တို့၏ ခံစားချက်ကို မှတ်တမ်းတင်ရာ ငလျင်တိုင်းတာရေး စခန်းတစ်ခုသာ ဖြစ်သည်လို့ ရေးထားတယ်။ နောက် ရိုတွန်းကဖီးရဲ့ ညတွေကိုလည်း အလင်းဖြူညများအဖြစ် တင်စားခဲ့တယ်။ ထိုညဖြူအလင်းရောင်သည် ညနေဆည်းဆာ ရောင်လော၊ နံနက် အရုဏ်ရောင်လော ကျွန်တော်တို့ မဝေခွဲနိုင်ပါ။ ထိုအလင်းဖြူ ညများက ကျွန်တော်တို့ကို မအိပ်နိုင်အောင်၊ ချစ်သူတို့ကို တမ်းတအောင် လုပ်ခဲ့ကြပါသည်လို့ ရေးထားသေးတယ်'

            လီဗီယွန်က နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ ပြီးမှ...

            'အီလျာအာရင်ဘာ့ခ်က ရုရှားရေဝတီကဗျာဆရာ တစ်ယောက်ဗျ။ ဒီတုန်းက သူ့ပုံစံကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ လူက မှုန်ကုပ်ကုပ် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ထူထူ၊ ဆံပင်ရှည်တွေက ကုပ်အောက်ထိ ဝဲနေတယ်။ ခါးကိုင်းကိုင်း၊ ခြေတွေ၊ လက်တွေ အတွင်းဘက်ကို ခွင်နေတယ်။ ဦးထုပ်အပြားကြီးကိုလည်း ဆောင်းထားသေးတယ်။ နေဦး... သူ ရွတ်နေကျ ကဗျာရှိပါတယ်။ ဘာတဲ့...။

မွေးဖွားခြင်းဟာ ခက်ခဲစွ

ခုအချိန်ဟာ ကြီးမြတ်စွ

ပင်လယ်လှိုင်းလုံးတွေထဲမှာ

ကောင်းကင်အပြာရောင်ထဲမှာ

ကြီးမြတ်တဲ့

ခေတ်သစ်ကြီးတစ်ခု

မွေးဖွားလာတာမဟုတ်။

ပိုးမွှားတွေ ကူးစက်နေတဲ့

အိပ်ရာပေါ်မှာ

ငါတို့သွေးတွေနဲ့ဆေးကြောပြီး

မွေးဖွားလာခဲ့ရ

ရေငတ်နေတဲ့ ထွန်ရေးများကို

ရေငတ်ပြေစေဖို့အတွက်

လူမျိုးတစ်မျိုးက သွေးတွေနဲ့

ရေတိုက်ခဲ့ရ။

            လီဗီယွန်က သူမြင်နေကျ အာရင်ဘာ့ခ်စတိုင်ကဗျာကို သံနေသံထားဖြင့် ရွတ်ပြနေသည်။ 'လူတစ်ယောက်ဟာ ဘဝတစ်သက်တာ နေထိုင်သွားတဲ့ ကာလတစ်လျှောက်လုံး နေ့စဉ် အဝတ်လဲသလိုမျိုး သူ့အရေပြားကို ပြောင်းလဲမယ်ဆိုရင် ပြောင်းနိုင်ပေမယ့် တစ်ခုတည်းသာရှိတဲ့ သူ့နှလုံးသားကိုတော့ ပြောင်းနိုင်မှာ မဟုတ်ပါဘူး' ဆိုသော ထိုရုရှားစာရေးဆရာကို မြင်ယောင်နေမိသည်။ အာရင်ဘာ့ခ်သည် စာရေးဆရာတစ်ယောက်အဖြစ်သာ ပါရမီကြီးလှသည် မဟုတ်။ အသက်ရှင်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားရာမှာလည်း ပါရမီကြီးသူ ဖြစ်သည်။ သူသည် သေဘေးနှင့် အကြိမ်ကြိမ် ရင်ဆိုင်၍ အလီလီ လွတ်မြောက်ခဲ့သူ ဖြစ်သည်။ ကဗျာဆရာ ယက်တူရှင်ကို က 'အာရင်ဘာ့ခ်ဟာ ကျွန်တော်တို့ အားလုံးကို အသက်ရှင် နေထိုင်တတ်ဖို့ သင်ကြားပေးခဲ့သူဖြစ်တယ်။ သူ့ဘဝလောက် အပြောင်းအလဲများတာ၊ အလှည့်အပြောင်းများတာ မရှိဘူး။ ဒါကြောင့်မို့လည်း သူ့စာအုပ်ထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ သူ ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာတွေကို အသားပေး ဖော်ပြခဲ့တာပေါ့'ဟု ရေးခဲ့သည်။

            ၁၉၃ဝ ခုနှစ်တွင် ရုရှား၌ အာဏာရှင် စတာလင်က လူသန်းပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ သို့သော် အာရင်ဘာ့ခ်က သူ၏ ဘဝအတွေ့အကြုံများကို ဖော်ပြထားသည့် People, Years, Life  လူများ၊ သက္ကရာဇ်များ ဘဝစာအုပ်တွင် ထိုအကြောင်းကို တစ်လုံး တစ်ပါဒမှ မဖော်ပြခဲ့။ ထိုကာလတွင် စတာလင် အမှားကြီးတွေ လုပ်နေမှန်း သူသိသည်။ သို့ပါလျက် ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေရုံမျှမက စတာလင်အတွက် ဘုန်းတော်ဘွဲ့တွေ ရေးနေလိုက်သေးသည်။ သူ့ကို အလွန်အောက်တန်းကျသော လူလိမ်ဟု အများက ဆိုကြသည်။ အရာအားလုံးနှင့် အနုပညာကို ရွေးခိုင်းပါက မုချ သူက အနုပညာကို ရွေးလိမ့်မည်။ အသက်ရှင်ခြင်းနှင့် အနုပညာကို ရွေးချယ်ခိုင်းပါမူ အသက်ရှင်ရပ်တည်ဖို့အတွက် အနုပညာကို ကျောခိုင်းမည်သာ ဖြစ်သည်။ သူ ပြောခဲ့သလိုပင် သူ့ဘဝရပ်တည်ရေးအတွက် သူ့အရေပြားကို ပုတ်သင်တစ်ကောင်လို အရောင်အမျိုးမျိုး ပြောင်းလဲခဲ့သည်။ ထိုအရောင်များ အနက်တချို့ကို ကျွန်တော်တို့ လက်ခံနိုင်၍ တချို့မှာမူ လက်မခံနိုင်စရာ သိက္ခာမဲ့လှသည်။ သို့သော် တစ်ခုတည်း မပြောင်းမလဲရှိသည့် သူ့ နှလုံးသားကမူ ကျွန်တော်တို့အားလုံး ချစ်ခင်လေးစားရသည့် အနုပညာ နှလုံးသားသာ ဖြစ်သည်။

            'မစ္စတာ လီဗီယွန် ကဗျာရွတ်တာ သိပ်ကောင်းတယ်ဗျာ' ကျွန်တော်က ချီးမွမ်းသောအခါ လီဗီယွန်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ရယ်ကြဲကြဲဖြင့် 'အာရင်ဘာ့ခ် ရွတ်တာကြားနေကျမို့ သူ့အတိုင်း ကျွန်တော် ရွတ်လိုက်တာပါ။ ဒီကဗျာ ဘာအကြောင်း ဖွဲ့ထားတယ်။ ဘာဆိုလိုတယ်ဆိုတာ တစ်လုံးမှ ကျွန်တော် နားမလည်ပါဘူး'

            ရိုးသားမှု အပြည့်ပါသော သူ့စကားကို ကျွန်တော်တို့ အားလုံးက ဝိုင်းရယ်လိုက်ကြသည်။

            'ဒါနဲ့ စကားမစပ်၊ ခင်ဗျားတို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် စာရေးဆရာတွေ အများကြီး ရှိနေမယ် ထင်တယ်။ ဟုတ်ရဲ့လား'

            လီဗီယွန်၏ မထင်မှတ်သော အမေးကြောင့် ကျွန်တော်တို့အားလုံး အံ့အားသင့်သွားသည်။ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ပြီး မည်သို့ အဖြေပေးရမည်ကို စိတ်ထဲက တိုင်ပင်နေကြ သည်။ နောက်မှ ကျွန်တော်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူက အားပါးတရ လက်ဖြောက် တစ်ချက်တီးလိုက်ပြီး...

            'ကျွန်တော် ထင်တာမလွဲဘူးဗျို့။ ကျွန်တော့်ရဲ့ အင်မတန် စုတ်ပြတ်ဟောင်း နွမ်းနုံချာတဲ့ ရိုတွန်းကဖီးဆိုင် ကလေးကတောင် တော်စတွိုင်း၊ မာယာကော့စကီ၊ အီလျာအာရင်ဘာ့ခ် စတဲ့ ကမ္ဘာကျော် စာရေးဆရာတွေ၊ ပီကာဆို၊ ဆိုတိန်း၊ မိုဒီဂလျာနီ စတဲ့ ကမ္ဘာကျော်ပန်းချီဆရာတွေ ပေါ်ပေါက်ခဲ့ဖူးသေးတာ။ အခု ကျွန်တော် ဒီမြန်မာပြည်မှာ တွေ့ရတဲ့ ကဖီးဆိုင်တွေက ရိုတွန်း ကဖီးထက် အပြန်တစ်ရာ သာတယ်ဗျာ။ ဒါကြောင့် ဒီနိုင်ငံကတော့ မလွဲမသွေ ကမ္ဘာကျော် စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေ အများကြီး ထွက်ရမယ်လို့ ထင်ပြီးသား။ နောက်ပြီး...'

            မစ္စတာလီဗီယွန်က ကင်မရာကို ဖျတ်ခနဲ ထုတ်ချိန်လိုက်ပြီး ကဗျာဆရာ၏ တောခြောက်ခန်းကို အမှတ်တရ ဓာတ်ပုံရိုက်ယူနေသည်။ ပြီးမှ သူက...

            'အခု ကျွန်တော် ခင်ဗျားတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံက ပြန်လာတာဗျ။ ဆယ့်သုံးရာစုရဲ့ ဗိသုကာလက်ရာတွေက အံ့မခန်းပါပဲဗျာ။ လက်ဖျား ခါယူရတယ်။ စေတီပုထိုး တွေကလည်း ရွှေရောင်တဝင်းဝင်း။ ဘုရားပရိဝုဏ်တွေမှာလည်း ကြွေပြားတွေ တလက်လက်။ တစ်ချိန်က ခင်ဗျားတို့ မြန်မာလူမျိုးတွေရဲ့ လူနေမှုစနစ်နဲ့ ယဉ်ကျေးမှု အဆင့်အတန်းဟာ ကျွန်တော်တို့ ဥရောပထက် ပိုမြင့်တယ်လို့တောင် ယူဆနိုင်တယ်'

            သူက ပြောရင်းဆိုရင်း ခံတွင်းချဉ်လာဟန်ဖြင့် စီးကရက်တစ်လိပ်ကို ထပ်ထုတ်လိုက်သည်။ စားပွဲထိုး ချာတိတ်က အလိုက်တသိ မီးခြစ်ခြစ်ပေးနေပြန်သည်။ စီးကရက် မီးခိုးများကို ဖွာထုတ်လိုက်ပြီး လီဗီယွန်က...

            'ဒီလို သမိုင်းကြောင်းကောင်းတဲ့ တိုင်းပြည်က ကမ္ဘာကျော် အနုပညာရှင်တွေ ထွက်တာ ဘာအံ့သြစရာမှ မရှိဘူးလေ။ ကဲ... ကျွန်တော် နားထောင်ဖူးတယ် ရှိအောင် မြန်မာကဗျာ တစ်ပုဒ်လောက် ရွတ်ဆိုပြစမ်းပါ'

            ကျွန်တော်တို့ အားလုံး၏ မျက်ဝန်းများက မောင်ခင်မှိုင်းဆီသို့ ရောက်သွားကြသည်။ မောင်ခင်မှိုင်းက ထိုင်နေရာမှထ၍ သူ၏ 'ခံတပ်များ'ကဗျာကို သံနေသံထားနှင့် ရွတ်ဆိုပြလိုက်သည်။ ကဗျာဆုံးသည်နှင့် မစ္စတာလီဗီယွန်က လက်ခုပ်လက်ဝါး တီးလိုက်ပြီး မောင်ခင်မှိုင်းကို ဝမ်းသာအယ်လဲ ပွေ့ဖက်နှုတ်ဆက်သည်။ ပြီးမှ...

            'ကျွန်တော်ဟာ ကဗျာ ဆရာတစ်ယောက် မဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း ဝတ္ထုကဗျာစာအုပ်တွေ ဖတ်လေ့ဖတ်ထ မရှိဘူး။ ဒါပေမယ့် ရိုတွန်းကဖီးမှာ ကဗျာဆရာတွေ ကဗျာရွတ်တဲ့အသံတော့ နားလျှံအောင် ကြားရတယ်ဗျ။ အခု ကိုခင်မှိုင်း ဖတ်သွားတဲ့ ကဗျာရဲ့ အဓိပ္ပာယ်ကို ကျွန်တော် လုံးဝနားမလည်ဘူး။ ဒါပေမယ့် အသံက သိပ်သာယာတယ်။ ကျွန်တော် ကြားဖူးနေကျ ကဗျာတွေနဲ့ကို မတူဘူး။ အင်း... ခင်ဗျားတို့ မြန်မာစာရေးဆရာတွေ ကမ္ဘာကျော် မယ်ဆိုလည်း ကျော်ထိုက်ပါပေတယ်'

            မောင်ခင်မှိုင်း၏ မျက်နှာမှာ ပန်းသီးတစ်လုံးလို နီရဲ၍ နေသည်။

            'ကဲ... စကားတော့ ကောင်းတယ်ဗျာ။ ဒီမှာ ဒါလောက်ကြာနေရင် ကားဆရာက နှာကစ်နေရော့မယ်။ ရန်ကုန်ကို ခရီးဆက်ရမှာမို့ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ဒီလက်ဖက်ရည်ဆိုင်လေးမှာ ခင်ဗျားတို့ မြန်မာစာရေးဆရာ၊ ကဗျာဆရာတွေနဲ့ တွေ့ရတဲ့အဖြစ်ကို ကျွန်တော် အမြဲအမှတ်ရနေမှာပါ'

            မစ္စတာ လီဗီယွန်၏ တုတ်ခိုင်သော ခန္ဓာကိုယ်ကြီးက ကားထဲသို့ လှစ်ခနဲ ဝင်ရောက်သွားသည်။ ကားကလေးက ရန်ကုန်ဘက်ကို မြားတစ်စင်းလို ပြေးထွက်သွားသည်။ ကျွန်တော့် အတွေးများက လွန့်လူး၍ ကျန်ခဲ့သည်။ တကယ်တော့ ကျွန်တော်တို့ လူမျိုးသည် မညံ့။ စာပေယဉ်ကျေးမှု အဆင့်မြင့်မားစွာ သမိုင်းကြောင်း ကောင်းခဲ့သည်။ သို့ပါလျက် အဘယ်ကြောင့် ဝီလျံရှိတ်စပီးယား၊ ဝစ်ဝါ့သ်၊ တော်စတွိုင်း၊ ချက်ကော့တို့လို ကမ္ဘာကျော် စာရေးဆရာတွေ မထွန်းကားခဲ့ပါလိမ့်။ ကျွန်တော် ဉာဏ်မီသလောက် စဉ်းစားကြည့်လိုက်တော့ အကြောင်းအချက်နှစ်ခု တွေ့ရသည်။ ပထမ ယဉ်ကျေးမှု နှင့် ဒုတိယ ဘာသာစကား ဖြစ်သည်။ ရုရှား၊ ဥရောပနှင့် အမေရိကတို့သည် ဘောင်းဘီဝတ်များဖြစ်ပြီး လူမျိုးချင်းရော ယဉ်ကျေးမှုချင်းပါ နီးစပ်သည်။ ရိုတွန်းကဖီးတွင် ရုရှား၊ ပြင်သစ်၊ အီတလီ၊ စပိန် စသော အနုပညာရှင်များ ဖက်လှဲတကင်းနေကြပြီး တစ်ယောက်ကဗျာ တစ်ယောက် ဖတ်ကြသလိုမျိုး ဖြစ်သည်။ ရှိတ်စပီးယား၏ ရိုမီယိုနှင့်ဂျူးလီးယက်ကို ရုရှားတို့ နှစ်သက်ပြီး ပတ်စတာနက်၏ ဒေါက်တာဇီဗားဂိုးကို အင်္ဂလိပ်တို့ ကြိုက်ကြသည်။ ထိုဝတ္ထုနှစ်ပုဒ်ကို ကျွန်တော်တို့ မြန်မာတွေ အပါအဝင် ကမ္ဘာသားများက ရေသောက်သလို မျိုချနိုင်သည်။ သို့သော် ဦးပုည၏ ရေသည်ပြဇာတ်ကို ကမ္ဘာသားတို့ ခံစားနိုင်ပါ့မလား။ ကျွန်တော်တို့ အလွန်ကြိုက်သော ငါးပိရည်သည် သူတို့အတွက် အနံ့ဆိုးကောင်း ဆိုးနေလိမ့်မည်။ အကြောင်းမှာ ယဉ်ကျေးမှု မတူ၍ ဖြစ်သည်။ နောက်တစ်ခုက ဘာသာစကား၊ အင်္ဂလိပ်စာသည် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည်။ စာရေး ဆရာတစ်ယောက်၏ ဝတ္ထုကဗျာများ ကမ္ဘာကျော်ဖို့က သူ၏စာများကို အင်္ဂလိပ် ဘာသာပြန်ပေးရန် လိုသည်။ သို့မှသာ ကမ္ဘာက ဖတ်ရှုခံစားနိုင်မည်။ ဘင်္ဂလီစာဆို တဂိုး၏ ကဗျာများ ကမ္ဘာကျော်ခြင်းမှာ အင်္ဂလိပ်ဘာသာ ပြန်ဆိုလိုက်၍ ဖြစ်သည်။ ခြုံ၍ သုံးသပ်ရလျှင် မြန်မာအနုပညာသမားတို့ ကမ္ဘာမကျော်ခြင်းမှာ လူညံ့၍ မဟုတ်။ ဂီတစာဆို မြို့မငြိမ်း၊ ပန်းချီပေါ်ဦးသက်၊ ကဗျာဆရာ မောင်ချောနွယ်တို့ အနောက်နိုင်ငံမှာ လူသွားဖြစ်ပါက သူတို့ မုချ ကမ္ဘာကျော်ကြီးများ ဖြစ်မည်ဟု ကျွန်တော် ယုံကြည်သည်။

ပင်လယ်

ရေတို့ကြီးထွားရှင်သန်လာခဲ့

ပင်လယ်

နှစ်တွေ သင့်ကို ရေတွက်ခြင်း မပြုခဲ့။

သင် ဘာကိုပူဆွေးသလဲ။

မြက်ပင်တွေ ပေါက်ကြ။

ရေတွေ စီးဆင်းသွားကြ။

လူတွေ အသက်ရှင်နေလိုကြ။

လူတွေ သေဆုံးသွားကြ။

သေမင်းဟာ သင်အဖို့ ဘာအရေးလဲ။

သင်ဟာ ပင်လယ်ကြီးပေပဲ။

နက်ဇဗယ်

            ကဗျာဆရာ နက်ဇဗယ်၏ ပင်လယ်ဘွဲ့ကဗျာတစ်ပုဒ် ဖြစ်သည်။ တွေးကြည့်လိုက်တော့ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတို့သည် ပင်လယ်နှင့်တူသည်။ သူတို့မှာ ပင်လယ်ကဲ့သို့ မကုန်ခန်းနိုင်သော ပြင်းထန်သည့် ခွန်အားတွေ ရှိကြသည်။ အရာရာ သေဆုံးသွားသော်လည်း ပင်လယ်ကြီးက ဘယ်တော့မှ မသေ။ သေမင်းကို ဘာအရေးစိုက်စရာ လိုမည်နည်း။ ထို့အတူ မြေကြီး သြဇာဖြစ်သွားသော တော်စတွိုင်း၊ မာယာကော့စကီ၊ အီလျာအာရင်ဘာ့ခ်၊ ပီကာဆို စသော အနုပညာရှင်တို့၏ နာမည်ကို သေမင်းက သေအောင် မသတ်နိုင်။ ကမ္ဘာတည်သရွေ့ ပင်လယ်ကြီးများလို သည်နာမည်တွေက တည်တံ့ခိုင်မြဲနေပါလိမ့်မည်။ စာရေးဆရာ အီလျာ အာရင်ဘာ့ခ်ကရိုတွန်းကဖီးကို ဆင်စွယ်နန်းတော်ဟု တင်စားခဲ့သည်။ ကျွန်တော်တို့ မြန်မာပြည် အနှံ့တွင်လည်း စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတို့ ကျင်လည်ကျက်စားရာ ကဖီးလေးများ တစ်ပုံကြီး ရှိနေသည်။ ထိုဆင်စွယ်နန်းတော်တွေပေါ်မှာ မြန်မာပင်လယ်များ ရယ်မောနေသည်။ ကျီစယ်နောက်ပြောင်နေသည်။ ပေါက်ကွဲနေသည်။ ငြင်းခုံနေသည်။ ရန်ဖြစ်နေသည်။ ကဗျာ ရွတ်နေသည်။ စာကြောင်းပေကြောင်း ဆွေးနွေးနေသည်။ နိုင်ငံတကာအကြောင်း ပြောဆိုနေသည်။ လောကဓံတရား၏ ထိုးနှက်မှု အထုအထောင်းများကြားတွင် ပင်လယ်တို့ အားနှင့်မာန်နှင့် ရှင်သန်နေသည်။ "A Poet is born not made"  ကဗျာဆရာသည် လုပ်ယူ၍ မရ၊ မွေးဖွားလာခြင်း ဖြစ်သည်ဆိုသော စကားရှိသည်။ နောင် အနာဂတ် တစ်ချိန်ချိန်မှာ မာယာကော့စကီ၊ ပီကာဆိုတို့လို ကမ္ဘာကျော်မည့် မြန်မာပင်လယ်ကြီးများ သည်လိုဆင်စွယ်နန်းတော်တွေပေါ်မှ မွေးဖွားမလာဟု မည်သူပြောနိုင်ပါမည်နည်း။

▀

နတ်မှူး

Ilya Ehrenberg's Memoirs

'မြသန်းတင့်၏ လူများသက္ကရာဇ်များဘဝ'ကို

ခံစားသည်။

 

 


Related Articles

ရွှေဝတ္ထု
...
ခုနစ်ရွက်တစ္ဆေ
ဒေါင်းနေမင်း

အဖေ မသင်ဘဲ ကကြီးခကွေးနှင့် ကဗျာတွေ ရွတ်ဆိုတတ်လာသည် အဖေမညွှန်ဘဲ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို နှစ်သက်တတ်လာသည် အဖေမပါဘဲ စင်မြင့်ထက်မှ ဘွဲ့လက်မှတ်တစ်စောင်ကို တက်ယူခဲ့သည် ထိုမျှလောက်ထိ အဖေနှင့် ကျွန်တော် အ...

ရွှေဝတ္ထု
...
ဖွားတော်မူခြင်း
မာန်၊တောင်လုံးပြန်၊

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စကားဆိုသည် ရှေးလူကြီးများ ငါလိုလူအတွက် စပ်ဟပ်သီ ကုံးခဲ့လေသည်ဟု ကိုဖိုးမှန် ထင်သည်။ ထိုအထင်သည် ဒုက္ခတရားကို လျှို့ဝှက်သယ် ဆောင်တတ်မှန်း ကိုဖိုးမှန် မသိသေး။

ရွှေဝတ္ထု
...
စမ္ပာနဂိုရ်ပြားသွားပြီ
မောင်ရင့်မာ၊ကျောင်းကုန်း၊

တူရွင်း၊ ဓား၊ ပေါက်တူးစတဲ့ ရရာလက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တစ်နေ့ တစ်နေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမ စကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန...