ရွှေဝတ္ထု

ဖွားတော်မူခြင်း

မာန်၊တောင်လုံးပြန်၊

01 November 2026
ဖွားတော်မူခြင်း
Share to

မြောက်စူးစူးမှ ဆောင်းလေပလီသည် တာဘောင်ကြီးနံဘေးမှ သစ်ပင်အုပ်အုပ်ကို ဖြတ်၍ လယ်ကွက်များကို ကျော်လွှားလာပြီး ကောက်ရိုးပုံကြီးကို မွှေ့ကာ နှစ်ပေပတ်လည်ခန့် ဖွင့်ဟထားသည့် ဝါးလုံးထောက် ပြတင်းဟဟမှတစ်ဆင့် စာရေးကြီး ကိုဖိုးမှန်၏ ဆေးလိပ်မီးသို့ တိုးဝင်၏။

ကိုဖိုးမှန် ဆေးလိပ်သောက်နေသည်လား။ မဟုတ်သေး။ ဆေးလိပ်ကြီး ပါးစပ်မှာ ခဲထားသည်က မှန်၏။ ဆောင်းနံနက်ခင်း၏ လေကြောင့် ရဲခနဲ ရဲခနဲ မီးတက်လာသည်လည်း မှန်၏။ သို့ရာတွင် ကိုဖိုးမှန်၏ အာရုံသည် ဆေးလိပ်၌ မတည်။ တာဘောင်ကြီး ရှိရာသို့ ငေးနေသည့်တိုင် သူ့အတွေးက သူ့မယား မခင်အေး၏ ဗိုက်ထဲရောက်နေသည်။ မခင်အေး၏ ဗိုက်ဟုဆိုသော်ငြား သူနှင့် တစ်ဝက်ဆိုင်၏။ နေ့စေ့ လစေ့ကြီး ဖြစ်နေပြီ။

            'ရန်ကုန်မှာ မွေးမလား၊ သက္ကလမှာ မွေးမလား။ ခရမ်းဆေးရုံမှာ မွေးမလို့လား'

            ထိုမေးခွန်းများက နေ့စဉ် ရောက်လာမြဲ။ တိကျသေချာသော အဖြေကား မရှိ။ ထိုသို့မရှိရခြင်းမှာ ငွေအသပြာပေါ်၌ များစွာတည်နေ၍ပင်။

            အရှေ့ညောင်ပင်ကွင်းရွာဘက်မှ ထော်လာဂျီစက်သံ တဒိုင်းဒိုင်း ကြားနေရသည်။ ခရမ်းမြို့သို့ ဈေးရောင်းဈေးဝယ်တက်လာကြသည့် အထူးယာဉ်များ၏ စက်သံကို နားယဉ်ခဲ့ပြီ။ နေ့လယ်ခင်းဆိုလျှင် ဖုန်များ တလုံးလုံး တလိမ့်လိမ့် ကိုဖိုးမှန်၏ တဲဝသို့ တိုးဝင်လာတတ်သည်။ ဤသည်ကိုလည်း ကိုဖိုးမှန်က မမှု။ တာဝန်ကျရာ ပျော်သလိုနေမည်ဟု ဆုံးဖြတ်ချက်ကြီးကြီးချပြီး ရာထူးနှင့်တကွ ပြောင်းရွှေ့လာခဲ့ပြီကိုး။

            ကိုဖိုးမှန် ရောက်သည့်နေ့က ရွာမော်တော်များ ရေကြောင်း စတင်ရပ်နားပြီး ထော်လာဂျီများ စတင်ထွက်သည့်နေ့ ဖြစ်သည်။ မိုးကုန်ပြီ။ ရိုးချောင်းထဲတွင် ရေနည်းပြီ။ မော်တော်လမ်း ပိတ်ကြပြီ။ ဆောင်းနှင့်နွေဦးအတွက် ထော်လာဂျီများ၊ ဂျစ်ကားများ၊ ထွန်စက်များ၊ အမျိုးအမည်မသိ ယာဉ်ကြီးများ လုပ်ငန်းခွင် ဝင်ကြပြီ။

            နှစ်ပေါင်းသုံးဆယ်ကျော် ရန်ကုန်မြို့၌ နေထိုင်ခဲ့သော ကိုဖိုးမှန်တစ်ယောက် ရန်ကုန်တိုင်း အတွင်းမှာပင် ပြောင်းရွှေ့ခွင့်ရသဖြင့် တစ်နည်းတော့ ဝမ်းသာရ၏။ နယ်စွန်နယ်ဖျားဆိုလျှင် မယား၏ ဗိုက်ဆူဆူကြောင့် စိတ်ထင့်နေရဦးမည်ကိုး။ ယခုတော့ နေစရာ တဲအိမ်လေးလည်း အဆင်သင့်။ သောက်ရေ သုံးရေကန်ကြီးကလည်း နီးပါပေ့။ ဈေးအတွက်လည်း မပူရ။ နံနက် နှစ်နာရီလောက်မှစ၍ ဟင်းသီးဟင်းရွက် ခြံထွက်သီးနှံမျိုးစုံ ရောင်းချသူများ ကိုဖိုးမှန် တဲအိမ်လေးရှေ့မှ ဖြတ်သန်းသွားကြသည်။ အနားမရှိ။ မနက်မိုးလင်းသည့်အခါ ငါးသည်၊ သားသည်များ လာကြပြန်သည်။ လတ်ဆတ်၏။ အဖိုးချို၏။ အလေးမခိုး။ ငွေကျန်ဝယ်လို့လည်း ကိစ္စမရှိ။ ကိုဖိုးမှန်ရသည့် လစာနှင့်ဆိုလျှင် စုလို့ဆောင်းလို့ အတန်ငယ်ကျန်၏။ ဆေးလိပ်သမားမျှသာဖြစ်သော ကိုဖိုးမှန်အဖို့ သည်အရပ် သည်ဌာနသည် ပတိရူပအရပ်ပင် ဖြစ်တော့သည်။

            ခက်သည်ကား ကိုဖိုးမှန်သည် လူပေါ့လူရွှတ်၊ ပျော်ပျော်နေတတ်သူ မဟုတ်ခြင်းပင်။ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်သော ဤပတိရူပ အရပ်တွင် ကိုဖိုးမှန်ဟူသော လူသတ္တဝါသည် အနာဂတ် ဟူသော အမျိုးအမည်တပ်ထားသည့် သံသရာခရီးတို အားကြည့်၍ စိတ်မချမ်းမမြေ့ ဖြစ်နေပါပကော။ မိန်းမဖြစ်သူ မီးဖွားတော့မည်။ ဆာကူရာလား၊ အာရှတော်ဝင်လား၊ အက်စ်အက်စ်စီလား စသည်ဖြင့် မြို့တော်ယဉ်ကျေးမှုအရ ရွေးချယ်ပေါ်ပေါက်လာသည့် ထိပ်သီးဆေးခန်းကြီးတွေကို လက်လှမ်းမမီသည်က ထားပါဦး။ ရှင်ပါကူ၊ ပါရဂူ၊ ရွှေဗဟိုရ်၊ ရတနာ စသည့်အလယ်အလတ် ဆေးခန်း များကိုလည်း ထားလိုက်ပါဦး။ ဂန္ဒီ(အနောက်ပိုင်းဆေးရုံ)၊ ဗဟိုအမျိုးသမီးဆေးရုံ၊ အလုပ်သမား ဆေးရုံများမှ တစ်ခုခုကိုတော့ ရွေးချယ်ပိုင်ခွင့်ရချင်သည်။

            ခရမ်းမြို့ကိုရောက်တော့ သက္ကလတိုက်နယ်မှ ဆေးရုံက နာမည်ကြီးနေသဖြင့် အထက်ပါဆေးရုံများကို စွန့်လိုက်တော့၏။ ကုန်ကျစရိတ်က အများကြီး သက်သာသည့်အပြင် ဆက်ဆံ ရေးနှင့် ကျွမ်းကျင်မှုရှိသည့် သတင်းစကားကြောင့်ပင်လျှင် ငါးဆယ်ရာခိုင်နှုန်း ပါသွားခဲ့ပြီ။ ခွဲမွေးလျှင် နှစ်သိန်း၊ ရိုးရိုးမွေးလျှင် တစ်သိန်းမျှသာ ကုန်သည်တဲ့။ မြို့မှလူများပင် သက္ကလတိုက်နယ်ဆေးခန်းမှာ လာမွေးကြသည်တဲ့။ စရိတ်က သက်သာ၊ မွေးဖွားရသည်မှာ စိတ်ချမ်းသာ၊ နေရေးထိုင်ရေး၊ အစားအသောက်ကအစ မြို့နှင့် အများကြီးကွာလှသည်တဲ့။

            သို့ဆိုလျှင် ကိုဖိုးမှန် ဘာစိတ်ညစ်နေရသနည်း။

            နှစ်ပေါင်းများစွာ ခြိုးခြံချွေတာရင်း စုဆောင်းလာခဲ့သည့် အသပြာငွေသုံးသိန်း သူတို့မှာ ရှိခဲ့သည်။ လုပ်သက်ဆယ်နှစ်အတွင်း အကြွေးမရှိ။ အချေးအငှား မရှိ။ ကျစ်ကျစ်ပါအောင် စုခဲ့သော ငွေသုံးသိန်းတိတိ သူတို့မှာ ရှိခဲ့ဖူးလေသည်။ ရေသည်ပြဇာတ်မှ ဦးပုည၏ ဇာတ်လိုက်မောင်နှံကဲ့သို့ပင် ငွေသုံးသိန်းကို စုခဲ့ကြရ၏။

            ကိုဖိုးမှန်သည် ပေါ့ပေါ့ရွှတ်ရွှတ် လူစားမဟုတ်ဟု ဆိုခဲ့ပြီးပါပကော။ ခရမ်းမြို့သို့ ရောက်သည်နှင့် အနီးပတ်ဝန်းကျင်သို့ လေ့လာ၏။ စနည်းနာ၏။ ဤအရပ်ဒေသ၌ အဘယ်သို့သော စီးပွားမျိုး ဖြစ်ထွန်းပါမည်နည်းဟု အကဲခတ်၏။ မကြာလှချေ။ အထွေထွေ ဗဟုသုတ ပြည့်စုံကြွယ်ဝသော ကိုဖိုးမှန်တစ်ယောက် အသပြာ ကျပ်သုံးသိန်းအား ရင်းနှီးထည့်ဝင်ရမည့် လုပ်ငန်းကြီးတစ်ရပ်ကို တွေ့ခဲ့လေတော့သည်။

            တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စကားဆိုသည် ရှေးလူကြီးများ ငါလိုလူအတွက် စပ်ဟပ်သီ ကုံးခဲ့လေသည်ဟု ကိုဖိုးမှန် ထင်သည်။ ထိုအထင်သည် ဒုက္ခတရားကို လျှို့ဝှက်သယ် ဆောင်တတ်မှန်း ကိုဖိုးမှန် မသိသေး။ သူနေသော တဲအိမ်လေး၏ အရှေ့တောင်ဘက်၌ စိုက်ခင်းဟောင်း တစ်ခု ရှိသည်။ ထိုမည်သော စိုက်ခင်း၌ ကမ္ဘာနှင့်အနှံ့ ဈေးကွက်ချဲ့ထွင်လျက်ရှိသော ခရမ်းချဉ်သီးအမည်ရှိ သီးနှံပင်အား စိုက်ပျိုးလျှင် နဂါးခေါင်းသည် နတ်ပြာတွဲတောင်ဟူသော သဘောရှိ၍ နဂါးခေါင်းလှည့်ရာမှာလည်း လွတ်၏။ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်အဆိုအရ သည်နှစ်၊ သည်လ၊ သည်ရာသီတွင် အထူးစီးပွားဖြစ်မည့် သီးနှံသည် ခရမ်းချဉ်သီးသာ ဖြစ်၏။

            ထိုအဆိုများ တစ်ခုမှ မမှား။

            သည်နှစ် ခရမ်းချဉ်သီးဈေးမှာ ထွက်စမှာပင် တစ်ပိဿာ ငါးရာ့ငါးဆယ်ကျပ်မှ တက်၍ တက်၍လာသည်မှာ သွင်းဈေး ကျပ်တစ်ထောင်အထိ ရှိခဲ့ပြီ။ ခရမ်းချဉ်သီးသမားများ ရွှေတွဲလွဲ၊ ငွေတွဲလွဲ၊ ဆိုင်ကယ်တွဲလွဲ ဖြစ်နေကြပြီ။ သို့ရာတွင် စာရေးကြီး ကိုဖိုးမှန်သည်ကား အရှုံးကြီး ရှုံးခဲ့လေသည်။ ဆောင်းသီးနှံဟူသည် မာယာများတတ်ကြောင်း ကိုဖိုးမှန်တစ်ယောက် အခါနှောင်းမှ သိတော့၏။ မည်သည့်နက္ခတ် ဇာတာခွင်အတွင်း ကျရောက်သွားရှာသည် မသိသော ကိုဖိုးမှန်၏ ခရမ်းချဉ်သီးစိုက်ခင်းသည် အကင်းဘဝ၌ပင် ပိန်ရင်း ရှုံ့ရင်း တစ်လုံး တလေမျှပင် သီးခွင့်မရရှာခဲ့။ ခဲလေသမျှ သုံးသိန်းမြေပေါ်ကျခဲ့ပါပကော။ မိမိ၏ ပတိရူပအရပ်ကို မိမိလောဘက ဖျက်ဆီးခြင်းပေလော။

            မယား၏ ဗိုက်သည်ကား ခရမ်းချဉ်သီးခင်းကဲ့သို့မဟုတ်။ တစ်နေ့ထက်တစ်နေ့ ဆူ၍ဖြိုးလာ၏။ ယခုပင်လျှင် ပေါက်ကွဲတော့မတတ် ဖြိုးလာ၏။ လေပြည့်နေသော ပူဖောင်းနှယ် တင်းကြွဖောင်းကား၍ လာ၏။ ထိုဗိုက်ကိုပင် မကြာသော ကာလဆီက ကိုဖိုးမှန်တစ်ယောက် ချစ်မြတ်နိုးခဲ့သည်။ ငါးလကျော် ခြောက်လအတွင်း အထဲက လှုပ်ကာတိုးကာ ပြုလေတိုင်း မယားက ကိုဖိုးမှန်အား လက်ဖြင့် ထိတွေ့စေ၏။ အသည်းခိုက်တမျှ ကြည်နူးရသော သားမောင်လူလှ၏ အထိအတွေ့ဆန်းကြောင့် ကိုဖိုးမှန် ကတုန်ကယင် ဖြစ်ရသည်။ ညညဆိုလျှင် ဗိုက်ပူပူလေးပေါ်လက်ဖြင့် လိုက်စမ်းရသည်မှာ အမော။ အထဲမှ ကလေးငယ်အား ဖခင်အသံကို ကျက်မှတ်မိစေသောငှာ သီချင်းဆိုပြရသည်ဆို၍ ညတိုင်း ညည သီချင်းဆိုပြရသေးသည်။ သားဦးပေကိုး။ တစ်နေ့ တစ်နေ့ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်ကြီး လှန်ရသည်မှာလည်း မမောနိုင်။ ဘယ်နေ့မွေးလျှင် သမားညို၊ ဘယ်နေ့မွေးလျှင် နဂါးပေါ်၊ ဘယ်နေ့မွေးလျှင် ရက်ရာဇာ၊ ဘယ်နေ့မွေးလျှင် ပြဿဒါး၊ ရှမ်းရက် စသည်ဖြင့် တွက်ရဆစ်ရသေး၏။

            ထိုသားဇောများသည် ယခုအခါ ကိုဖိုးမှန်အား မမောစေနိုင်တော့ပြီ။ ထိုနက္ခတ် မင်္ဂလာအချိန်အခါများထက် ဦးစားပေးရမည့် ကိစ္စကြီးကား ကိုဖိုးမှန်၏ ရင်ညွန့်သို့ တစ်ဆို့လျက် ရှိပြီတည်း။ ခွဲမွေးလျှင် ဘယ်နှသိန်း၊ ရိုးရိုးမွေးလျှင် ဘယ်နှသိန်း၊ ထိုမှတ်တမ်းသတ်မှတ်ချက်ကြီးကား ရက်ရာဇာလော၊ ပြဿဒါးလော၊ ရှမ်းရက်လော၊ ဘာရက်လော မရွေး။ ပေးကိုပေးရမည့် အခါတော်ကြီး ဖြစ်နေတော့သည်။ အမောကြီး မောရသည့် သားဇောအစစ်အမှန်ကြီး ဖြစ်တော့သည်။

□

            'အမယ်လေး ဖိုးမှန်ရယ်၊ မင်းမလဲကွယ်... ဒါကိုများ ခက်လွန်းလို့။ ဟေ့ဒီမှာ အရီးပြောတာ နားထောင်စမ်း။ တို့ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားတော်မူတာလည်း တောထဲ တောင်ထဲ အရပ်လက်သည်နဲ့ မွေးတာပါကွယ်။ ဘယ်အထူးကုမှ မပါပါဘူး။ ဟော... မင်းမယားလောက်များ ဒေါ်ဖွားရှင်ကိုခေါ်၊ အရပ်ဝမ်းဆွဲသည် ဆရာမကိုပင့်၊ ငွေငါးထောင်၊ တစ်သောင်းအပြင် ကုန်ကုန်လွန်း လို့ဟယ်... အရီးပြောသလို လုပ်စမ်းပါ'

            ဤသည်က တစ်မှောင့်။ အရီးကြိုင်၏ တိုက်တွန်းချက်။

            'ဘာမှ မခက်ဘူး ကိုဖိုးမှန်ရေ။ ကျွန်မ နောက်ဆုံးကောင်မွေးတုန်းက ဗိုက်ကြီးနဲ့ ဈေးသွားလိုက်သေး။ ပြန်လာတော့ ချက်ပြုတ်ပြီး အဝတ်လျှော်သေးတယ်။ လျှော်နေတုန်း တော်တော် နာလာပြီး သမီးကြီးကို ဒေါ်ဖွားရှင် အခေါ်လွှတ်ပြီး မွေးလိုက်တာပဲ။ တအောင့်ပဲ ကြာတယ်။ မွေးတာပဲ။ ဒီမှာပဲ မွေးစမ်းပါ။ ကျွန်မတို့ ရှိပါတယ်'

            ထိုသည်ကား တစ်နည်း။ အိမ်နီးချင်း မလှရီစကား။

            'တို့အမျိုးက သိပ်မွေးရ၊ ဖွားရလွယ်တဲ့အမျိုးပါ မောင်ဖိုးမှန်ရယ်။ ဒီကောင်မ မိခင်အေးမွေးတော့ ပိုတောင်လွယ်သေး။ မနက်မှ အစောကြီး ရေနွေးအိုးတည်မလို့ မီးမွှေးနေတုန်း မီးဖိုဆောင်ထဲမှာတင် မွေးချလိုက်တာပဲ။ သိပ်မွေးလွယ်တဲ့ အမျိုးကွယ်။ မင်း ဘာမှမစိုးရိမ်နဲ့။ အမေကိုယ်တိုင် စောင့်ပေးမယ် ဟုတ်ပြီလား'

            ယင်းကဲ့သို့သော ယောက္ခမကြီး၏ အားပေးချက်က တစ်ဖုံ။

            ကိုဖိုးမှန် တစ်ယောက် မိမိ၏ ဗဟုသုတများကို ပြန်လည် ဖြန့်ကျက်စဉ်းစားရလေပြီ။

            ဒေါ်ဖွားရှင်ဆိုသော အဘွားကြီးနှင့် အစိုးရဝမ်းဆွဲ ဆရာမကြီးတို့၏ သမိုင်းကြောင်းကို လေ့လာရတော့သည်။ ဝမ်းဆွဲဆရာမကြီးက သဘောကောင်း၏။ မွေးသာ မွေးပါ။ လိုအပ်သမျှ အကုန် ကူညီမည်ဟု ဆိုသည်။ သားအိမ်ပွင့်ဆေးများလည်း အဆင်သင့် ရှိပါသတဲ့။ အကုန်အကျမှာလည်း မများ လှ။ ငွေတစ်သောင်းမျှ ကန်တော့လျှင် ဖွားတော်မူခြင်း ပြီးမြောက်လေသည်။

            ဒေါ်ဖွားရှင်ဆိုသော လက်သည်ကြီးကရော။

            'ဟေ့... ဒီတစ်ရပ်လုံး ငါ့လက်နဲ့ ဆွဲထုတ်ထားတဲ့ လူတွေချည်းပဲဟဲ့။ ဟောဒီလက်နဲ့ ထုတ်တာ။ ဟောဒီလက်နဲ့ ထုတ်တာ'

            ဟု ပြောလည်းပြော ညာဘက်လက်ကြီးကိုလည်း ဆန့်ကာ ကွေးကာ ပြသေးသည်။ အသက် ခုနစ်ဆယ်ကျော်ရှာပြီ။ ပိန်ပိန်ပါးပါး ခါးကိုင်းကိုင်းဖြင့် တဘက်ကြီး ခေါင်းမှာပေါင်းပြီး လမ်းသလားနေတတ်သည်။ ကိုဖိုးမှန် မျက်စိထဲ၌ သူ၏မင်္ဂလာဦး သားရတနာအား ပိန်ကပ်ကပ် ခါးကိုင်းကိုင်း အဘွားအို၏ လက်တစ်ဖက်ဖြင့် ကမ္ဘာလောကအတွင်းသို့ ရှောရှောရှူရှူ ဆွဲခေါ်ဆောင် ကြဉ်းပေးမည်ဟူသော မြင်ကွင်းသည် ရှင်းရှင်းလင်းလင်း မပီသေး။ သို့ရာတွင် ဤကမ္ဘာလောက၏ တစ်ခုသော မြေပထဝီပြင်ပေါ်တွင် ထိုလက်တစ်ဖက်တည်းဖြင့် ဆွဲခေါ်ဆောင်ကြဉ်းပေးခဲ့သော လူသားတို့ကား ရာချီခဲ့ပြီကော။ တစ်နေ့လျှင် ဝင်ငွေ ငါးရာကျပ်မျှသာရသော တောနေသူတို့သည် ထိုအရပ်လက်သည် ဒေါ်ဖွားရှင်အား ဆာကူရာ၊ အာရှတော်ဝင်၊ အက်စ်အက်စ်စီတို့မှ သမားတော်ပေါင်း မြောက်မြားစွာတို့နှင့် မလဲနိုင်။ ငွေငါးထောင်မျှ ကန်တော့လျှင် မီးဝင်မှသည် မီးထွက်သည်အထိ နေ့မအား ညမအား စောင့်ရှောက်ပေးရှာသည်။

            ကိုဖိုးမှန် ဘာလုပ်ရမည်နည်း။

            သူ တွေးတော စိုးရိမ်သမျှ သောကအဝဝတို့သည် ငွေနှင့်ငွေသာနိုင်းချင်းထပ်နေသော မြို့ပြဖွားတော်မူခန်းတို့ကြောင့် ဖြစ်ခဲ့ရခြင်းပေလော။ မြေပထဝီပြင်ပေါ်တွင် ဒေါ်ဖွားရှင်ပေါင်း မြောက်မြားစွာတို့သည် တည်ရှိနေ၍သာ တောနေသူတို့ မွေးဖွားသန့်စင်နေကြသည်ကို မေ့ထား၍ ရပါမည်လား။

□

            'တောင့်ထားစမ်း... တောင့်ထားစမ်း ဘာမို့လို့လဲ။ ညှစ်ထား...ညှစ်ထား'

            'နာတယ် အမေရယ်'

            'မခင်အေး မွေးတော့မယ်... ညှစ်ထား။ ညှစ်ချလိုက်... ညှစ်ချလိုက်... ကျတော့မယ်'

            'တဘက်ပေးစမ်း... တဘက် တဘက်။ ဟေ့ ဖွားရှင်တဲ့၊ တစ်ရှင်တည်း ရှိတယ်။ ဟဲ့... လှရီ၊ ချွေးတွေ သုတ်ပေးစမ်း'

            မခင်အေး မီးဖွားခန်း ဝင်နေပြီ။

            ကိုဖိုးမှန် တဲအပြင်၌ ဂဏှာမငြိမ်။ ဆေးလိပ်ပင် မဖွာအား။ သူ့သားလှရတနာအတွက် ရတက်မအေး။ တဲအတွင်းမှ ကလေးငိုသံ မကြားရမချင်း သူကိုယ်တိုင် ချွေးဒီးဒီး ကျနေပြီ။

            မှားများ မှားပြီလား။ ဒေါ်ဖွားရှင်ကိုယ်တိုင် ကြိမ်း ဝါးနေပုံကြီးကား သူ့အသည်းကို အပ်ဖြင့် ထိုးဆွလျက် ရှိ၏။ ဗိုက်အတွင်းမှ ကလေးငယ်အား မထွက်မချင်း အားမာန် မလျှော့မတင်း ကြုံးဝါး နေပုံကြီးကို ကြားနေရသဖြင့် ကိုယ့်ကလေးကိုပင် ရန်သူ ထင်ရတော့မတတ် ဖြစ်နေ၏။

            'ထွက်ပြီဟဲ့... ကျပြီ၊ ကျပြီ။ ဆန်ကောပေးစမ်း လှရီ။ မြန်မြန် လုပ်ပါဟဲ့။ မမွေးဖူးတဲ့အတိုင်းပဲ ကောင်မ'

            ဒေါ်ဖွားရှင်အသံနှင့်အတူ ဝါးခနဲ အော်ဟစ်ငိုကြွေးလိုက်သော သကောင့်သား၏ အသံကြောင့် ကိုဖိုးမှန် ဟေးခနဲ အော်လိုက်မိသည်။

            'ကြည့်စမ်းပါဦး လှရီရဲ့။ အကုန်စုံတယ်ဟေ့။ နင့် မျက်ခွက်ပဲဟဲ့ ဖိုးမှန်ရဲ့။ ယောကျ်ားလေး၊ ယောကျ်ားလေး။ ငါ့များ ဘာရမလဲ ဟွန်း...'

            ဒေါ်ဖွားရှင်၏ ကြုံးဝါးသံအား ကိုဖိုးမှန် အသည်းမခိုက်တော့။ ဝမ်းသာပီတိကြီးဖြင့် ထောက်ခံနေမိတော့၏။

            ဤတွင် စာရေးကြီး ကိုဖိုးမှန်၏ သားဦးရတနာ ဖွားတော်မူခြင်း ပြီးမြောက်ပါလေသတည်း။

▀

မာန်၊တောင်လုံးပြန်၊

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

စာကြွင်း

            ပတိရူပအရပ်= မိမိ၏ စီးပွားရေးအတွက် အရောင်းအဝယ်ဖြစ်ထွန်းသောအရပ်၊ ပညာသင်ကြားနိုင်သော အရပ်၊ ရာသီဥတု ညီမျှ၍ စပါးဆန်ရေပေါများသော အရပ်၊ ဆေးဝါးဓာတ်စာ၊ ဆေးဆရာရှိသောအရပ်

ဘဘဦးသုခ၏ မင်္ဂလသုတ် စာ(၇၇) မှ


Related Articles

ရွှေဝတ္ထု
...
ခုနစ်ရွက်တစ္ဆေ
ဒေါင်းနေမင်း

အဖေ မသင်ဘဲ ကကြီးခကွေးနှင့် ကဗျာတွေ ရွတ်ဆိုတတ်လာသည် အဖေမညွှန်ဘဲ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို နှစ်သက်တတ်လာသည် အဖေမပါဘဲ စင်မြင့်ထက်မှ ဘွဲ့လက်မှတ်တစ်စောင်ကို တက်ယူခဲ့သည် ထိုမျှလောက်ထိ အဖေနှင့် ကျွန်တော် အ...

ရွှေဝတ္ထု
...
ပင်လယ်များ၏ ဆင်စွယ်နန်း‌တော်
နတ်မှူး

ခင်ဗျားဟာ တမင်တကာဖြစ်စေ လမ်းကြုံလို့ဖြစ်စေ ရိုတွန်းကဖီးဆိုင်ထဲ ဝင်လာပြီး နောက်ဘက် ခန်းကလေးထဲကို လှမ်းကြည့်မိရင် တအံ့တသြ ပြုံးရင်လည်း ပြုံးမိလိမ့်မယ် ဒါမှမဟုတ် အလန့်တကြား ပြန်လှည့်သွားမိကောင်း သွားမိလိ...

ရွှေဝတ္ထု
...
စမ္ပာနဂိုရ်ပြားသွားပြီ
မောင်ရင့်မာ၊ကျောင်းကုန်း၊

တူရွင်း၊ ဓား၊ ပေါက်တူးစတဲ့ ရရာလက်နက် ကိရိယာတွေ ကိုင်စွဲလာတဲ့ စမ္ပာနဂိုရ်ရွာသားတွေဟာ တစ်နေ့ တစ်နေ့ 'တောက်ပြောင်'၊ 'ခမ်းနား'၊ 'ဆန်းပြား'၊ 'ကြီးကျယ်'တဲ့ ဧရာမ စကားလုံးကြီးတွေကို နားထောင်ရင်း အားအင်တွေ ကုန...