ရွှေသုတ‌

သမိုင်းဖြစ်စဉ်ထဲက ထပ်ဆင့်အကယ်ဒမီ မြတ်လေး၏ ဇာတ်၀င်တေးနှစ်ပုဒ်

ကျော်သန်းမြင့် ၊ဗန်းမော်၊

01 November 2026
သမိုင်းဖြစ်စဉ်ထဲက ထပ်ဆင့်အကယ်ဒမီ မြတ်လေး၏ ဇာတ်၀င်တေးနှစ်ပုဒ်
Share to

            မြန်မာ့ရုပ်ရှင် ရွှေရတုကာလတွင် ပေါ်ထွန်းခဲ့သော သရုပ်ဆောင် ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် မူလက တေးရေး ဆရာတစ်ဦး ဖြစ်သည်။ မြတ်လေး၏ ပထမဆုံး ရေးစပ်သည့် သီချင်းမှာ ‘ကျွန်တော့်မေတ္တာ’ ဖြစ်သည်။ ထိုစဉ်က တေးပြုစာဆို၏ အမည်ကို 'တက္ကသိုလ် မြတ်လေး'ဟု ခံယူသည်။ ယင်းသို့ 'တက္ကသိုလ်'ကို ရှေ့တန်းတင်၍ အမည်ခံယူခြင်းမှာလည်း မြတ်လေးသည် ၁၉၅ဝ-၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်၍ သက်ကြီးတက္ကသိုလ် (နောင်တွင် လုပ်သားများကောလိပ်)၌ ပညာ ဆည်းပူးနေချိန် ဖြစ်လေသည်။

            ထို့နောက် တက္ကသိုလ်မြတ်လေးသည် တေးသံရှင် တက္ကသိုလ်မြကြီး ဦးဆောင်သည့် 'တေးဗိမာန်တူရိယာ' အဖွဲ့သို့ တေးရေးဆရာအဖြစ် ရောက်ရှိသွားသည်။ ထိုစဉ်က တေးဗိမာန်အဖွဲ့တွင် နိုင်ငံကျော် တေးရေးဆရာ ရွှေပြည်အေး၊ တက္ကသိုလ်စိုး စသည်တို့၏ တေးများအပြင် အခြားတေးရေးဆရာတို့၏ တေးများကိုလည်း တေးသံရှင်တို့က သီဆို အသံလွှင့်ခဲ့သည်။ ထိုအချိန်က တေးဗိမာန်တူရိယာအဖွဲ့၏ ပင်တိုင်တေးသံရှင်တို့မှာ တီးဝိုင်းခေါင်းဆောင် တက္ကသိုလ်မြကြီး၊ စိန်စိန်၊ လီလီကြာညွန့်၊ ခင်ယုမေတို့ဖြစ်၍ ကြားဝင်သီဆိုသည့် တေးသံရှင်များလည်း ရှိသေးသည်။ အဆိုပါ တေးဗိမာန် တူရိယာအဖွဲ့၏ ပင်တိုင်စန္ဒရားဆရာမှာ စန္ဒရားချစ်ဆွေ ဖြစ်သည်။ တက္ကသိုလ်မြတ်လေးသည် တေးဗိမာန်တူရိယာအဖွဲ့သို့ ရောက်ရှိပြီးနောက် တေးသံရှင် တက္ကသိုလ်မြကြီး၊ စန္ဒရားချစ်ဆွေတို့နှင့် တွဲမိရာမှ ညီရင်းအစ်ကိုပမာ ခင်မင်သွားကြသည်။

            တေးပြုစာဆို တက္ကသိုလ် မြတ်လေး၏ 'တေးဗိမာန် တူရိယာအဖွဲ့' မှ ထုတ်လွှင့်ခဲ့သည့် မြန်မာ့အသံ ဓာတ်ပြားရတေးတို့မှာ ချစ်၍မျှော်သည်၊ ချစ်ကမ္ဘာဆီသို့၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီ၏ဇာတ်သိမ်း စသည့်သီချင်းများဖြစ်သည်။ မခင်နှင်းဆီ သီချင်းများကို သီဆိုသူ တေးသံရှင် ကိုမြကြီးနှင့်အတူ တေးရေးဆရာ မြတ်လေးတို့ ပူးတွဲ၍ ကျော်ကြားလာသည်။ မခင်နှင်းဆီ သီချင်းများကို ရောင်းတမ်းဓာတ်ပြားသွင်း၍ ဖြန့်ဖြူးခဲ့ရာ လူကြိုက်များကာ ခေတ်စားခဲ့လေသည်။

            တေးရေးဆရာမြတ်လေးသည် ၁၉၅၈ ခုနှစ် အပေါင်းလက္ခဏာ ရုပ်ရှင်မှ ထုတ်လုပ်သည့် ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားကို ဇာတ်ညွှန်းရေးကာ သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ဆောင်ရွက်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အဆိုပါ ‘ပင်လုံထိပ်ထားဦး’ ရုပ်ရှင်ကားသည် ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးကို ဦးတည်သည့် နိုင်ငံရေးအမြင်ပါရှိသော ရုပ်ရှင်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် မြတ်လေးသည် ခေါင်းဆောင်မင်းသား အဖြစ်ပါဝင်၍ ၄င်းနှင့်အတူ တင်တင်မူ၊ အဆိုကျော် တက္ကသိုလ် မြကြီး၊ စိန်စိန်၊ ပြုံးပြုံးကြည်၊ ၁၉၅၇၊ ၁၉၅၉ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီးတို့ ပါဝင်သည်။ အဆိုပါ ရုပ်ရှင်ကားတွင် မြတ်လေးသည် ဇာတ်ဝင်တေးအချို့ကို သီဆိုရာမှ တေးသံရှင် ဖြစ်လာသည်။

            သရုပ်ဆောင်ဒါရိုက်တာ မြတ်လေး၏ ဒုတိယမြောက် ရုပ်ရှင်ကားမှာ ၁၉၅၉ ခုနှစ် ‘ဗြိတိသျှဘားမား’ (ညွန့်မြန်မာ)ရုပ်ရှင်မှ တင်ဆက်သော ဦးဉာဏ၏ဇာတ်ညွှန်းကို ဒါရိုက်တာ လှဦး ရိုက်ကူးသည့် ‘မောင့်ကို သေစေညွှန်းရော့သလား’ ကား ဖြစ်သည်။ ယင်းဇာတ်ကားတွင် မြတ်လေး သည် ဖိုးပါကြီး၊ ခင်ယုမေတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြတ်လေးနှင့် ခင်ယုမေတို့သည် တေးဗိမာန် တူရိယာအဖွဲ့မှ တေးရေးဆရာနှင့် တေးသံရှင်များဖြစ်ကြ၍ ဂီတမောင်နှမများလည်း ဖြစ်လေသည်။

            ‘မောင့်ကို သေစေညွှန်းရော့သလား’ ရုပ်ရှင်ဇာတ်လမ်းအရ ရန်ကုန်မြို့ အ.ထ.ကကျောင်းတစ်ကျောင်းတွင် ဆရာပါ(ဖိုးပါကြီး)က အထက်တန်းပြ ကျောင်းဆရာ၊ စိုးတင့်(မြတ်လေး)၊ အေးအေး(ခင်ယုမေ)တို့က ဆရာပါ၏ တပည့်တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ ဖြစ်ကြသည်။ စစ်ပြီးခေတ် အ.ထ.က ကျောင်းသား ကျောင်းသူတို့သည် ဒုတိယကမ္ဘာစစ်ကာလကို ဖြတ်သန်းခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်း ရောက်သည့်အခါ အသက်အရွယ်အားဖြင့် ယနေ့ခေတ်ကဲ့သို့ ၁၆ နှစ်ဝန်းကျင် အရွယ်များ မဟုတ်ကြ။ အသက် ၂ဝ ဝန်းကျင်နှင့်အထက်အရွယ်များဖြစ်ကြသည်။ ဆရာပါသည် စာအသင်ကောင်း၍ သဘောလည်း ကောင်းသည်။ တပည့်များနှင့် ကျောင်းချိန်ပြင်ပတွင် ညီအစ်ကိုသူငယ်ချင်းသဖွယ် ပေါင်းသင်းဆက်ဆံတတ်သည်။ ဆရာပါနှင့် တပည့်စိုးတင့်တို့သည် ကျောင်းချိန်ပြင်ပတွင် ညီအစ်ကို သူငယ်ချင်းကဲ့သို့ တွဲလေ့ရှိသည်။ ထို့နောက် စိုးတင့်နှင့် အေးအေးတို့သည် တစ်ဦးနှင့်တစ်ဦး လူငယ် ဘာဝမေတ္တာမျှရာမှ ကျောင်းနေဖက်သူငယ်ချင်းဘဝမှ သမီးရည်းစားဘဝသို့ ရောက်ရှိသွားကြသည်။ စိုးတင့်နှင့် အေးအေးတို့သည် အချစ်နယ်ကျူးခဲ့ရာမှ အေးအေးတွင် ကိုယ်လေးလက်ဝန် ရှိလာသည်။ အေးအေးသည် မိမိတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း စိုးတင့်ကို အသိပေးသည်။ စိုးတင့်မှာ ကြံရာမရဖြစ်လေသည်။ ယင်းအကြောင်းကို စိုးတင့်သည် အစ်ကိုကြီးလို ချစ်ခင်လေးစားသော ဆရာပါအား မပြောပြမိခဲ့ပေ။

            အေးအေးကိုယ်ဝန်ရှိသည့်ကိစ္စကို အုပ်ထိန်းသူ အဒေါ်ကသိသွားသည်။ ထိုအခါ အေးအေးအဒေါ်က မိမိ၏တူမ အရှက်တကွဲ အကျိုးနည်း မဖြစ်ရလေအောင် မိမိနှင့် ခင်မင်သည့် ဆရာပါ၏မိခင်နှင့် တိုင်ပင်ပြီး ဆရာပါနှင့် အေးအေးတို့ကို လက်ထပ်ပေးလိုက်သည်။ ဤအကြောင်းတွေကို ကိုစိုးတင့် ဘာမှမသိလိုက်ရ။ ဆရာပါနှင့် အေးအေးတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပတော့မှ အကြောင်းစုံ သိရတော့သည်။ ထိုအခါ စိုးတင့်က မိမိ၏ဆရာနှင့် ချစ်သူတို့ကို မင်္ဂလာလက်ဖွဲ့အနေဖြင့် အောက်ပါ လက်ဆောင်မွန်သီချင်းကို သီဆိုခဲ့လေသည်။ ဇာတ်ဝင်တေးဖြစ်သည့် လက်ဆောင်မွန်သီချင်းကို 'စိုးတင့်'အဖြစ် သရုပ်ဆောင်သော 'မြတ်လေး'က ကိုယ်တိုင်ရေးဆိုခဲ့ခြင်း ဖြစ်သည်။

လက်ဆောင်မွန်

ရေး+ဆို- မြတ်လေး

            အောင်စေကြောင်းနဲ့x ဆုတောင်းပတ္တနာx ပို့သလေမှာx ငြိမ့်ငြိမ့်ညင်သာx ဘိသိက်မင်္ဂလာx ဆင်ယင်ကာx သတို့သားသတို့သမီးx မနောပီတိx ဂွမ်းဆီထိx တစ်ဦးမေတ္တာတစ်ဦးမှာx နဖူးစာရေစက်x ဆုံစည်းချက်ဖန်လာxxx

            ပုထုဇဉ်မေတ္တာx ချစ်သူတိုင်းလည်း မချစ်ကြပါx သည်စနစ် အစဉ်အလာx ဒီမှာမဟုတ်တန်ရာx ညားလို့လည်းချစ်x ချစ်လို့လည်းညား အချစ်စစ်ရေယဉ် တသွင်သွင်စီးနေမှာx အလင်္ကာသဘင်ခါx ဘူမိနက်သန် အခြေစိုက်ရာ မြေမကိုဋ်x အခါတော်မင်္ဂလာxxx

            နိုင်သူတို့ပြုံးx ရှုံးသူက မှိုင်x ဖြေပါနိုင်x ရေစိုင်ဝဲလိုပx ခံစားရသူတွေလည်း မရှိနိုင်ရာx ဤအခါx ဤမင်္ဂလာx သူတည်းတစ်ယောက်x ကောင်းဖို့ရောက်မူx သူတစ်ယောက်မှာသာx ပျက်လင့်ကာသာ ဓမ္မတာx ဤမည်သော ဓမ္မတေးလွှာx သင်္ခါရ ကြေးစည်သံလည်း မညံအပ်ရာx အေးချမ်းသော ဤမင်္ဂလာxxx

            အိုသောက ကင်းဝေး မနှောင့်နှေးဗျာပါx မရှိလေရာx အကျွန်၏တေးကဗျာနှင့်သာx သူတို့ခမျာx ထာဝရရွှင်ပြုံးx သက်ဆုံးပေါင်းသင်းရန်x မေတ္တာဝေသွန်းx စေညွှန်းသနေမှာxxx

            စိုးတင့်သည် မိမိ၏ချစ်သူ တစ်ပါးသူရင်ခွင်ထက်၌ မွေ့ပျော်နေပြီဖြစ်၍ အထီးကျန်ဖြစ်ကာ အသည်းကွဲရတော့သည်။ ထို့နောက် စိုးတင့်သည် တပ်မတော်တွင် ဝင်ရောက်အမှုထမ်းသည်။ တာဝန်ကျရာ ရှမ်းပြည်နယ်သို့ ရောက်ရှိသွားသည်။ နှစ်အတန်ငယ်ကြာသည့်အခါ တပ်မှ ခွင့်ရသဖြင့် ရန်ကုန်မှ ဖခင်ထံ အလည်ရောက်လာသည်။ စိုးတင့်သည် မိမိတို့ ဆရာပါကို စုံစမ်းရာ လှည်းကူးမြို့နယ်တွင် အ.ထ.က ကျောင်းအုပ်ကြီးဖြစ်နေကြောင်း သိရ၍သွားရောက်တွေ့ဆုံသည်။ ဆရာပါနှင့် အေးအေးတို့တွင် ၄ နှစ်အရွယ် သားလေးရနေပေပြီ။ ယင်းသားလေးသည် မိမိ၏သားဖြစ် ကြောင်း သိလိုက်ရ၍ စိတ်ထိခိုက်ရသည်။ စိုးတင့်က ပြန်မည်လုပ်စဉ် ဆရာပါက အိမ်မှာ နောက်တစ်ရက်လောက်နေပါဦးဟု တားထားသည်။ ဆရာပါ အပြင်သွားခိုက် စိုးတင့်က ချစ်သူဟောင်း အေးအေးကို စကားစပ်၍ အတိတ်အကြောင်းတွေ ပြောမိသည်။ ချစ်သူဟောင်း အေးအေးက အတိတ်ကအဖြစ်ဟောင်းတွေ နှစ်ဦးစလုံး မေ့လိုက်ဖို့ပြောသည်။ စိုးတင့်က အတိတ်ကိုမမေ့နိုင်သဖြင့် ဝမ်းနည်းကြေကွဲရသည်။

            ထို့ကြောင့် စိုးတင့်သည် မိမိ၏ ဆရာဟောင်း ဆရာပါ၊ ချစ်သူဟောင်း အေးအေးတို့အိမ်မှ ထွက်ခွာလာခဲ့သည်။ စိတ်၏ ပြေရာပြေကြောင်း ယမကာဆိုင်၌ ဝစ္စကီနှင့် မိတ်ဆွေဖွဲ့ရသည်။ ထို့နောက် စိုးတင့်သည် ပယင်းရောင် ယစ်ရွှေရည်ကြောတွင် မျောမိလေတော့သည်။ ရင်ထဲမှ ခံစားချက်ဝေဒနာတို့သည် ‘မစ္စဝစ္စကီ’ သီချင်းဖြင့် ဖွင့်အန်လိုက်လေသည်။ ဤတွင် အချစ်ရှုံးသမား ဖြစ်ရရှာသော စိုးတင့်အဖြစ် သရုပ်ဆောင်သည့် 'မြတ်လေး'က မစ္စ ဝစ္စကီ သီချင်းကို ကိုယ်တိုင်ရေးသား၍ သီဆိုသည်။ ‘မစ္စ ဝစ္စကီ’ သီချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

မစ္စ ဝစ္စကီ

ရေး+ဆို- မြတ်လေး

            အဟောင်းပစ်လို့ အသစ်ရှာကြx မေတ္တာမမျှသည်x တခစ်ခစ်ရယ်စရာx ဤကမ္ဘာမှာx ချစ်ချစ်ဒီပနီ...xx

            အကြောင်းစစ်တော့x အဖြစ်နာသဗျx အမြစ်ရှာပြမည်x အချစ်စစ်တည်ရာx ဒီမှာပါ မစ္စ-မစ္စ ဝစ္စကီxxx

            ဝစ္စကီအချစ်x စစ်တာတွေ ဟစ်ကာဆိုမည်x ဆိုဒါနဲ့ရေခဲx မရောဖြစ်လည်း မူးသည်x ရောဖြစ်လည်း မူးသည်x ဒါသာ သစ္စာရှင်မီမီx အချစ်စစ်မည်x

            မချောတို့အချစ်တော့x ဒီလိုမဖြစ်သည်x ပညာနဲ့ ငွေရောနိုင်ရင် (ချစ်သည်)၂ မရောနိုင်ရင်x မချစ်ပြီx မချစ်ပြီx ဒါလားကွမေတ္တာရှင်(ထွီ)၃ အချစ်စစ် မမည်xxx

            ဘာလဲဟဲ့ငွေx ဘာလဲဟဲ့ပညာx ဘဝင်နာစရာx မယှဉ်သာသည်x သင်္ခါရမညီ(ဟောမည်)၂ ဒီမှာ ဤဖေပြောမည်x လောကီအရေးကြီးဆုံးက ဟောဒီx ဟောဒီ မနောသဝီဗျx မနော သဝီxxx

            (အဟောင်းပစ်လို့......မစ္စ-မစ္စ ဝစ္စကီ)

            အဆိုပါ ‘မောင့်ကို သေစေညွှန်းရော့သလား’ ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်တေးနှစ်ပုဒ်ဖြစ်သည့် ‘လက်ဆောင်မွန်’နှင့် ‘မစ္စ ဝစ္စကီ’ သီချင်းတို့သည် ယင်းရုပ်ရှင်ကား ရုံတင်သည့်အခါ ရုပ်ရှင် ကြည့်ပရိသတ်ရင်ထဲ စွဲသွားလေတော့သည်။ ယင်းရုပ်ရှင်ကားမှ ဇာတ်ဝင်တေးသီချင်းများကို မြန်မာ့အသံ ရုပ်ရှင်တေးအဖြစ် ထုတ်လွှင့်ရာ ‘မစ္စ ဝစ္စကီ’ သီချင်းကို ပိုမိုလူကြိုက်များကြ၍ သောတရှင် တေးပရိသတ်တို့က တောင်းဆိုကြသဖြင့် သောတရှင်တို့ လိုရာကဏ္ဍ၌ အကြိမ်ကြိမ် ထုတ်လွှင့်ပေးခဲ့ရသည်။ ယင်းရုပ်ရှင်ဇာတ်ဝင်တေးသည် ၁၉၆ဝ ပြည့်နှစ်တစ်ဝိုက် တေးသံရှင် မြတ်လေး၏ အကျော်ကြားဆုံး တေးတစ်ပုဒ် ဖြစ်လာသည်။ မြတ်လေးကိုယ်တိုင် ရေးသားသီဆိုခဲ့သည့် ‘မစ္စ ဝစ္စကီ’ သီချင်းကို ယနေ့ ခေတ်လူကြီးပိုင်း၊ လူလတ်ပိုင်း ရောက်နေကြသည့် သောတရှင်ပရိသတ် များက မမေ့နိုင်သေး။ သတိရဆဲ ဖြစ်ပေသည်။ ဤသို့လျှင် သောတရှင်ပရိသတ်က စွဲလမ်းခဲ့ရသည့် မြတ်လေး၏ ‘မစ္စဝစ္စကီ’ သီချင်းသည် ၂၁ ရာစု မြန်မာ့ရုပ်ရှင် တေးဂီတသမိုင်း၌ မော်ကွန်းတင်လျက် ရှိနေမည်ဖြစ်ပါသတည်း။

▀

ကျော်သန်းမြင့် ၊ဗန်းမော်၊

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

ရည်ညွှန်း

(၁) ရုပ်ရှင်ရိပ်သာ စာစောင် အတွဲ ၄၊ အမှတ် ၆၊ ၁၉၅၉

(၂) ဆရာဦးပြည့်စုံ(သွေးသောက်)၏ မှတ်စုများ


Related Articles

ရွှေသုတ‌
...
မြသန်းတင့်နှင့် သူ ဆက်၍ ရေးချင်သောဝတ္ထုများ
မောင်သန်းဆွေ ၊ထားဝယ်၊

ဆရာကြီး ရဲထွန်းလင်းတော့ မရှိတော့ဘူး ဒဂုန်တာရာတော့ ရှိသေးတယ် ဆရာကြီး မင်းဆွေမရှိပေမယ့် ကိုအောင်မော်တို့ ကိုမျိုးသန့်ဆွေတို့ ရှိသေးတာပဲ ဒီလူတွေက အခုလို ဆရာဆက်ရေးတာနဲ့ ပတ်သက်လို့ ဘာမှ မပြောကြဘူးလား

ရွှေသုတ‌
...
ဝတ္ထုတို မြန်မာဝတ္ထုတိုနှင့် စပ်ကြားအရေးအသား
မြင့်သန်း

မင်းကျော်၏ အရေးအသား၌ပင် ပန်းနုရောင်သမ်းနေကြောင်း တွေ့ရသည် မင်းကျော်က 'ကျွန်ုပ်တို့သည် ဝါဒဖြန့်ချိရေးမှူးများသာ ဖြစ်သင့်ပေသည် ကျွန်ုပ်တို့၏ ဝတ္ထုများသည် လှုံ့ဆော်ဆေး ဖြစ်လျှင် ကောင်းပါသည်'ဟု ထိုစဉ်...

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'