ရွှေသုတ‌

မြသန်းတင့်နှင့် သူ ဆက်၍ ရေးချင်သောဝတ္ထုများ

မောင်သန်းဆွေ ၊ထားဝယ်၊

01 November 2026
မြသန်းတင့်နှင့် သူ ဆက်၍ ရေးချင်သောဝတ္ထုများ
Share to

           ဆရာမြသည် ရှုမဝမဂ္ဂဇင်းတွင် ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ အမည်ဖြင့် တစ်ခါက ဝတ္ထုတော်တော်များများ ရေးခဲ့ပါသည်။ သူငယ်စဉ်က စွဲလမ်းခဲ့ဖူးသော ဝတ္ထုကြီးအချို့ကို ဂုဏ်ပြုသည့်အနေဖြင့် ဇာတ်လမ်း ဆက်ဆင်၍ သူ့စိတ်ကူးများ ထပ်ဖြည့်ကာ ဝတ္ထုများ ရေးခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော့်ကို ပြောပြဖူးပါသည်။ ထိုဝတ္ထုများထဲတွင် ဆရာက သူ့ကိုယ်သူ စာရေး ဆရာမြင့်အောင်အနေဖြင့် ဖန်တီးထားသည်။

            ဆရာမြသည် ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများကိုစု၍ လုံးချင်းထုတ်ခဲ့သည်။ ပြုံးစာပေမှ ဒုတိယအကြိမ်ထုတ်ဝေသော စာအုပ်ကို ဆရာ့သမီးလေးမြူက လက်ဆောင်ပေး၍ ကျွန်တော် ရခဲ့ပါ သည်။ ထိုလုံးချင်းစာအုပ်တွင် ဆရာ ဆက်ရေးချင်သော ဝတ္ထုများ စုစုပေါင်း ၁ဝ ပုဒ်ပါသည်။ အမှတ်စဉ် ၁ တွင် စာရေးဆရာကြီး မင်းဆွေ၏ ‘ဓား’ ဝတ္ထုကို သူ ဆက်ရေးချင်သောဝတ္ထုအဖြစ် စတင်ဖော်ပြထားသည်။ ဝတ္ထုထဲတွင် ဆရာမြက ထောင်ထဲရောက်နေသည်။ စိတ်ကူးဖြင့် ‘ဓား’ ဝတ္ထုထဲမှ အဓိကဇာတ်ကောင် မျိုးမြင့်ရန်နောင်နှင့် တွေ့ခဲ့ကြသည်။ ‘ဓား’ ဝတ္ထုကို မဖတ်ဖူးသေးသည့် စာဖတ်ပရိသတ်အတွက် မျိုးမြင့်ရန်နောင်ကို သူ၏ ဇာတ်လမ်းအကျဉ်း ပြန်ပြောခိုင်းထားသည်။ မျိုးမြင့်ရန်နောင်၏ဖခင် ဦးဖြိုးတင့်မှာ အင်းဝခေတ် မင်းကြီး ရန်နောင်၏ အဆက်အနွယ်ဖြစ်သည် ဆို၏။ ဦး ဖြိုးတင့်သည် ဆရာစံ အရေးတော်ပုံ၏ တိုက်ပွဲတစ်ပွဲ၌ ကျဆုံးခဲ့သည်။ ဖခင်ထံမှ မင်းကြီးရန်နောင် ကိုင်ခဲ့သော ယိမ်းနွဲ့ပါး ဓားကို မျိုးမြင့်ရန်နောင် အမွေရခဲ့သည်။ ၄င်းဓားသည် ဓားအိမ်မှ ချွတ်လိုက်လျှင် တစ်ခုခုကို ခုတ်မှရသည့် ဉာဉ်ရှိသည် ဆိုပါသည်။ မျိုးမြင့်ရန်နောင်သည် ရန်ကုန်ရောက်လာပြီး သူ့ဖခင်၏ သူငယ်ချင်း ဦးဖိုးထယ်အိမ်တွင် တည်းသည်။ ဦးဖိုးထယ်၏သမီးက မြင်မြင်ဖြစ်၏။ မြင်မြင်တို့အိမ်တွင်ပင် အင်္ဂလိပ်ဘက်မှ စုံထောက် မြဒင်ဆိုသူကို တွေ့ရသည်။ မျိုးမြင့်ရန်နောင်နှင့် မြဒင်တို့ မြင်မြင်ကို ပြိုင်၍ ပိုးကြသည်။ အမှန်မှာ မြင်မြင်နှင့် မျိုးမြင့်ရန်နောင်တို့သည် လူကြီးချင်း စေ့စပ်ထားခဲ့ပြီး ဖြစ်ပါသည်။ သူချစ်ကိုယ်ချစ်ကိုမှ လိုချင်၍ မြဒင်နှင့် ပြိုင်ပိုးနေရခြင်းဖြစ်၏။ မြဒင်က မျိုးမြင့်ရန်နောင် အင်္ဂလိပ်ဆန့်ကျင်ရေးသမားမှန်း သိသွားပြီး တစ်ဖက်လှည့်နှင့် အချုပ်ထဲသို့ ဆွဲထည့်လိုက်သည်။ အင်္ဂလိပ်များ ရန်ကုန်မှ ဆုတ်သောအခါ မြဒင်ပါသွားပြီး လမ်းမှ ထွက်ပြေးလာသည်။ မျိုးမြင့်ရန်နောင်လည်း ထောင်ဖောက်၍ ထွက်ပြေးလာသည်။ တပ်ပြေးမြဒင်နှင့် ထောင်ပြေး မျိုးမြင့်ရန်နောင်တို့ မြင်မြင်၏အိမ်တွင် ဆုံကြသည်။ ဓားချင်းယှဉ်ခုတ်ကြ၏။ မြဒင် ရှုံးသွားပါသည်။ ဓားအိမ်မှ ချွတ်လျှင် ခုတ်ရမှဖြစ်သည့် ယိမ်းနွဲ့ပါးဓားဖြင့် မြဒင်ကို မခုတ်ခဲ့ပါ။

            ဦးဖိုးထယ်၏ဆန္ဒအရ မြင်မြင်နှင့် မျိုးမြင့်ရန်နောင်တို့ လက်ထပ်လိုက်ကြရသည်။ မျိုးမြင့်ရန်နောင် ဘီအိုင်အေထဲ ပါသွား၏။ ပြန်လာသောအခါ ခြေတစ်ဖက်ပြတ်၊ မျက်စိတစ်ဖက်လပ် ဖြစ်ရပေတော့သည်။ မြင်မြင်လည်း မြဒင်နှင့် အိမ်ထောင်ကျနေသည်။ သူ့ သားနှင့် မြင်မြင်တို့ကို စွန့်၍ တိုင်းပြည်အတွက် နယ်ချဲ့ကို ချေမှုန်းရန်၊ ခရီးထွက်သွားသည်။ မျိုးမြင့်ရန်နောင် ပြန်ပြောပြသည့်ဇာတ်လမ်းမှာ ဤမျှသာဖြစ်၏။

            ဆရာဆက်ရေးသည့်ဝတ္ထုထဲတွင် ဆရာနှင့် မျိုးမြင့်ရန်နောင်တို့ အချေအတင် စကားပြောခန်းများ ဖန်တီးထားသည်။ ‘ဓား’ဝတ္ထုနှင့် ပတ်သက်၍ ဆရာမြ ဝေဖန်ချင်သည်များကို စာရေးဆရာ မြင့်အောင်အနေဖြင့် ဝေဖန်ပြထားသည်။ ဥပမာ ယိမ်းနွဲ့ပါးဓားဖြင့် မြဒင်ကို မခုတ်ခဲ့သည်မှာ မှားသည်ဆိုသည်မျိုးဖြစ်၏။ မျိုးမြင့်ရန်နောင်ကလည်း ပြန်၍ ချေပခြင်း၊ ရှင်းလင်း ခြင်းများ ပြုသည်။ မျိုးမြင့်ရန်နောင်က သူ့ဇာတ်လမ်းကို ဆက်၍ရေးရန် တောင်းဆိုသည်။ သည်တော့ ဆရာမြက မျိုးမြင့်ရန်နောင် ဆက်ပြောသည့် အနေဖြင့် ဇာတ်ကြောင်းကို ပြန်ဖော်တော့သည်။ ဂျပန်ခေတ်တွင် မြဒင် ဂျပန်သူလျှိုဖြစ်လာကြောင်း၊ မြဒင်လက်ချက်ဖြင့် ဖက်ဆစ်တော်လှန်ရေး သမားများ ဒုက္ခရောက်ရကြောင်း၊ မျိုးမြင့်ရန်နောင်က သူအသက်ကြီး၍ သူ့သားကို သူကဲ့သို့ ဖြစ်စေချင်ကြောင်း၊ သူနှင့် သူ့သား၏ဇာတ်လမ်းကို ဆက်ရေးခိုင်းကြောင်း စသည်တို့ဖြစ်သည်။ ဆရာမြက သူ့တွင် ဆက်ရေးခွင့်မရှိ၍ ဝမ်းနည်းကြောင်း၊ စာရေးဆရာ မြင့်အောင်အနေဖြင့် ပြန်ပြောသည်။ မျိုးမြင့်ရန်နောင်က သူ အမြင်ပြောင်း သွားပြီဖြစ်ကြောင်း ပြောရင်းဖြင့် မီးခိုးများဖြစ်ကာ ပျောက်ကွယ်သွားလေသည်ဟု အဆုံးသတ်ထားသည်။ ဆရာမြက...

            'ကျွန်တော်သည် ကျွန်တော် မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးတန်းများကြားတွင် ပျောက်ကွယ်သွားသည့် မျိုးမြင့်ရန်နောင်၏ ရုပ်ပုံကို မှန်းဆကြည့်ရင်း တစ်ယောက်တည်း ကျန်ခဲ့ပေသတည်း'

            ဟု သူ့ဝတ္ထုကို အဆုံးသတ်ထားသည်။ သည်ဝတ္ထုတွင် ဆရာမြနှင့် ဝတ္ထုထဲမှ မျိုးမြင့်ရန်နောင်တို့ တွေ့ဆုံခြင်းမှာ စိတ်ကူးအနေဖြင့်သာ ဖန်တီးဖော်ပြထားပါသည်။ ကျွန်တော်က...

            'ဒီဝတ္ထုကို ရေးတဲ့ စာရေးဆရာကြီး မင်းဆွေ ဖန်တီးခဲ့တဲ့ဇာတ်ကောင်တွေဟာ ဆရာဖန်တီးတဲ့ ဇာတ်ကောင် တွေမှမဟုတ်ပဲ။ ဆရာကြီးမင်းဆွေဟာ သူ့ဇာတ်ကောင်တွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ နောက်ပြီး ဒီစာရေးဆရာကြီးက 'ငါ့ဝတ္ထုကို မင်းဆက်ရေးကွာ'လို့လည်း ဆရာ့ကို ခွင့်ပြုချက် မပေးခဲ့ဘူး မဟုတ်လား။ သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူ့ရဲ့ဝတ္ထုကို ဆက်ရေးရင် ဆရာဟာ စာရေးဆရာကြီး မင်းဆွေကိုရော၊ စာဖတ်ပရိသတ်ကိုပါ စော်ကားရာ ရောက်မနေဘူးလား။ ဒါဟာ စာရေးသူတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် ကျင့်ဝတ်ဗေဒလို့ ကျွန်တော် ထင်ပါတယ်'

            ဟု ပြောခဲ့၏။ သည်တော့ ဆရာမြက လက်ထဲမှ ဆေးလိပ်ကို တစ်ဝရှိုက်လိုက်ကာ မီးခိုးများကို နှာခေါင်းမှ မှုတ်ထုတ်လိုက်ပြီး...

            'ကျွန်တော် တကယ်ဆက်ရေးတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော့်မှာ ရေးပိုင်ခွင့်ရှိတာမှ မဟုတ်ပဲ။ အဲဒီဝတ္ထုထဲက ဇာတ်ကောင်နဲ့ တွေ့သယောင်လုပ်ပြီး ဆက်ရေးချင်တဲ့အကြောင်းသာ ပြောပြတာပါ'

            ဟု ပြန်ဖြေခဲ့ပါသည်။

            ဝတ္ထုအမှတ်စဉ် ၂ တွင် သူ ဆက်ရေးချင်သော ဝတ္ထုအဖြစ် စာရေးဆရာကြီး ဒဂုန်တာရာ၏ ‘မေ’ ဝတ္ထုနှင့် ပတ်သက်ပြီး ရေးပြထားသည်။ သည်ဝတ္ထုတွင်မူ ဆရာမြသည် စာရေးဆရာ မြင့်အောင်အနေဖြင့် အင်းလျားကန်ဘက် လမ်းလျှောက်ရင်း မေနှင့် တွေ့ပုံမျိုး ဖန်တီးထား၏။ ဝတ္ထုထဲတွင် မေက ဆရာ့ကို စာရေးဆရာမြင့်အောင်မှန်း သိနေသည်။ ဇာတ်ကောင် မေက သူ့ကို ဖန်တီးသည့် စာရေးဆရာဒဂုန်တာရာကို စကားတွေမှာနေသည်။ မေက သူ့ဇာတ်လမ်းကို ဆက်ရေးပေးရန် ဒဂုန်တာရာကို ပြောခိုင်းသည်။ သည်ဝတ္ထုတွင်လည်း မေ ဇာတ်လမ်းအကျဉ်းကို ဖော်ပြရပြန်သည်။ မေသည် မိဘမရှိ တစ်ကောင်ကြွက်ဖြစ်၏။ အလွန်ခေတ်ဆန်သည်။ ဆရာဖြစ်သင်ကောလိပ်ကျောင်းပိတ်သောအခါ မေ၏လက်ထဲတွင် ငွေမကျန်တော့ပါ။ သူငယ်ချင်း မခင်စီက သူနှင့်အတူ လိုက်နေရန်ခေါ်သည်။ မခင်စီအိမ်တွင် နေရသည်ကို ကျဉ်းကျပ်သည်ဟု ထင်သည်။ မေက လွတ်လွတ်လပ်လပ် အချုပ်အနှောင်မရှိ နေချင်သည်။ ပဲခူးမှာ ကလေးတွေ စာပြရန် ဆရာမအလုပ်ရသည်။ ဤတွင် သမာဓိမြို့ဝန် ဦးဖေမောင်နှင့် တွေ့ကြရသည်။ ဦးဖေမောင်သည် မေ၏ ပိုက်ကွန်ထဲတွင် အမိဖမ်းခံရသည်။ ထို့နောက် မေသည် ရန်ကုန် (YWCA) အသင်းတိုက်တွင် နေသည်။ စနေနေ့တစ်ည ဝိတိုရိယပန်းခြံ (ယခု မဟာဗန္ဓုပန်းခြံ) အငြိမ့်ပွဲတွင် ဘသိန်း ဆိုသူနှင့် တွေ့ခဲ့သည်။ ဘသိန်းက ရုပ်ဖြောင့်သည့် ဂျပိုးတစ်ယောက် ဖြစ်၏။ သည်တွင် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးတို့ တွေ့ကြလေတော့သည်။ နောက်ပိုင်းတွင် မေသည် မခင်စီ၏မောင် ကိုကျော်မြင့်နှင့် လက်ထပ်လိုက်သည်။ သားလေး တစ်ယောက်ရ၏။ ထိုသို့ လင်နှင့်သားနှင့် တင့်တောင့် တင့်တယ်ဖြစ်နေသည့် အချိန်တွင် အထက်လွှတ်တော်အမတ် ဦးဘညွန့်ကြောင့် မေ လမ်းမပေါ်သို့ ပြန်ရောက်ခဲ့သည်။ ဘသိန်းဆီ ပြန်ရောက်သွား၏။ ဇာတ်လမ်း၏အဆုံးတွင်  စာရေးဆရာကြီး ဒဂုန်တာရာက 'အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့'ဆိုသည့် စာပိုဒ်နှင့် ‘မေ’ဝတ္ထုကို အဆုံးသတ်ထားခဲ့သည်။

            မေက စာရေးဆရာမြင့်အောင်မှ တစ်ဆင့် ဒဂုန်တာရာကို မှာနေသည်။ သူ့ဝတ္ထုကို ဤကဲ့သို့ အဆုံးသတ်ထား၍ မတရားဟုထင်သည်။ ဒဂုန်တာရာကို မကျေနပ်ပါ။ သူ့ဘဝကို ပက်ဆီမစ်ဇင်နှင့် ကြည့်ရာရောက်သည် (အဆိုး မြင်ဝါဒနှင့် ကြည့်ရာရောက်သည်)ဟု ထင်နေသည်။ အမှန်မှာ မေ၏ဘဝ သည် အလင်းရောင်ကို ရှာသော်လည်း အလင်းရောင်ကို မတွေ့တော့ဟု ရေးသွားခြင်းဖြစ်ပါသည်။

            ဆရာ့ဝတ္ထုထဲတွင် မေက သူ၏ ဇာတ်လမ်းသည် မေရီမက်ဒလိန်း ဇာတ်လမ်းကဲ့သို့ဖြစ်ကြောင်း ပြန်ပြောလေဟန်ဆိုထား၏။ မေရီမက်ဒလိန်းသည် ခရစ်ဝင်ကျမ်းလာ ရှင်ယောဟန်နှင့် ရှင်မာကုတို့၏ ပြောပြချက်ထဲတွင် ပါဝင်သော ခရစ်တော်လက်ထက် ဣသရေလပြည်မှ ပြည့်တန်ဆာမ တစ်ဦးဖြစ်၏။ သူမသည်ကား စင်တင်၍ အသတ်ခံရသော ခရစ်တော်၏အလောင်းကို ကျောက်ဂူတစ်ခုထဲတွင် သွားရောက်ဖူးမြော်ရ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို တွေ့ခဲ့၏။ ထိုအခါ အကျွတ်တရားရကာ မိန်းမကောင်းဘဝသို့ ပြန်ရောက်လာခဲ့သူ ဖြစ်သည်။ ဆရာ့ဝတ္ထုထဲတွင် မေက သူ၏ဘဝ မေရီမက်ဒလိန်းနှင့် မတူပေလားဟု မေးထားသည်။ ဒဂုန်တာရာသည် မေရီမက်ဒလိန်းဖြစ်သည့် အကြောင်းအရာကိုသာရေးပြီး ရှင်ပြန် ထမြောက်ခြင်းကို မြင်သည့်အကြောင်းကိုမူ မရေးဟု သူ၏ဝတ္ထုနှင့် နှိုင်းယှဉ်ကာ စွပ်စွဲခဲ့သည်။ ထိုပြောဆိုချက်များ အားလုံးသည် ဆရာမြပြောလိုချင်သော အရာများကို မေအား ပြောစေခြင်းသာ ဖြစ်သည်။ ဆရာမြက မေသည် အင်္ဂလိပ်ဆရာကြီး ဘီဘာလေနစ် ကောလ်၏ ‘အတ္တ’ဆိုသည့် ဝတ္ထုထဲမှ နန်စီဆိုသည့် မိဘမဲ့တစ်ကောင်ကြွက်၊ ကျောင်းဆရာမ ချောချောလေးတစ်ဦး၏ ကိုယ်ပွားဖြစ်သည်ဟု ဆိုထားပါသည်။

            ဆရာမြက သူဆက်ရေးချင်သော ဝတ္ထုအနေဖြင့် မေကို ဆက်ရေးပြထားသည်။ လမ်းမပေါ် ပြန်ရောက်သွားသောမေသည် နောက်ဆုံးတွင် ဘုရင့်ကော်မရှင်ဘွဲ့ရ အင်္ဂလိပ်မေဂျာ မက်ကင်ဇီနှင့် အိမ်ထောင်ကျသည်။ ကိုကျော်မြင့်တို့သားအဖမှာ စစ်အတွင်း ဗုံးထိပြီး ဆုံးသွားကြသည်။ ခင်ပွန်းသစ် မေဂျာမက်ကင်ဇီနှင့်အတူ စစ်အတွင်း မြစ်ကြီးနားမှ အိန္ဒိယသို့ ပါသွားသည်။ ဆင်းမလားရှိ မြန်မာအစိုးရ၏ ပြန်ကြားရေးဌာနတွင် အလုပ်လုပ်၏။ နောက် အိန္ဒိယအသံလွှင့်ဌာနမှ မြန်မာပိုင်း အစီအစဉ်တွင် အလုပ်လုပ်သည်။ မေဂျာမက်ကင်ဇီအင်ဖာ တိုက်ပွဲတွင် ကျသွား၏။ သူနှင့်မေ သမီးကလေး တစ်ယောက်ရသည်။ သူ့သမီးမှာ ကာလကတ္တားတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရခဲ့သည်။ မေသည် သမီးကို အနောက်တိုင်း၏ သမီးပျို မဖြစ်စေချင်ပါ။ သို့ဖြင့် သားအမိ မြန်မာပြည် ပြန်လာခဲ့ သည်။ မေသည် သမီးကလေး အိမ်ထောင်ကျပြီး တောင်ကြီးမှ စဝ်စံထွန်း ဆေးရုံတွင် အလုပ်ဝင်နေသည်။ မေက သမီးနှင့်အတူမနေပါ။ စုမိဆောင်းမိ ရှိခဲ့၍ ရန်ကုန်မြို့ မာတင်ရိပ်သာတွင် ခြံနှင့်အိမ်ဝယ်ကာနေ၏။ ကျောင်းသူလေးများအတွက် ဘော်ဒါဆောင် လုပ်ထားသည်။ ယောင်းမဟောင်း မခင်စီကိုလည်း ခေါ်ထား၏။ မခင်စီမှာ ကျောင်းအုပ်ဆရာမကြီး ဖြစ်နေပေပြီဟု ဆရာမြက သူဆက်ရေးချင်သည့်အပိုင်းကို ဆက်ရေးပြထားသည်။

            'ဆရာက ဆက်ရေးတာမဟုတ်ဘူးဆိုပေမယ့် ဆက်ရေးထားတာပဲ မဟုတ်လား'

            ဟု ကျွန်တော်က စွပ်စွဲသောအခါ ဆရာမြက ပြုံးနေသည်။

            'ကျွန်တော်ထင်တာတစ်ခု ပြောချင်တယ်ဆရာ။ ဒဂုန်တာရာဟာ မေရဲ့ဟန်ကို ဖွဲ့ဆိုရာမှာ သူ့ခေတ်က တက္ကသိုလ်မှာ ဆရာမလုပ်နေတဲ့ ရင်ဖုံးအင်္ကျီထိပ်က စိန်ကြယ်သီးတစ်လုံးကို အမြဲ ဖြုတ်ဝတ်တဲ့ ဖက်ရှင်နဲ့၊ နိုင်ငံကျော် အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသမီးကို မြင်ယောင်ပြီး ဖန်တီးထားတယ်လို့ ထင်တယ်။ နောက်ပိုင်း ဒီအမျိုးသမီးလည်း နိုင်ငံခြားရောက်သွားတာပဲလေ'         'ဒါက ခင်ဗျားထင်တာကိုး။ ထင်နိုင်ပါတယ်။ ဒဂုန်တာရာကို မေးကြည့်ရလိမ့်မယ်'ဟု ဆရာမြက ပြောပြပါသည်။

            အမှတ်စဉ် ၃ တွင် စာရေးဆရာ ရဲထွန်းလင်းနှင့် ‘အရေးတော်ပုံတပ်သား’ ဝတ္ထုကို သူဆက်ရေးချင်သော ဝတ္ထုအဖြစ် ဖန်တီးထားပြန်သည်။ ဤဝတ္ထုတွင်မူ ဆရာမြက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနသို့ တက်ရောက်နေသည့် မော်တော်ကားပေါ်မှ လိမ့်ကျ၍ ဒဏ်ရာရသော လူနာကို ကြည့်ရန်သွားသော ဆရာဝန် မိတ်ဆွေနှင့် ပါသွားခြင်းအနေဖြင့် ဇာတ်လမ်းဖော်ထားသည်။ ထိုလူနာကို ကြည့်ရင်းကြည့်ရင်းဖြင့် ဆရာ့မျက်စိထဲတွင် ထိုလူနာမဟုတ်တော့ဘဲ ကာယဗလဦးနေဝင်း ဖြစ်နေသည်ဆိုပါသည်။ ဤတွင် ဆရာနှင့် ဦးနေဝင်းတို့ ဆွေးနွေးခန်းကို ဖော်ပြထားသည်။ ဦးနေဝင်းသည် ဆရာတို့ ငယ်စဉ်က ဆရာ့အသည်းစွဲ စာရေးဆရာကြီး ရဲထွန်းလင်း ဖြစ်၏။ ဆရာက ဦးနေဝင်းကို စာများပြန်ရေးရန် တိုက်တွန်းခဲ့သည်။ ဦးနေဝင်းက...

            'စာရေးဆရာဆိုတဲ့ သတ္တဝါဟာ ငတ်မှ စာကောင်းပေကောင်း ထွက်တာဗျ။ ကျုပ်က ငါးသုံးလုံးစီးကရက်လေး သောက်၊ ကောင်းကောင်းစား၊ ကောင်းကောင်းလေးနေချင်တော့ စာရေးဆရာ ဘဝနဲ့ကျုပ်နဲ့လည်း လမိုင်းမကပ်တော့ဘူး'

            ဟု ပြောခဲ့သည် ဆိုပါသည်။

            ဆရာမြသည် ဦးနှောက်နှင့် အာရုံကြောဆေးရုံပေါ်မှ လူနာကို ကြည့်ရင်း ကာယဗလ ဦးနေဝင်းခေါ် စာရေးဆရာကြီး ရဲထွန်းလင်းအကြောင်းကို တွေးမိခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။ ထိုလူနာကို ကြည့်ရင်းဖြင့် မြင်ဖူးသလိုဖြစ်ကြောင်း တွေးကြည့်ရာ ကာယဗလ ဦးနေဝင်း၏ အသုဘတွင် ထိုသူသည် အလောင်းကို ကန်တော့ပြီး မျက်ရည်ဝဲ၍ စိုက်ကြည့်ခဲ့ဖူးသည်ကို သတိရလိုက်သည်ဆို၏။ ထိုလူနာက ဆရာ့ကို မှတ်မိနေသည်။ 'စာရေးဆရာကိုမြင့်အောင် မဟုတ်လား'ဟု မေး၍ စတင် နှုတ်ဆက်သည်။ ထိုသူနှင့် ဆွေးနွေးရင်းဖြင့် သူသည် ဆရာကြီး ရဲထွန်းလင်း၏ ‘အရေးတော်ပုံတပ်သား’ ဝတ္ထုထဲမှ ဇာတ်လိုက် မျိုးတင့်ဖြစ်နေလေသည်ဟု ဆိုထားသည်။

            ဤနေရာတွင် ‘အရေးတော်ပုံ တပ်သား’ ဝတ္ထုကြီးကို ပြန်စဉ်းစားသည့်အနေဖြင့် ဇာတ်လမ်း ပြန်ဖော်သည်။ ဝတ္ထုထဲမှ မင်းသမီးဖြစ်သည့် မေခင်မှာ ဝန်ထောက်သမီး ခေတ်ဆန်သူဖြစ်သည်။ မျိုးတင့်က ကာယဗလသမား၊ အမျိုးသားရေးထက်သန်သည့် ကျောင်းသား။ မေခင်ကို အရွှဲ့တိုက်ပြီး ဘုတောသည့် စာရေးခဲ့၍ ကျောင်းအုပ်ဆရာကြီးထံ ရောက်ရသည်။ မျိုးတင့်က သူ့အပြစ်ကို သူဝန်ခံသည့်အနေဖြင့် ဇာတ်လမ်းအစကို ဖော်ပြခဲ့ပါသည်။ ဇာတ်လမ်းအရ မေခင်ကို အသက်ကယ်ခဲ့သဖြင့် ရင်းနှီးသွားပြီး ချစ်သူဘဝရောက်ကြ၏။ သို့သော် မျိုးတင့်သည် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် စိတ်ရော ကိုယ်ပါ ပါဝင်ခဲ့သဖြင့် မေခင်နှင့် ကင်းကွာသွားရ၏။ မေခင်နှင့် ပြန်တွေ့ရာ သူ့ကိုနှုတ်မဆက်ဘဲ လှည့်ထွက်သွားသဖြင့် စိတ်ပျက်ပြီး ပြန်အလာလမ်းပေါ်တွင် ကားတိုက်ခံရပြီး မျိုးတင့် ဦးနှောက်ထိခိုက်သွားသည်။ ဆေးရုံတက်ကုပြီး ကျောင်းထွက်လိုက်ရ၏။ မြစ်ကြီးနားသို့ ပြန်လာပြီး ကျောင်းသားများ သပိတ်မှောက်သောအခါ ကူညီရေးအဖွဲ့ထဲတွင် ပါဝင်ပြန်သည်။ မျိုးတင့်က သပိတ်လှန် တရားဟော၍ မိုးကောင်းမြို့သူ မြို့သားတို့က မျိုးတင့်ကို ရထားပေါ်အတက် ပုလင်းများနှင့် ဝိုင်းပေါက်သည်။ ခေါင်းတွင် ဒဏ်ရာရသွားပြီး ကားတိုက်ခံရစဉ်က ခပ်ကြောင်ကြောင်ဖြစ်ပြီး အတိတ်မေ့နေခဲ့သည်ကို ပြန်သတိရလာသည်။ နောက်ဆုံး မေခင်နှင့် ပေါင်းရသည်ဟု အဆုံးသတ်ထားပါသည်။

            အရေးတော်ပုံတပ်သားကြီး မျိုးတင့်၏ ဇာတ်လမ်းမှာ ဆက်ရေးရန် မလိုပါ။ သို့သော် ဆက်ရေးချင်လည်းရေးရန် မျိုးတင့်က ပြောသဖြင့် ဆရာက မျိုးတင့်နှင့် မေခင်တို့သားသမီးများရပြီး ဘီအိုင်အေထဲသို့ မျိုးတင့် လိုက်သွားကြောင်း၊ ဘီဒီအေထဲလည်းပါကြောင်း၊ ဂျပန်တော်လှန်ရေးပြီး၍ တပ်ဖျက်သောအခါ မြစ်ကြီးနားသို့ ပြန်လာပြီး မန်ခိန်အနီးတွင် သစ်တော်သီးခြံ စိုက်ကြောင်း၊ အမဲလိုက်ကြောင်း၊ အပျော်တမ်းဓာတ်ပုံရိုက်ကြောင်း၊ ပြည်တွင်းသစ်ခွမျိုးများစု၍ မျိုးသစ်စပ် ဖောက်ကြောင်း၊ သားတစ်ယောက် တောခိုသွားပြီး တောထဲတွင် ဆုံးသွားကြောင်း၊ နောက်သားတစ်ယောက်မှာ တပ်မတော်ထဲတွင် တာဝန်ထမ်းဆောင်နေကြောင်း စသည်ဖြင့် မျိုးတင့်ပြောသည့်အနေဖြင့် ဇာတ်လမ်းကို ဆက်ရေးထားပါသည်။ နောက်ဆုံးတွင် ကုတင်ပေါ်မှ လူနာမှာ အရေးတော်ပုံတပ်သားကြီး မျိုးတင့်မဟုတ်တော့ဘဲ ဆရာမြ မိတ်ဆွေဆရာဝန်၏ လူနာသာ ဖြစ်ကြောင်းဖြင့် သူ ဆက်ရေးချင်သော အရေးတော်ပုံတပ်သားဝတ္ထုကြီး၏ ဇာတ်လမ်းကို ဆက်ရေးပြထားပါသည်။

            'ဆရာကြီး ရဲထွန်းလင်းတော့ မရှိတော့ဘူး။ ဒဂုန်တာရာတော့ ရှိသေးတယ်။ ဆရာကြီး မင်းဆွေမရှိပေမယ့် ကိုအောင်မော်တို့၊ ကိုမျိုးသန့်ဆွေတို့ ရှိသေးတာပဲ။ ဒီလူတွေက အခုလို ဆရာဆက်ရေးတာနဲ့ ပတ်သက်လို့ ဘာမှမပြောကြဘူးလား'

            ဟု ကျွန်တော်က မေးခဲ့သည်။

            'မပြောကြပါဘူးဗျ။ ဒါပေမယ့် ရွှေလင်းယုန် (ဂျာနယ်ကျော် ဦးချစ်မောင်)ရဲ့ သူဝတ္ထုနဲ့ ပတ်သက်ပြီး ဆက်ရေးတော့ သူ့သားက ကျွန်တော့်ကို လာချဲတယ်'

            'ဘယ်သားလဲ'

            'သားအငယ် မိုးဟိန်း'

▀

မောင်သန်းဆွေ ၊ထားဝယ်၊

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေသုတ‌
...
သမိုင်းဖြစ်စဉ်ထဲက ထပ်ဆင့်အကယ်ဒမီ မြတ်လေး၏ ဇာတ်၀င်တေးနှစ်ပုဒ်
ကျော်သန်းမြင့် ၊ဗန်းမော်၊

အဆိုပါ ‘မောင့်ကို သေစေညွှန်းရော့သလား’ ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်တေးနှစ်ပုဒ်ဖြစ်သည့် ‘လက်ဆောင်မွန်’နှင့် ‘မစ္စ ဝစ္စကီ’ သီချင်းတို့သည် ယင်းရုပ်ရှင်ကား ရုံတင်သည့်အခါ ရုပ်ရှင် ကြည့်ပရိသတ်ရင်ထဲ စွဲသွားလေတော့သ...

ရွှေသုတ‌
...
ဝတ္ထုတို မြန်မာဝတ္ထုတိုနှင့် စပ်ကြားအရေးအသား
မြင့်သန်း

မင်းကျော်၏ အရေးအသား၌ပင် ပန်းနုရောင်သမ်းနေကြောင်း တွေ့ရသည် မင်းကျော်က 'ကျွန်ုပ်တို့သည် ဝါဒဖြန့်ချိရေးမှူးများသာ ဖြစ်သင့်ပေသည် ကျွန်ုပ်တို့၏ ဝတ္ထုများသည် လှုံ့ဆော်ဆေး ဖြစ်လျှင် ကောင်းပါသည်'ဟု ထိုစဉ်...

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'