ရွှေသုတ‌

ဝတ္ထုတို မြန်မာဝတ္ထုတိုနှင့် စပ်ကြားအရေးအသား

မြင့်သန်း

01 November 2026
ဝတ္ထုတို မြန်မာဝတ္ထုတိုနှင့် စပ်ကြားအရေးအသား
Share to

မည်သည့်အတွက်၊ မည်သို့သောအကြောင်းကြောင့် ဝတ္ထုတိုကို ဝတ္ထုတိုဟု သတ်မှတ်ခေါ်ဆိုရပါသနည်းဟု မေးသော် သိနှင့်ခဲ့ပြီးဖြစ်သော အကြောင်းတစ်ခုကို အဘယ်ကြောင့် ပြန်လည်စဉ်းစားကြည့်နေပါသနည်း။ မရှိခဲ့သော ပြဿနာတစ်ခုကို အဘယ်ကြောင့် ပြဿနာလုပ်ရချင်ရပါသနည်းဟု ဆိုကောင်းဆိုကြပေမည်။ သို့မဟုတ်၊ မည်သည်၊ မည်သို့ဟု ပိုင်းခြားကာ မျိုးတူစု အသစ်တစ်ခု ထုတ်ပြန်ရန် ကြံစည်နေခြင်းလောဟု တွေးကြည့်ရန် ဖြစ်နေသည်။ သို့တည်းမဟုတ် 'က'သည် ဝတ္ထုတိုဖြစ်ပြီး 'ခ'သည် ဝတ္ထုတိုမဟုတ် ဟူ၍ ဖြစ်စေ၊ 'က'နှင့် 'ခ'တို့မှာ မည်သို့သော အရေးအသားမျိုး ဖြစ်သည်ဟု တီထွင်ပြချင်သောကြောင့် ဟူ၍ဖြစ်စေ စဉ်းစားစရာများ ပေါ်လာပေမည်။ စင်စစ်ဝတ္ထုတိုကို ဝတ္ထုတိုဟု လက်ခံပြောဆိုနေကြခြင်းကို ပြန်လည်စိစစ်ကြည့်လျှင် သိသည် (သိထားနှင့်သည်)ဟူသော လက်ခံထားရှိမှုဘောင်အတွင်းမှ လက်ခံပြောဆိုနေကြခြင်းက များကြောင်းတွေ့ရသည်။ သာမန်လူများအတွက်သော် ဝတ္ထုတိုဆိုသည်မှာ ဝတ္ထုရှည်မဟုတ်သော ဝတ္ထုအရေးအသားမျိုးဟု လွယ်လွယ်ပင် လက်ခံမှတ်ယူလေ့ရှိကြသည်။ စေ့စေ့စပ်စပ် တွေးကြည့်လျှင်ဖြစ်စေ၊ ပညာရပ် အခြေခံဖြင့် ပြန်လည်လေ့လာကြည့်လျှင်ဖြစ်စေ ထိုရွေ့ထိုမျှ လွယ်ကူစွာ လက်ခံနိုင်ရန်မလွယ်။ ထိုမျှသာမဟုတ်။ ဝတ္ထုတိုဟု သတ်မှတ်ခေါ်ဆိုခြင်းမပြုသော်လည်း (ဆိုလိုသည်မှာ ပိုင်းခြား သတ်မှတ်ထားသော နယ်နိမိတ်များအကြား/ အပေါ်/ အတွင်းတွင် ရောက်ရှိနေသော အရေးအသားမျိုး) ဝတ္ထုတို တစ်ပုဒ်ကဲ့သို့ ဖတ်နိုင်သော အရေးအသားမျိုးကို မည်သို့ သတ်မှတ်ခေါ်ဆို မည်နည်း။ ဝတ္ထုတိုဟု မသတ်မှတ်သော်လည်း ဝတ္ထုတို သဘောဆောင်နေသော် ဝတ္ထုတိုဟု လက်ခံ၍ဖတ်ရှုရန် မဖြစ်နိုင်ပါလား...စသည့် မေးခွန်းများ မေးစရာရှိနေသည်။

            ရှေးဦးစွာ အနောက်တိုင်းတွင် လက်ခံဆွေးနွေးခဲ့ကြသော ဝတ္ထုတို၏သဘောကို ခရီးသွားဟန်လွဲ အကျဉ်းမျှဆွေးနွေး တင်ပြလိုပါသည်။ အင်္ဂလိပ်ဘာသာစာကို အခြေခံရေးသားသော ဝတ္ထုအရေးအသားများတွင် ဝတ္ထုတို၊ ရှည်၏အကြောင်းကို စဉ်းစားစရာ ဖြစ်လာခဲ့သည်မှာ ပိုး Edgar Allen Poe (၁၈ဝ၉-၁၈၄၉)၏ ရေးသားချက်တစ်ခု (The Collected Works of Edgar Allen Poe) တွင် အခြေခံခဲ့သည်ဟု ဆိုကောင်း ဆိုရဖွယ်ရှိသည်။ ပိုးက The unity of effect of impression is a point of the greatest importance ဟု ရေးသားခဲ့သည်။ ထိုအချက်ကို အခြေခံ၍သော် ဝတ္ထုတိုဟူသည်မှာ 'စာလုံးရေ နည်းပါးသောကြောင့်'ဟူသော အချက်ကို အခြေခံ၍ သတ်မှတ်ရန် မဖြစ်တော့။ (စာလုံးရေ အနည်းအများကိုလိုက်၍ သတ်မှတ်လေသော် ရယ်စရာကောင်းသော အယူအဆသာ ဖြစ်မည်ဟု ပညာရှင် Norman Friedman က ဆိုခဲ့ဖူးသည်) တစ်နည်းဆိုရသော် ဝတ္ထုတိုဟု သတ်မှတ်ရန်အတွက် 'အရေအတွက်' ကို အခြေခံသတ်မှတ်ချက်တစ်ခုအဖြစ် လက်ခံရန် မဖြစ်တော့။ စာလုံးရေအရေအတွက် နည်းခြင်းများခြင်းမှာ စံတစ်ခု မဟုတ်နိုင်တော့ချေ။ သို့ရာတွင် ပိုး၏ဝတ္ထုတိုနှင့် စပ်လျဉ်းသော အဆိုများကို မျက်စိမှိတ် လက်ခံ၍ မဖြစ်နိုင်ပါ။ ဝတ္ထုတိုတစ်ပုဒ်မှ တစ်ခုတည်းသော (တစ်စုတစ်စည်းတည်းဖြစ်သော) သက်ရောက်မှု အကျိုးတရားတစ်ခု (ဆိုလိုသည်မှာ ဝတ္ထုတိုတစ်ပုဒ်လုံး၏ ဖော်ထုတ်တင်ပြထားမှုမှာ တစ်ခုတည်းသောအကြောင်းကို ရည်၍ ဖော်ထုတ်ထားခြင်းမျိုး) ဟုဆိုသော် အဆုံးသတ်ကို ဦးတည်၍ တည်ဆောက်ရပေတော့မည်။ အဆုံးသတ်ကို ဦးတည်သည်ဟုဆိုသော် အဆုံးတိုင်းသည် အစနှင့်အလယ်ကို ထိန်းချုပ်ထားရသည်ချည်း ဖြစ်သည်။ သို့ဖြစ်ရကား ဝတ္ထုတိုမှာ ပုံစံချ၍ (စက်ရုံများတွင် ထုတ်လုပ်သော) ထုတ်ကုန်တစ်ရပ်နှင့် တူသွားပေတော့မည်။ ပုံစံချ၍ ရေးသားဖော်ထုတ်ခဲ့ခြင်းများ မရှိဟု မဆိုလို၊ ရှိခဲ့ပါသည်။ အကယ်၍ မြန်မာစာအခြေခံဖြင့် ဝတ္ထုတို ရေးသားဖော်ထုတ်မှု နယ်ပယ်အတွင်းသို့ ပြန်လေ့လာကြည့်လျှင် စောစောပိုင်းဝတ္ထုတိုများတွင် ထိုသဘောကို အများပင် တွေ့ရနိုင်သည်။ မြန်မာကွန်မြူနစ်ဝါဒ အရိပ်အငွေ့ဖြင့် ရှင်သန်ခဲ့ကြသော မြို့နေစာရေးဆရာအချို့၏ အချစ်ဝတ္ထု အရေးအသားအများမှာ ငွေကြေးနှင့်ပညာတတ်အပေါ် မုန်းတီးမှုကို ဦးတည်ဖော်ထုတ်ကာ တွေ့၊ ကြိုက်၊ ကွဲပုံစံဖြင့် ရေးသားခဲ့ကြကြောင်းတွေ့ရနိုင်သည်။ ထို့နောက် အမျိုးသမီးစာရေးဆရာ အရေးအသားများတွင်သော် လူတန်းစား အခြေခံ မတူညီမှုကို ဖော်ထုတ်ရန် ဦးတည်၍ တွေ့၊ ကြိုက်၊ ကွဲ၊ ညားပုံစံဖြင့် ရေးသားလာခဲ့ကြပြန်သည်။ (မင်းကျော်ကမူ တွေ့၊ ချစ်၊ ကွဲ၊ လွမ်း၊ ပေါင်းပုံစံ 'ဖျော်ဖြေမှု ပုံစံ' ဝတ္ထုဟုဆိုသည်။ (မင်းကျော် ၁၉၆၇၊ ၃၇၂)။ တွေ့၊ ကြိုက်၊ ကွဲပုံစံဖြင့်ရေးသည်မျိုးကို 'လှုံ့ဆော်ရေး' ဝတ္ထုဟု ခေါ်အပ်သယောင်ယောင် ရေးခဲ့သည်။ (မင်းကျော် ၃၇၅-၆)။ သို့ရာတွင် မင်းကျော်၏ အရေးအသား၌ပင် ပန်းနုရောင် သမ်းနေကြောင်း တွေ့ရသည်။ မင်းကျော်က 'ကျွန်ုပ်တို့သည် ဝါဒ ဖြန့်ချိရေးမှူးများသာ ဖြစ်သင့်ပေသည်။ ကျွန်ုပ်တို့၏ ဝတ္ထုများသည် လှုံ့ဆော်ဆေးဖြစ်လျှင် ကောင်းပါသည်' (မင်းကျော် ၃၇၅-၆)ဟု ထိုစဉ်က ပြောင်ပြောင်ပင် ရေးခဲ့သည်) မည်သို့သောပုံစံကို အခြေခံသည်ဖြစ်စေ သက်ရောက်စေလိုသော အကျိုးတရားမှာ 'နာကြည်းမှု' သို့မဟုတ် 'ကြေကွဲ ဝမ်းမြောက်မှု' စသည့် အကျိုးတရားတစ်ခုခုသာ ဖြစ်သည်။

            အစဉ်အလာ အမြင်ကို အခြေခံ၍ လမ်းရိုးဝေဖန်ရေး ပြုကြသော မြန်မာစာပေ ဝေဖန်ရေးသမားအချို့က ဝတ္ထုတိုအပေါ် ၄င်းတို့မြင်သောအမြင် (ဤတွင် ဝေဖန်ရေးဟု မဆိုဘဲ 'အမြင်'ဟုဆိုရသည်မှာ ပညာရပ်အခြေခံဖြင့် ဝေဖန်ခြင်းမရှိဘဲ ၄င်းတို့၏ သိမှုနှင့် သိနိုင်စွမ်းမှု အတိုင်းအတာကို အခြေခံကာ မြင်သည့်အတိုင်း တင်ပြကြခြင်း သို့မဟုတ် ဓမ္မဓိဋ္ဌာန် ကျသည်ဟု ထင်မှတ်လက်ခံထားသော သူ၏ပုဂ္ဂလဓိဋ္ဌာန် အမြင်ကို တင်ပြတတ်ကြခြင်း၊ သက္ကာယကို အကြောင်းပြု တင်ပြခြင်း စသည်များကြောင့် ဖြစ်သည်)များ တင်ပြကြရာတွင် 'ရင်ထဲငြိတယ်၊ မငြိဘူး'ဟု ဆိုသောအချက်ကို ဖော်ထုတ်ရေးသားတတ်ကြောင်း သတိထားမိကြပေမည်။ ထိုအချက်မှာ ဝတ္ထုတိုဆီမှ ထွက်ပေါ်လာသော တစ်ခုတည်းသော (တစ်စုတစ်စည်းတည်း တွေ့ရသော) ရလဒ်(အကျိုးတရား) တစ်ခုအကြောင်းပင် ဖြစ်သည်။ ထိုသို့သော အကျိုးတရား တစ်စုံတစ်ရာပေါ်ပေါက်လာရန်အတွက် ဇာတ်ကွက်ချသည်ကဲ့သို့ ပြုခြင်းမှာ ပုံစံတစ်ရပ်ဖြစ်သည်။ အနောက်တိုင်းတွင် စာပေဆိုင်ရာ သမိုင်းပညာရှင်များ Literary Historianနှင့် ဝတ္ထုတိုဆိုင်ရာ အမြင်၊ အဆို၊ သဘောထားစသည်များကို ဖော်ထုတ်တင်ပြသူ ပညာရှင်များ Shortstory theorist ၏ အလိုအရ 'ဝတ္ထုတို'မှာ ၁၉ ရာစုစောစောပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အဂ်ဂါအယ်လင်ပိုး Edgar Allan Poe, နသယ်ရီရယ် ဟော်သွန် Nathaniel Hawthorne, နစ်ကိုလိုင် ဂဂေါ်(လ) Nikolai Gogol စသူတို့၏ အရေးအသားများဖြင့် စတင်ခဲ့သည်ဟု ဆိုကြသည်။ ပိုးက ဟော်သွန်၏ ဝတ္ထုတိုသဘောဆန်သော အရေးအသားများကို စုစည်း၍ ပုံနှိပ်ထုတ်ဝေလိုက်သော Twice Told Tales အကြောင်း ရေးသားသော မှတ်ချက်မှာ ၁၈၄၂ တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပိုးကိုယ်တိုင်ကမူ ယနေ့ကာလတွင် 'ဝတ္ထုတို'ဟု သတ်မှတ်ခေါ်ဆိုကြသော အရေးအသားမျိုးကို 'ပုံပြင်'များဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ ၁၈၅၆ ခုနှစ် တွင် မလ်ဗေး(လ) Herman Melville ၏ The Piazza Tales အမည်ပေးထားသော 'ဝတ္ထုတို' စာအုပ် ထွက်လာသည်။ ထိုစဉ်ကာလအထိ 'ဝတ္ထုတို'ကို ပုံပြင်များ Tales ဟူသော အသုံးအနှုန်းသာ သုံးကြသေးသော်လည်း ဟော်သွန်၏ အရေးအသား ပုံနှိပ်ထုတ်ဝေပြီးနောက် ၄၂ နှစ်အကြာ (ပိုးသေပြီးနောက် ၇ နှစ် အကြာ) ၁၈၈၄ ခုတွင် နာမည်ကြီး စာပေဝေဖန်ရေးဆရာ မက်သျူး(စ) Brandon Matthews (1852-1929) က စာပေရေးသား ဖော်ထုတ်မှုတွင် 'ဝတ္ထုတို'ဟု သတ်မှတ် ခေါ်ဝေါ်ရမည့် အရေးအသားတစ်မျိုး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ကြောင်း ရေးသားခဲ့သည်။ မက်သျူး(စ)၏ လေ့လာ တင်ပြချက်တစ်ခု (The Philoso-phy of the Short-Story(New York, 1901) တွင်သော် ဝတ္ထုတိုရေးသားသူများမှာ ဇာတ်ကွက်ချခြင်း (Plot ကို ဆိုလိုသည်)ကို အဓိက မထားကြ တော့သည့်အကြောင်းကို ဖော်ပြထားခဲ့သည်။ ထိုအချက်မှာ မှားသည်ဟု မဆိုသာချေ။ သို့ရာတွင် ဝတ္ထုတိုကို ကန့်သတ်ပြရန် သေချာရေရာသော စံတစ်ခုကား မဟုတ်။ အင်္ဂလိပ်ဘာသာ အရေးအသား တွင်သော် မက်သျူး(စ)အား ထုတ်မှုတစ်ခုမှာ ပြောစမှတ် ဖြစ်ကျန်ရစ်ခဲ့သည်။ သူက ဝတ္ထုတိုကို Short-story (မြန်မာဘာသာ စာအရေးအသားအားဖြင့် အပြိုင်ပြု တုပရေးရ သော် 'ဝတ္ထု-တို'ဟု ရေး ကောင်း ရေးနိုင်မည် ထင် သည်။ သို့ရာတွင် မြန်မာတို့ ၏ အစဉ်အလာ အရေးပုံစံတွင် စာလုံးနှစ်လုံးကို တုံး[ဤတွင် Hyphen ကို ဆိုလိုသည်]ခံ၍ ဆက်သည်ကို မတွေ့ခဲ့ရဖူးချေ။ ရှိကောင်းရှိမည်။ ကျွန်တော် တပ်အပ်မပြောနိုင်ပါ။) ဟု ရေးသားခဲ့သည်။ နောက်ပိုင်းတွင်သော် ထိုသို့ရေးသား ပုံမျိုး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

            ကျွန်တော့်အနေဖြင့်မူ မြန်မာဘာသာစာကို အခြေခံ၍ ဖော်ထုတ်ရေးသားထားသော 'ဝတ္ထုတို'နှင့် 'ဝတ္ထုရှည်'တို့မှာ အခြားသော (သို့မဟုတ်၊ အနောက်တိုင်းနှင့် အရှေ့တိုင်း) ဒေသများတွင် လက်ခံထား သည်ကဲ့သို့ သီးခြားဂုဏ်ရည်များ ရှိကြသည်ဟု မြင်သည်။ ဆိုလိုသည်မှာ 'ဝတ္ထုတို' ဆိုသည်မှာ 'တိုသောဝတ္ထု' အရေးအသားတစ်ခု A short story is a story that is short မျှသာမဟုတ်။ သီးခြား အမျိုးအစားတစ်ခုဖြစ်သည်။ နမူနာပြ ဆိုရသော် လက်ဖက်သုပ်နှင့် ဂျင်းသုပ်ကို 'အသုပ်'ဟုသော ယေဘုယျ မျိုးတူစုတစ်ခု၏ အောက်တွင် သတ်မှတ်ထား နိုင်သော်လည်း လက်ဖက်သုပ်နှင့် ဂျင်းသုပ်တို့၏ အသုံးတည့်ပုံ၊ အရသာရှိပုံ၊ နောက်ဆက်တွဲအကျိုးတရားများ စသည်တို့အားဖြင့် စိစစ်လေ့လာကြည့်လျှင် သီးခြားဂုဏ်အင်များ ရှိနေသကဲ့သို့ ဖြစ်သည်။ ဝတ္ထုတိုသည် ဝတ္ထုတို ရေးသားခြင်းဆိုင်ရာ 'အတတ်ပညာ' အောက်မှ ပေါက်ဖွားလာသော စာပေပစ္စည်းတစ်ခုသာ ဖြစ်သည်ဟု ဆိုရမည်။ (ဝတ္ထုတို အတတ်ပညာနှင့် စပ်လျဉ်းသော မြန်မာစာရေးဆရာ မြသန်းတင့်၏ အမြင်/အယူအဆကို မြသန်းတင့် ဝတ္ထုတိုပေါင်းချုပ် ၁ ပါ 'ဒုတိယအသံက ဝေဖန်ခြင်း'စာ၊ ၂၉-၃၇တွင် ကြည့်ပါ။) ရှေ့တွင် ဆိုခဲ့ပြီးသော 'တိုသောဝတ္ထု အရေးအသားတစ်ခု'ဟု မဆိုနိုင်ရသည်မှာ ကမ္ဘာ့စာပေအရေးအသားများတွင် 'ဝတ္ထုတို'ဟု ကန့်သတ်ချက်များအတွင်း စာလုံးရေ သုံးသောင်းအထိ ရေးသားထားသော အရေးအသားများလည်း ပါဝင်နေသောကြောင့် ဖြစ်သည် (ဥပမာ-လောရင့်(စ) D.H.Lawreence, The Fox (၁၉၂၃)။ ဘရောင်း Suzanne Hunter Brown က တက်(စ)အော့(ဖ)သည် ဒါဘာန်ဗေး(လ) Tess of the d'Urberville ကို 'ဝတ္ထုတို'အဖြစ်လည်းကောင်း၊ 'ဝတ္ထုရှည်' အဖြစ်လည်းကောင်း ဖတ်၍ရနိုင်ကြောင်း ရေးသားခဲ့ဖူးသည်။ (ကြည့်ပါ၊ Modern Fiction Studies XXVII (၁၉၈၂) စာ၊ ၂၅-၄၄။) 'ဝတ္ထုရှည်'တွင် 'ဒရာမာ'၏ သဘောများမှာ အခရာဟု ဆိုကြသည်။ (ဤတွင်  Drama ကို ဆိုလိုသည်။ Business ကို ဘိဇနက်ဟု ရေး၍ရလျှင် ဒရာမာဟု ရေးသည်မှာ ပြဿနာ မဖြစ်လောက်ဟု ထင်သည်။) သို့ရာတွင် အစဉ်အလာ လက်ခံထားခဲ့ကြသော စင်တင်ကပြ အသုံးတော်ခံခြင်းဟူသော အနက်ကိုသာ မယူစေချင်ပါ။ ဇာတ်အိမ်ဇာတ်လမ်းခိုင်ခိုင်၊ ဇာတ်ကောင်တို့၏ အားကောင်းသော အပြုအမူ၊ စရိုက်၊ အပြောအဆို စသည်များဖြင့် တည်ဆောက်ထားသော အရေးအသားများ မျိုးဖြစ်သည်။ အကြမ်းဖျင်း သဘောပေါက်စေရန် ကွယ်လွန်သူ မြန်မာမိန်းမ စာရေးဆရာတစ်ဦး၏စကားကို ထုတ်နှုတ်ပြလိုပါသည်။

            ...ဝတ္ထုရှည်ရေးပြီဆိုရင် ဇာတ်အိမ်က ကြီးလာတယ်။ ဇာတ်ကောင်တွေက များလာတယ်။ များလာလေ ဇာတ်ကောင်တစ်ကောင်ချင်းရဲ့ စရိုက်ကို ဖော်ရတာ လက်ဝင်လာတာပေါ့။ ဝတ္ထုတိုကတော့ တစ်ခါတလေ တစ်ယောက်တည်း။ တစ်ခါတလေ အလွန်ဆုံး နှစ်ယောက် သုံးယောက်။ အဲဒီလို ဖြစ်တတ်တာပေါ့။ နည်းနည်းတော့ မပင်ပန်းဘူးပေါ့...

ဝင်းငြိမ်း၊ ၁၉၈၃။ ၈၉။

ဤတွင် ဖော်ပြထားသောသဘောမှာ ဒရာမာ၏သဘောနှင်နှင် ဖြစ်သည်။ သို့ရာတွင် ကွဲကွဲပြားပြားရှိသည့်သဘောမျိုး မြင်ပုံမရ။ ဆိုးရွားသောအချက်တစ်ရပ်မှာ ဝတ္ထုတိုရေးခြင်းအပေါ် ပေါ့တန်သော အားထုတ်မှုသဖွယ်ဖြစ်အောင် 'မပင်ပန်းဘူး…' ဟု ဆိုခဲ့ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် 'ဖန်တီးယူတတ်ရင် ရှည်ရှည်ရေးလို့ရပါတယ်' (ယင်း။ ၉ဝ)ဟု ဆိုထားသည်ကို ဖတ်ရှုရသည်။ သို့ရာတွင် ကျွန်တော့်အမြင် သက်သက်အရ ဆိုရလျှင် စာရေးဆရာဌေးမောင် တင်ပြခဲ့ သော 'အကြောင်းအရာတစ်ရပ်ကို ချဲ့ရေး၍၊ ချုံ့ရေး၍ သင့်ပါမည်လော' (ဌေးမောင်။ ၁၉၆၇၊ ၂၁၇) ဟူသော ပြဿနာကိုပင် ပြန်လည်စောဒကတက်ကြည့်လျှင် လိုအပ်သွားသည်ဟု မြင်၏။ စာရေးဆရာ ထင်လင်း၏ ဝတ္ထုတိုအပေါ် လက်ခံရှုမြင်ပုံမှာမူ ပိုမို၍ လက်ခံစရာဟု ဆိုရမည်။ ထင်လင်းက ဤသို့ ယတိပြတ်ဆိုခဲ့သည်။

            ...မူလက မသေမချာ ခေါ်ခဲ့ရသလို ဝတ္ထု(Fiction) သဘောရေးထားသော စာခပ်တိုတိုဆိုလျှင် ဝတ္ထုတို၊ ခပ်ရှည်ရှည်ရေးသောစာဆိုလျှင် ဝတ္ထုရှည်ဟုပင် ခေါ်ခဲ့ကြရသည်။ အတိအကျ ဖွင့်ဆို၍ မရသလို ဖြစ်သည်။ ဝတ္ထုရှည်၊ ဝတ္ထုလတ်၊ ဝတ္ထုတို၊ လုံးချင်းဝတ္ထု စသည့် စာပေအဖွဲ့မျိုးတွင် ပုံသဏ္ဌာန်နှင့် အကြောင်းအရာတို့သည် သီးခြားစီ ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုရှည်ဆိုသောအဖွဲ့နှင့် ဝတ္ထုတိုဆိုသောအဖွဲ့တို့သည် ရေးပုံချင်းလည်း မတူ၊ အနု ပညာဖန်တီးပုံချင်းလည်း မတူကြ။ ဝတ္ထုရှည်တွင် ဇာတ်လမ်း (Story)ကောင်း၍ ဇာတ်ဆောင်စရိုက် (Character) ဖော်ပုံ ပီသလျှင် ဝတ္ထုရှည်ကောင်းတစ်ပုဒ် ဖြစ်လာသည်ဟု ဆိုနိုင်သော်လည်း ဝတ္ထုတိုတွင်ကား ဇာတ်လမ်းကောင်းခြင်း၊ ဇာတ်ဆောင်စရိုက်ဖော်ပြပုံ ပီသခြင်းတို့သည် ဝတ္ထုကောင်းတစ်ပုဒ်၏ အဓိကလက္ခဏာများ မဟုတ်ကြချေ။ ကျွန်တော်၏ အမြင်ကို ဆိုရလျှင် ဝတ္ထုတိုဆိုသောအဖွဲ့မျိုးတွင် အနုပညာဖန်တီးမှုသဘောသည် အဓိကလက္ခဏာတစ်ခု ဖြစ်သည်ဟု ဆိုချင်ပါသည်။

ထင်လင်း။ ၁၉၉၄၊ ၉-၁ဝ။

ထင်လင်း၏မြင်ပုံမျိုးမှာ ဝတ္ထုတိုကို ပညာရပ်တစ်ခုအဖြစ် လေ့လာကြည့်သူတို့ မြင်ပုံမျိုးဖြစ်သည်။ (စပ်လျဉ်း၍ ကျွန်တော့်အမြင်တစ်ရပ်တင်ပြရသော် ထင်လင်း၏ ဝတ္ထုအရေးအသား နှင့် စပ်လျဉ်းသော အရောင်မပါသည့် အမြင်မျိုးကို မြန်မာဘာသာစာပေလောကတွင် တွေ့ရခဲသည်။ [မရှိဟု မဆိုလိုပါ] သူ၏ ချစ်သူရင်ခွင်ထက်၌ အိပ်စက်ခြင်း အမှာတွင် 'ဤအကြောင်းမျိုး အခြေအနေမျိုးကို ရှာဖွေဖန်တီးရသည်က မလွယ်လှ။ ဖန်တီးမှု အံဝင်ခွင်ကျ ဖြစ်သွားပြီဆိုလျှင်...' (ထင်လင်း။ ၁၉၉၅။ ၂၈-၉)စသည်ဖြင့် ဖန်တီးမှု၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ခြင်းများ တွေ့ရသည်။) စာပေအား ပညာရပ်တစ်ခုအဖြစ် လေ့လာကြသော အနောက်တိုင်းမှ ပညာရှင်တို့၏ ယေဘုယျကျကျ လက်ခံထားသော အမြင်တစ်ခုမှာ ဝတ္ထုတိုဆိုသည်မှာ စကားပြေဖြင့် ရေးသားဖော် ထုတ်ထားသော အကြောင်းတစ်ရပ်သာ ဖြစ်သည်။ (ဤတွင် Narrative in prose နှင့် Narrative fiction in porse သဘော နှစ်မျိုးစလုံးကို ဆိုလိုသည်။ Narrative ၏ သဘောကို မြန်မာ စာရေးဆရာကြီး မောင်ထင်က ၁၉၆၁ ခု စာပေကလပ်တွင် ပို့ချခဲ့သောသင်တန်း၌ Narrative, Narration ကို 'အကြောင်း အက္ခရာတွေကို အစီအစဉ်ကလေးနဲ့ သင့်တော်အောင် ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောတဲ့နည်းပဲ'ဟု ဆိုခဲ့ဖူးသည်။ (မောင်ထင်။ ၁၉၆၇၊ ၄၃၉-၄၉။) ဖြည့်စွက် တင်ပြရသော် Narrative တွင် အကြောင်းတစ်စုံတစ်ရာကို တင်ပြနေသည်မှာ မှန်သော်လည်း အကြောင်းတစ်ခုတည်းဟု မမြင်မိကြရန် ဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကား မှန်၏။ အကြောင်းအရာတစ်ခုတည်းကား မဟုတ်။ ဇာတ်ကြောင်း ဇာတ်ကွက်ဖြင့် ဖော်ထုတ်ကြသော ကဗျာရှည်ကြီးများကို Narrative poetry ဟု ခေါ်ကြသည်။ ဥပမာ- ဘဲလဲဒ် Ballad ခေါ် ကဗျာရှည်ကြီးများ။) ဝတ္ထုတိုနှင့် စပ်လျဉ်းသော အမြင်၊ အဆို၊ သဘောထားများ (သာမန်အားဖြင့်သော် ခြုံငုံ၍ 'သီဝရီ'ဟု ခေါ်နိုင်သည်။ သို့ရာတွင် ထို 'သီဝရီ'ဟူသော အသုံးအနှုန်းကို ပိုက်သာဂေါရပ်(စ)သီဝရီ၊ ကွမ်တန်သီဝရီ စသည်များနှင့် မရောထွေးစေချင်ပါ။) အမျိုးမျိုးရှိနေသည်ကား မှန်၏။ ထိုအမြင်၊ အဆို၊ သဘောထားများကို အလုံးစုံ အကြွင်းမဲ့ သဘောတူလက်ခံ၍ မဖြစ်ပါ။ သို့မဟုတ်၊ မဖြစ်နိုင်ပါ။

            မြန်မာဝတ္ထုတို ဖြစ်ပေါ်တိုးတက်မှုအစဉ်မှာ သီးခြားသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုသာ ဖြစ်သည်။ အနောက်တိုင်း၏ အရေးအသားပုံစံများ လွှမ်းမိုးမှုရှိခဲ့သည်မှာ မှန်သော်လည်း၊ သီးခြားသဘောဆောင်နေသော မြန်မာစာပေ၏ စီးဆင်းမှုအတွင်းမှ စီးဆင်းမှုတစ်ရပ်သာ ဖြစ်ရကား၊ ယေဘုယျပုံစံ တစ်စုံတစ်ရာဖြင့် ရောထွေးပစ်ရန် မဖြစ်နိုင်။ ရေခံမြေခံမတူသော ဖြစ်ပေါ်တိုးတက်မှုကို သံမဏိပေတံ တစ်ချောင်းတည်းဖြင့် တိုင်းထွာကြည့်၍ မရနိုင်။ အနောက်တိုင်း၏ ဖြစ်ပေါ်တိုးတက်မှု (နည်းပညာမဟုတ်ပါ)ကို စံပြုထားသော နေကာမျက်မှန်ကိုတပ်ပြီး အမြဲတစေ အကဲဖြတ်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် စီးဆင်းပုံ မတူခဲ့ခြင်း၊ ကျောထောက်နောက်ခံယဉ်ကျေးမှု မတူခြင်း၊ ကာလတရား အခြေခံ သိမှု၏ဖြစ်ပေါ်တိုးတက်မှု မတူညီခဲ့ခြင်း၊ ဘာသာစကား အခြေခံမှု တည်ဆောက်ပုံမတူညီခြင်း... စသည်များကို ထည့်သွင်းမစဉ်းစားဘဲ အကဲဖြတ်ရန် မဖြစ်ပါ။ ဆိုလိုသော သဘောကို ရှင်းလင်းစေရန် နမူနာတစ်ခု ပေးလိုပါသည်။ စောလူ၏ 'နန်းရှေ့အချိတ်' အရေးအသားတွင် ဤသို့ကောက် ချက်ချထားသည်ကို ဖတ်ခဲ့ရဖူးသည်။

            မြန်မာဝတ္ထုတို ဝတ္ထုရှည်တွေ ဖတ်ဖူးတဲ့ မြန်မာစာတတ် နိုင်ငံရပ်ခြားသားတွေကို မြန်မာဝတ္ထုလောကနဲ့ ပတ်သက်လို့ သူတို့သဘောထား မေးကြည့်တဲ့အခါ မကောင်းထင်ကြတာလည်း ကြားရရဲ့။ မကောင်းထင်ကြပြီး ထောက်ပြတဲ့ အားနည်းချက်တွေထဲက တစ်ခုကတော့ ကျိုးကြောင်းဆက်စပ် ပြုမှုပါပဲ။ ဇာတ်လမ်းဖွဲ့စည်းတဲ့နေရာမှာ ဒိဋ္ဌဓမ္မလောက နိယာမတရားတွေကို ရှေ့တန်းမတင်ဘဲ ကိုယ့်စိတ်ကူးဉာဏ်ကိုပဲ ရှေ့တန်းတင်ရာက ဒီလိုဖြစ်ရတယ်လို့ သဘောရပါတယ်။

(စောလူ။ ၁၉၉၆၊ ၈၄။)

'မြန်မာဝတ္ထုလောကနဲ့ပတ်သက်လို့ ကောင်းတာရော၊ မကောင်းတာပါ ကြားရတယ်'ဟုသော စောလူ၏အဆိုမှာ တရားပါပေသည်။ သို့ရာတွင် နိုင်ငံရပ်ခြားသားဟု စောလူ ညွှန်းသည့် သူများတွင် အနောက်တိုင်းလူဖြူနှင့် အနောက်တိုင်းလူဖြူတို့ အမြင်ကို မျက်စိမှိတ် လက်ခံထားတတ်သည့် အနောက်နိုင်ငံများ၌ ပညာဆည်းပူးခဲ့ပြီး အနောက်မှပေးလိုက်သော အသိပညာမှန်သမျှကို မျက်စိမှိတ်  လက်ခံတတ်ကြသော အရှေ့တိုင်းသားများလည်း ပါကောင်းပါမည်ဟု ထင်သည်။ ထိုအမြင်မှာ ထိုထိုသောသူတို့၏ ပုံမှန်အမြင်မျိုး ဖြစ်သည်။ ထိုအဆိုကို အထောက်အထားပြုသော အဲချာ Anniemarie Eche ၏ စာတမ်းတစ်စောင်မှ စာတစ်ကြောင်းကို ကောက်နုတ် ပြလိုသည်။ အဲချာက... short stories, written before 1919, had a relatively low level(Esche. 1995.340) ဟု အကဲဖြတ် ရေးသားခဲ့သည်။ စင်စစ်အနောက်တိုင်းတွင် ရေးသားပြောဆိုနေကြသော (Short story ဟုခေါ်သော) ဝတ္ထုတို အရေးအသားမျိုးသည် ၂ဝ ရာစုအတွင်း ရောက်မှသာ မြန်မာစာပေလောကတွင် ပြန့်ပွား၍ တစ်စထက်တစ်စ ခိုင်ပြီးကြီးမားလာခဲ့ပါသည်။ စင်စစ် အဲချာရေးသည့်ကာလ ၁၉၁၉ ခန့် အထိ (ယနေ့ကာလ၏ စံများအရ သတ်မှတ်ခေါ်ဆိုသော) 'ဝတ္ထုတို' မှာ မရှိခဲ့သေးပါ။ သို့ဖြစ်ရကား မရှိသေးသော 'တစ်စုံတစ်ရာ'ကို အဘယ်ကြောင့် ညံ့သည်ဟုဆိုနိုင်သည် မသိ။ စင်စစ် အရှေ့တိုင်း အကြောင်း ကျွမ်းကျင်ကြသည်ဆိုသော အနောက်မှပညာရှင် အချို့မှာ ထိုသို့ မျက်နှာလွှဲခဲပစ် ပြောလေ့ရှိတတ်သည်မှာ အဆန်းမဟုတ်တော့ချေ။

            ထိုစဉ်အခါက 'ဝတ္ထု'ဟု သုံးနှုန်းသော အသုံးအနှုန်းများမှာ စင်စစ်ဇာတ်တော်များ အခြေခံဇာတ်ဝတ္ထုများသာ ဖြစ်ကုန်သည် (ဇာတ်- ဇာတက ဝတ္ထုနှင့် အခြားစာပေအနုပညာ ဆက်သွယ်ပုံကို မြန်မာစာပေပညာရှင်ပါရဂူ၏ 'ဇာတကဝတ္ထု နှင့် အခြားစာပေအနုပညာဆက်သွယ်ပုံ' တွင် ကြည့်ပါ။) ဆိုခဲ့ပြီးသည့်အတိုင်း 'ဝတ္ထု'ဟူသော အသုံးအနှုန်းမှာ ရှေးကသော် ဘာသာရေးအခြေခံ အရေးအသားများမှ တစ်ဆင့် (သို့မဟုတ်၊ အခြေခံ၍)ပေါ်ပေါက်လာခဲ့သော အရေးအသားများ (ဥပမာ-မဏိကုဏ္ဏလဝတ္ထု... စသည်များ)တွင် တံဆိပ်တပ် သုံးစွဲခဲ့ကြသည်။ မောင်ခင်မင်(ဓနုဖြူ) အမည်ခံ မြန်မာစာ ပါမောက္ခ ဒေါက်တာခင်အေး၏ အလိုအရသော် ပါရာယနဝတ္ထုမှာ အစောဆုံး ဗုဒ္ဓစာပေ ဝတ္ထုဖြစ်သည်။ (မောင်ခင်မင် (ဓနုဖြူ)၂ဝဝ၄။ ၂၃။) မြန်မာစာအားဖြင့် ရေးသားဖော်ထုတ် တင်ပြမှု ပရဝဏ်တွင်း၌ ၁၉ဝ၄ ခုနှစ်ကာလတွင် 'ဝတ္ထု' ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ငြင်းခုံ၍ ကောင်းနေကြဆဲ (အကျယ်ကို မြကေတု၏ စာပေတန်ဆောင်တွင် ဖတ်ရှုပါ) ရှိသေးသည်။ ထိုအဖြစ် (အနေအထား)နှင့် စပ်လျဉ်း၍ ပညာရှင် ဦးအေးချိုက ဤသို့ မှတ်ချက်ချသည်...

            အနုပညာ ပုံသဏ္ဌာန်အသစ်တစ်ခု ဖန်တီးရာတွင် ထိပ်တိုက် ရင်ဆိုင်မှုများနှင့် ကြုံရတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ မြန်မာဝတ္ထု ဖန်တီးသူများသည် ကဲ့ရဲ့ဝေဖန်သံများကြားမှ မဆုတ်မနစ် စိုက်လိုက်မတ်တတ် ရေးမြဲရေးခဲ့ကြသည်။ ယနေ့ကာလတွင်မူ ဝတ္ထုသည် ခံ့ညားထည်ဝါစွာ ဣန္ဒြေနှင့် နေနိုင်သည့်အဆင့်် ရောက်လာပေပြီ ဖြစ်၏။

(ဦးအေးချို(မဟာဝိဇ္ဇာ) ၂ဝဝ၄။ ၅၂။)

ယနေ့ကာလတွင် သုံးစွဲနေသော 'ဝတ္ထု'ဟူသော ကြန်အင်လက္ခဏာများနှင့် နှီးနွယ်၍ သဘောတူထား ပြောဆိုနိုင်သော အရေးအသား ပုံစံများသည်ပင် ၁၉ဝ၄ ခုနှစ်ခန့်မှသာ စတင်နိုင်ခဲ့ပါသည်။ ဝတ္ထုတို၏ ဖြစ်ပေါ်တိုးတက်ခဲ့ပုံမှာ တစ်ကမ္ဘာလုံးတွင်း တစ်ပြိုင်တည်း၊ တစ်သားတည်း ဖြစ်ပေါ်တိုးတက်ခဲ့သည် မဟုတ်ပါ။ ကာလ၊ ဒေသ၊ ပယောဂကို ထည့်သွင်း မစဉ်းစားဘဲ မဖြစ်နိုင်ပါ။ အများသိသည့်အတိုင်း အနောက်တိုင်းအရေးအသားကို မြန်မာမှုပြုသော သို့မဟုတ် မြန်မာ ပြန်ဆိုခဲ့ကြသော သို့တည်းမဟုတ် စိုးစဉ်းမှီး၍ မြန်မာတို့၏ စရိုက်ဓလေ့နှင့် အပ်စပ်ဆီလျော်သော ပုံရုပ်များဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသော ဂျိမ်း(စ)လှကျော်၊ ဦးလတ်၊ ဦးဖိုးဇော် အစရှိသူတို့မှာ မြန်မာဝတ္ထုအရေးအသားအတွက် ရှေးဦးလူများ ဖြစ်ကြသည်။

            စောလူ၏ အရေးအသားထဲတွင် ဖော်ပြထားသော 'မကောင်းဟု ထင်ကြသည်'ဟူသော မြန်မာမဟုတ်သူတို့၏ အမြင်များမှာ သူတို့၏ အမြင်အတွင်းမှ ဟုတ်လောက် မှန်လောက်သည်ဟု ဆိုရမည်။ အခြားတစ်ဖက်ဖြစ်သော မြန်မာတို့၏အမြင်မှ ကြည့်လေသော် မမှန်။ ရှေ့တွင် ဆိုခဲ့သည့် ၁၈၈၄ တွင် မက်သျူး(စ)က 'ဝတ္ထုတို'ဟု သတ်မှတ် ခေါ်ဝေါ်ရမည့် အရေးအသားတစ်မျိုး ပေါ်ပေါက်လာခဲ့ပြီဖြစ်ကြောင်း' တင်ပြခဲ့သည့်ကာလမှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အပြီးအပိုင် သိမ်းပိုက်တော့မည့်အချိန် ဖြစ်သည်။ စစ်ရေးသည် စာပေအပါအဝင် အနုသုခုမ ပညာရပ်အစုစုကို တုံ့ဆိုင်းထားစေနိုင်သော အစွမ်းရှိသည်။ တီထွင်မှု၊ ဆန်းသစ်မှု အဝဝတို့ကို ရပ်တန့်ထားလိုက်သည်။ တစ်နည်းဆိုသော် အနောက်ဘက်ဒေသများတွင် စာပေ၊ အနုသုခုမပညာရပ်များ စည်ပင် ပြန့်ပွားနေစဉ် အရှေ့တိုင်းနိုင်ငံများမှာ ကိုလိုနီပြုကျင့်မှု ခံနေကြရသည်။ ကိုလိုနီပြုကျင့်ခံရသော နိုင်ငံများအနေဖြင့် ပြုကျင့်ခံရစဉ်၏အစတွင် စစ်ဘေးစစ်ဒဏ်နှင့် မင်းပြောင်း မင်းလွဲဒဏ်ကို ခံရသည်ချည်း ဖြစ်သည်။ ထိုကာလတွင် အနုပညာဆိုင်ရာ အားထုတ်မှုများ လျော့ပါးကြရသည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကြိုးပမ်းနေကြရသည်။ အနောက်တိုင်း လူဖြူကိုလိုနီအရှင်သခင်များမှာမူ အနုသုခုမပညာရပ်အစုံစုံကို တီထွင်ကြံဆရင်း ဖွံ့ဖြိုးအောင် ကြံဆောင်နေနိုင်ကြသည်။ သို့ဖြစ်၍ ဖွံ့ဖြိုးမှုမှာ အနှစ် ၂ဝဝ ခန့် ကွာဟနေကြသည်။ အနုသုခုမဆိုင်ရာ ဖွံ့ဖြိုးမှုအပိုင်းတွင် ကိုလိုနီပြုကျင့်ခံရသူများမှာ အနောက်၏ (ကိုလိုနီပြုကျင့်ကြသူတို့၏) ဖွံ့ဖြိုးမှုကိုမီရန် အတင်းလိုက်ရသည်ချည်း ဖြစ်သည်။ ထိုသို့သော အနေအထားမျိုးကို လူဖြူတို့ မျက်စိတွင် မမြင်ကြ။ မမြင်နိုင်ကြ။ သို့အတွက်ကြောင့်လည်း ထိုထိုသော မှတ်ချက်မျိုး၊ ကောက်ချက်ချမှုမျိုးများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုရပေမည်။

            စောလူ၏ အရေးအသားပါ မှတ်ချက်တစ်ခုမှာမူ နားလည်ရန် ခက်သည်။ 'ဇာတ်လမ်းဖွဲ့စည်းတဲ့နေရာမှာ ဒိဋ္ဌဓမ္မ လောကနိယာမတရားတွေကို ရှေ့တန်းမတင်ဘဲ ကိုယ့်စိတ်ကူးဉာဏ်ကိုပဲ ရှေ့တန်းတင်ရာက ဒီလိုဖြစ်ရတယ်လို့ သဘောရပါတယ်'ဟူသော ကောက်ချက်မှာ အရောင်ပါသော ကောက်ချက်မျိုး ဖြစ်သည်။ 'ဒိဋ္ဌဓမ္မလောကနိယာမ တရားတွေ' ဆိုသည်မှာ Reality, Realism စသည်များကို ရည်ညွှန်းပုံရပါသည်။ အကယ်၍ အနောက်နိုင်ငံ၏ စာပေနှင့် ဝတ္ထုအရေးအသားများအပေါ် အထိုက်အလျောက် ခေါင်းဝင်ကိုယ်ဆံ့ သိရုံမျှသိခဲ့လေသော် ထိုမှတ်ချက်မျိုး ပေးလိမ့်မည်မထင်။ ထိုကောက်ချက်မျိုးများမှာ အရှေ့ဥရောပတွင် Ideanost, Narodnost, Partynost စသည်များ ထွန်းကားခဲ့စဉ်က တက်ထောင်မောင်းနင်း ပြောဆိုခဲ့ကြသောအမြင်မျိုးဟု မြင်မိသည်။ သို့မဟုတ် စောလူက ဝင်းဝင်းမြင့်(နန်းတော်ရှေ့) ၏ အရေးအသားအပေါ် အားပေးချင်ဇောဖြင့် မြန်မာစာပေလောကတွင် အချို့က'သရုပ်မှန်'၊ 'ပြည်သူနှင့် နီးစပ်သည်' စသည့်အမြင်များကို သွယ်ကာ ဝိုက်ကာ အားပေးရင်း 'ဒိဋ္ဌဓမ္မလောက နိယာမတရားတွေ' ဟူသော အသုံးအနှုန်းကိုသုံးကာ ရေးသားလိုက်ခြင်းဖြစ်လောက်ပေသည်။ စပ်လျဉ်းနေသဖြင့် ဤနေရာတွင် ထည့်သွင်းဆွေးနွေးလိုသော အချက်တစ်ခု ရှိပါသည်။ ၄င်းမှာ မြန်မာစာပေ ရေးသားဖော်ထုတ်မှု ပရဝဏ်အတွင်း ယောင်ယောင်ဝေဖန်ရေးဆရာနှင့် ယောင်ယောင် ကွန်မြူနစ်များ တက်ထောင်မောင်းနင်း ရေးသားလေ့ရှိသော 'သရုပ်မှန်ခြင်း'နှင့် 'ဘဝသရုပ်ဖော်'ဟူသော အသုံးအနှုန်း များအကြောင်း ဖြစ်ပါသည်။ ရှေးကသော် ယောင်ယောင် စာပေဝေဖန်ရေးဆရာဆိုသူများ၊ သို့မဟုတ် အများစုမှာ ယောင်ယောင်ကွန်မြူနစ်ဝါဒ၏ လွှမ်းမိုးမှုများ ခံထားရသူ များခဲ့သည်။ စာပေနှင့် အနုသုခုမဝေဖန်ရေးဆိုသည်မှာ စာဖတ်တတ်သူ လူတိုင်းလုပ်၍ဖြစ်သော အပြုအမူတစ်ရပ်ဟု သဘောထားကာ လုပ်ခဲ့ကြသူများ ဖြစ်သည်။ ယောင်ယောင် ကွန်မြူနစ်ဝါဒမှာ တကယ့်မာ့က်(စ)ဝါဒ အပေါ်တွင် ဥဿုံ အခြေခံခဲ့သည် မဟုတ်ရကား၊ ရှေးက စာပေဝေဖန်ရေးလုပ်သူ အများစု၏ အမြင်တွင် 'ဆင်းရဲမှ၊ မွဲမှ သရုပ်မှန်တယ်၊ ဘဝ မှန်တယ်'ဟူသော အခြေခံအမြင်သည် ခိုင်ပြီး ကြီးထွားခဲ့သည်။ သို့ဖြစ်ရကား ဆင်းရဲသည့်အကြောင်း၊ မွဲသည့်အကြောင်းကို ရေးသားခြင်းမဟုတ်သမျှ 'သရုပ်မမှန်'၊ 'ဘဝသရုပ်ဖော်မဟုတ်' စသည်ဖြင့် ယိုးစွပ်ကြတော့သည်။ တစ်နည်းဆိုရသော် (ရှေ့တွင်ဆိုခဲ့သော) ကွန်မြူနစ်နိုင်ငံများတွင် ဝါဒရေးရာ အခြေခံ၍ ရေးသားဖော်ထုတ်ကြသော  ဆိုရှယ်လစ် သရုပ်မှန်ဝါဒ Socialist Realism အခြေခံ Narodnost, Partynost, Ideanost စသည့် ရေးသားပုံမျိုးကို ဆိုလိုကြခြင်း ဖြစ်ပြီး Realism ၏ ရည်ရွယ်ရင်းကို ဆိုလိုကြသည် မဟုတ်။ Realism ကို(ရှေးက) ရန်ကုန်တက္ကသိုလ်မှ ပညာရှင်၊ ပညာရှိတို့က 'သရုပ်မှန်ဝါဒ'ဟု ခေါ်ဆိုခြင်း၌ပင် အနက်ရင်းမှ သွေဖည်နေသောသဘောကို ဆောင်နေသည်။ (ဤအချက်နှင့် စပ်လျဉ်း၍ ချင်းတွင်း မဂ္ဂဇင်း အမှတ် ၁ဝ၊ စာ ၁၅၉-၆၁ တွင် အထိုက်အလျောက် ဖော်ပြခဲ့ဖူးသည်။

            ပြဿနာမှာ 'ဘာကို၊ ဘယ်လိုသရုပ်မှန်သလဲ'ဟူသော မေးခွန်းပင် ဖြစ်သည်။ အကြောင်းမှာ စာအရေးအသားတိုင်း သည် ရေးသားထားခြင်းများသာ ဖြစ်သည်။ ရေးသားထားခြင်းများသည် စာလုံးများဖြင့် ရေးသားထားရခြင်း ဖြစ်သည်။ စာလုံးများသည် အစစ်အမှန်များ မဟုတ်ကြ။ 'အစစ်အမှန်များမဟုတ်'ဟု ဆိုခြင်းတွင် နားရှင်းစေချင်သည်။ ဆိုလိုသည်မှာ စာလုံးများမှာ သင်္ကေတများဖြစ်ပြီး ထိုထိုသော သင်္ကေတများအားဖြင့် ဖော်ထုတ်တင်ပြထားခြင်းများကို လူက သူ၏သိမှုတွင် အနက်ဖော်ကြည့်ခြင်းသာ ဖြစ်သည်။ တစ်နည်းဆိုသော် စာလုံးများက တစ်စုံတစ်ရာကို ကိုယ်စားပြု ဖော်ထုတ်ပေးခြင်း သဘောဖြစ်သည်။ ဥပမာ၊ 'တဲ'ဟူသော စာလုံးသည် တကယ့်တဲစင်စစ်မဟုတ်။ တဝမ်းပူကို နောက်ပစ်ထားခြင်းသာ ဖြစ်သည်။ စာရွက်ပေါ်တွင် သင်္ကေတပြု ဖော်ထုတ်ပြထားသော သဘောသာဖြစ်သည်။ ထို့ပြင် ဘာသာစကားသည် ယဉ်ကျေးမှု၊ နေ့စဉ်ဘဝတို့နှင့်လည်း ဆက်သွယ်လျက် ရှိနေရာ စာလုံးများကို အနက်ဖော်ခြင်းသည် ၄င်းတို့မှ ကင်းပ၍ မနေပေ။ (ဆိုလိုသည်မှာ Words also belong to cultural system of meaning and cultural way of saying ဖြစ်သည်။) သို့ဖြစ်ကား 'တဲ'ဟူသော စာလုံးသည် ယေဘုယျအားဖြင့် 'တဲတစ်ခု'ဟု ဆိုနိုင်သော်လည်း ရေးသားသော စာသွားစာလာကို ထောက်ဆ၍ 'တဲ'ကို ပုံရုပ်ဖော်ကြည့်ရပြန်သည်။ အာဖရိကမှ တဲ၊ မြောက်အမေရိကမှ တဲ၊ တရုတ်ပြည်မှ တဲတို့မှာ တစ်မျိုးတည်း မဟုတ်ကြချေ။ သို့ဖြစ်ရကား 'တဲ'ဟု စာလုံး အားဖြင့် သင်္ကေတပြု ဖော်ထုတ်ရေးသားထားသော 'တဲ' သည် မိမိမျက်စိရှေ့တည့်တည့်တွင် မြင်နေရသော တဲတစ်ခု (တကယ့်ဘဝအတွင်းမှ)ကဲ့သို့ အပ်ကျမတ်ကျ သရုပ်သကန် မှန်နေသည်ဟု မဆိုနိုင်။ ထို့ပြင် စာလုံးများကို သုံးစွဲကာ ရေးသားခြင်းသည် ဘာသာစကား အရ ဖော်ထုတ်တင်ပြခြင်း တစ်ခုဖြစ်သည်ကို မမေ့အပ်။

            ဘာသာစကားအားဖြင့် ဖော်ထုတ်တင်ပြရာတွင် စကား တန်ဆာဆင်ခြင်းများ (Trope ကို ဆိုလိုသည်)လည်း ရှိ သည်။ ဦးပုည မေတ္တာစာလာ 'မောင်ကင်းပေးမေတ္တာစာ'မှ  အရေးအသားအချို့ကို ကြည့် စေချင်သည်။

            ...တတ်နိုင်လျှင် အူကို နှုတ်၊ ဖြူအောင် ပြုတ်လို့စား၊ ဆိုလိုက်သည့်စကား၊ အကြပ် မောင်ကင်းနားမှာ၊ ကျွဲခတ်၍ သွားသည့်နှယ်၊ ဘဝင်တစ်လျှောက်ဝယ်၊ ကျောက်ကပ်ကို ထိုး၍နာ၊ နူရာဝဲစွဲ၊ အလဲကို ဆင်နင်း၊ အဆင်းကို ချိတ်၍ ချူ၊ ရေမွန်းသူကို ဝါးနှင့်နှိပ်...

(ဦးပုည။ ၁၉၅၈)

            ဤတွင် စကားတန်ဆာဆင်ပုံများကို စုံလင်အောင် တွေ့နိုင်သည်။ ရွာစည်ရွာစားက သူ၏မေတ္တာစာကို ပုံရုပ်ဖော်ရာတွင် တကယ်ဘဝ (နေ့စဉ်ဘဝ)နှင့် တိုက်ရိုက် စိစစ်ကာ သရုပ်သကန်မှန်သည်ဟု ဆိုရနိုင်သော အသုံးအနှုန်းများကိုသာ သုံးနှုန်းခဲ့သည်မဟုတ်ကြောင်း တွေ့ရမည်။ ဖတ်သူ မြင်သာသော၊ နားလည်နိုင်သော၊ သိမှတ်ခံစားနိုင်သော စကား တန်ဆာဆင်မှုတို့ဖြင့် ထုတ်ပြဆိုခဲ့သည်ချည်းဖြစ်၏။ 'အူကို နှုတ်၊ ဖြူအောင်ပြုတ်လို့စား...'ဆိုရာတွင် တကယ့်ဘဝ (နေ့စဉ်ဘဝ)အတွင် တကယ်ဖြစ်နိုင်၊ လုပ်နိုင်သော အကြောင်းတစ်ရပ်မဟုတ်။ ဤသို့ ဘာသာစကား၏ ဘောင်အတွင်း၌ စကားတန်ဆာဆင်ရေးသားခြင်းမျိုးကို သရုပ်မှန်၊ မမှန်ဟူသော ပေတံတစ်ချောင်းဖြင့် မတိုင်းထွာနိုင်ချေ။ သို့ဖြစ်၍ Realism ဆိုသည်မှာ သရုပ်မှန်ခြင်း၊ ဘဝကို သရုပ်ဖော်နိုင်ခြင်းကို ကန့်သတ်ထားသည်မဟုတ်။ ထိုကန့်သတ်ထားလျှင် စာလုံး၊ ဘာသာစကားတို့ဖြင့် တည်ဆောက်ထားသော အရေးအသားများကို Realism ပေတံဖြင့် တိုင်း၍ ရရန် မလွယ်တော့ချေ။ Realism ကို 'သရုပ်မှန်ခြင်း'၊ 'ဘဝသရုပ်ဖော်ခြင်း' ဟု အနက်ယူကာ သိမ်းကျုံးကန့်သတ် ရေးသား၍ မဖြစ်နိုင်။ ကာလ၊ ဒေသကို အခြေခံ၍ အရေးအသားအားဖြင့် ပြန်လည်ဖော်ထုတ်တင်ပြရာတွင် ထိုကာလ၊ ဒေသနှင့်ကိုက်ညီမှု၊ လိုက်လျောညီထွေမှုရှိခြင်းများကိုသာ အခြေခံ၍ ဆုံးဖြတ်နိုင်ပေသည်။ ထိုသို့ဆိုသည့်တိုင် Realism ကို အလေးပေး၍ အရေးအသားအားဖြင့် တင်ပြသူတိုင်းမှာ သူ၏ တစ်သီးပုဂ္ဂလ ဖြစ်နေခြင်းအတွင်းမှသာ ဖြစ်သည်။ လူမှုဝန်းကျင်အတွင်း သူကျင်လည်နိုင်သမျှသော အတိုင်းအတာအတွင်းမှ ဖန်တီးမှု များသာ ဖြစ်သည်။ သို့ဖြစ်ပါ၍ Realism ဟု ကန့်သတ်ခေါ်ဆိုသော အရေးအသားများမှာ ဖန်တီးမှုများသာဖြစ်သည် ဆိုခြင်းကို လက်ခံထားကြရပေတော့မည်။

            စင်စစ် အနောက်တိုင်းစာပေအရေးအသားတွင် (စောလူ၏အရေးအသားတွင်ပါသော) 'ကိုယ့်စိတ်ကူးဉာဏ်ကိုပဲ ရှေ့တန်းတင်ရာက...'ဟူသောအချက်(အပြုအမူ)နှင့် စပ်လျဉ်း၍ 'အပြစ်ဆိုစရာအချက်' (အကြောင်းပြချက်တစ်ခု)အဖြစ်သုံးကာ စောဒကတက်ကြမည်ဟု မထင်။ သူတို့တွင် စိတ်ကူးဉာဏ်သက်သက်ကိုသာ အခြေခံ၍ ရေးသားသော Fantacy အရေးအသားများ ရှိပါသည်။ သို့ရာတွင် Fantacy ဝတ္ထုတိုများသည်ပင် မြန်မာဘာသာစကားအခြေခံဖြင့် အစဉ်အလာ နားလည်လက်ခံခဲ့ပုံမျိုး မဟုတ်တော့ပါ။ (ရှေ့တွင် ဆွေးနွေးထားသော ဂျူး၏ ဝတ္ထုတိုအကြောင်းတွင် အရှည်အကျယ် ကြည့်ပါ။) သူတို့အနောက်တိုင်းတွင် ပြောစမှတ်ရှိခဲ့သော Gulliver's Travels (၁၉၂၆) ကဲ့သို့သော အရေးအသားသည်ပင် 'စိတ်ကူးဉာဏ်'ကို ရှေ့တန်းတင်ကာ တည်ဆောက်ထားသော အရေးအသားတစ်ခုသာဖြစ်သည် မဟုတ်ပါလား။ အရေးအသားမှန်သမျှသည် တကယ့်ဘဝတစ်ခု မဟုတ်တော့ပါ။ စာလုံး၊ စကားလုံးများအားဖြင့် ပြန်လည်တည်ဆောက်ပြထားသောဘဝများ၊ အဖြစ်အပျက်များသာ ဖြစ်ပါသည်။ (လူတိုင်း နေ့စဉ်သုံးစွဲနေသော ဘာသာစကား အသုံးအနှုန်းသည်ပင် 'ကိုယ့်စိတ်ကူးဉာဏ်'ဆိုသည်မှ ကင်းကွာ၍ မရပါ။) သို့ဖြစ်ရကား နိုင်ငံရပ်ခြားသားများက 'ကိုယ့်စိတ်ကူးဉာဏ်ကိုပဲ ရှေ့တန်းတင်'သဖြင့် မြန်မာဝတ္ထုအရေးအသားများအပေါ် မကောင်းဟု ကောက်ချက်ချလေသော် 'ဘလာဒ်ဒီ၊ ဟဲလ်။ မင်းတို့ဝတ္ထုတွေကို ဘယ်လိုရေးကြသတုန်း'ဟု မေးရန်သာ ရှိပါတော့သည်။ မြန်မာစာတတ် လူမျိုးခြားများ၏ ကောက်ချက်ကို ပြန်လည် စောကြောမှုမပြုဘဲ အတည်ယူကာ မြန်မာဝတ္ထုတိုများအပေါ် အထင်အမြင်သေးချင်ပုံရသော စောလူ၏ မှတ်ချက်နှင့် တည့်တည့်ကြီး ဆန့်ကျင်လျက်ရှိသော မြန်မာ စာပေပညာရှင်တို့၏ အမြင်တစ်ခုကို ထုတ်နှုတ်ပြပါရစေ။

            ကျွန်တော်တို့မြန်မာစာရေးဆရာများ အကောင်းဆုံးရေး တတ်သည်မှာ ဝတ္ထုတိုဟု ကျွန်တော်ထင်ပါသည်။ မြန်မာဝတ္ထုတိုများသည် ကမ္ဘာအရပ်ရပ်မှ ဝတ္ထုတိုများ၏ အဆင်မီရုံမက ထိပ်ဆုံးတန်းက ရှိသည်ဟုလည်း ဆိုချင်ပါသည်။

(တိုက်စိုးနှင့် ထင်လင်း။ ၁၉၈၅။ ၁။)

တိုက်စိုးနှင့် ထင်လင်းမှာ မြန်မာစာပေ ရေးသားဖော်ထုတ်မှု နယ်ပယ်တွင် အထောက်အကူမဲ့ သီးခြားရပ်တည်နေနိုင်ပြီး စာပေသြဇာရှိသော ပညာရှင်များလည်း ဖြစ်ကြရာ ပြဆိုခဲ့သော ထုတ်နှုတ်ချက်မှာ မျက်နှာလွှဲခဲပစ်ဆိုခဲ့ခြင်းဟု ကျွန်တော် မထင်။ မမြင်။ မမှတ်ယူ။ သို့ဖြစ်ရကား မြန်မာဝတ္ထုတိုများမှာ 'လူဖြူလုပ်သမျှ ဟုတ်ပ' မူတစ်ခုတည်းကို အခြေခံ၍ ကောက်ချက်ချကာ အပြစ်ဆိုနေရန် မသင့်ဟု မြင်သည်။

            အနောက်တွင် 'ဝတ္ထုတို' အရေးအသား အင်အားကောင်းနေစဉ် မြန်မာတို့တွင် မစတင်နိုင်သေး။ ဘာသာစကားနှင့် ဘာသာရေးအပေါ် မှီတင်းနေသော ယဉ်ကျေးမှုအားကောင်းနေခြင်းတို့မှာ မြန်မာဘာသာ စာအရေးအသားဖြင့် 'ဝတ္ထု' ရေးသားခြင်းကို အထိုက်အလျောက် နှောင့်နှေးစေခဲ့သည်ဟု ဆိုကောင်းဆိုရမည်။ နှစ် ၁ဝဝ သာသာ ရှိလာသောအခါ မြန်မာဝတ္ထု၏ ဖြစ်ပေါ်တိုးတက်လာမှုသည် အတော်ပင် အသားကျလာခဲ့ပြီဟု ဆိုရပေမည်။ ရေခံမြေခံ မတူညီခြင်းကြောင့်မူ အနောက်တိုင်းနှင့် တစ်သားတည်းကား မကျနိုင်။ ဖွံ့ဖြိုးပုံချင်း မတူနိုင်။ အထူးသဖြင့် ကာလအတိုင်းအတာကို အခြေခံ၍ ဆွေးနွေးသော် တစ်ထပ်တည်း မကျနိုင်။ မြန်မာ ဘာသာစာကို အခြေခံ၍ ဖန်တီးရေးသားကြရာတွင် 'ဝတ္ထုရှည်'မှာ 'ဝတ္ထုတို'၏အရင် ပေါ်ပေါက်လာခဲ့သည်မှာ မှန်သော်လည်း 'ဝတ္ထုတို'ကဲ့သို့ အရှိန်အဟုန် မကောင်းလှ။ ဝတ္ထုရှည်ကောင်းများ ပေါ်ခဲ့သော်လည်း ဝါစဉ်အရ ပြန်တွေးကြည့်လျှင် အားရစရာကောင်းလှသည့် အရေအတွက်ပေါ်ထွက်ခဲ့သည်ဟု ကျွန်တော် မမြင်မိပါ။ (ကျွန်တော့်အမြင်သာ ဖြစ်ပါသည်။) လမ်းပေါ်က လူတစ်ယောက်မျှသာဖြစ်သော ကျွန်တော့်အမြင်ကို အသာထား၍ မြန်မာစာပေလောကအပေါ် အစဉ်တစိုက် လေ့လာကောက်ချက်ချနေသော မောင်ခိုင်လတ် (မော်ကျွန်း)၏အမြင်ကို ကြည့်ပါ။ 'မြန်မာဖစ်ရှင်များ'အရေးအသား၏ နိဒါန်းပိုင်းတွင် 'ဝတ္ထုတို တိုးတက်မှုသည် ဝတ္ထုရှည် တိုးတက်မှုထက် သာလွန်သည် ထင်ပါသည်' (မောင်ခိုင်လတ် (မော်ကျွန်း)။ ၁၉၉၁။ ၁ဝ၇)ဟု တင်ပြခဲ့သည်။ ထိုအရေးအသား၌ပင် မြန်မာဝတ္ထုရှည် အရေးအသားများ၏ ဖွံ့ဖြိုးမှု နှောင့်နှေးနေရခြင်းကို ဖြစ်စေနိုင်ခဲ့သော ဆွမ်းဆန်ထဲမှ ကြွက်ချေးများအကြောင်း ဖော်ပြခဲ့သည်။ မောင်ခိုင်လတ် (မော်ကျွန်း)၏ အရေးအသားမှ သဘောတူ မတူဘဲ မနေနိုင်သည့်အချက်တစ်ခုမှာ 'ဝတ္ထုတို တိုးတက်မှုသည် ဝတ္ထုရှည် တိုးတက်မှုထက် သာလွန်သည် ထင်ပါသည်'ဟူသော ကောက်ချက်ဖြစ်သည်။

            ၁၉၃ဝ နှစ်ကာလများသို့ ရောက်မှ မြန်မာဝတ္ထုတိုများမှာ မြေစမ်း ခရမ်းပျိုးလာကြသည်ဖြစ်ရာ၊ ဝတ္ထုရှည်များမှာ သက္ကရာဇ် ၂ဝဝဝ ကာလနောက်ပိုင်းရောက်သည့်တိုင် ရေးသားဟန်နှင့် အတွေးအမြင်ပိုင်းများသည် ပြောစရာဖြစ်လောက်အောင် မကျန်ရစ်ခဲ့ချေ။ (ဝတ္ထုရှည်ကောင်းများ မရှိဟု မဆိုလိုပါ။ ရှိပါသည်။ ထွက်သော အုပ်ရေဖြင့်ယှဉ်သော် အလွန့်အလွန် နည်းပါသည်။) ဤသို့ဆိုရသည်မှာလည်း ယနေ့တိုင် မြန်မာဝတ္ထုရှည်များမှာ ဖေတော့ မောင်တော့များနှင့် မကင်းနိုင်ကြသေး၍ဖြစ်သည်။ ရံဖန်ရံခါ ဝတ္ထုရှည် တစ်ပုဒ်စ နှစ်ပုဒ်စ ပြောစမှတ်ဖြစ်စရာကောင်းသော အနေအထားဖြင့် ပေါ်ပေါက်လာတတ်သည်က လွဲ၍ တခုတ်တရပြောစရာ မရှိလှသည့်အတွက် ဘာသာပြန်ဝတ္ထုရှည်ကြီးများ အကြိမ်ကြိမ် ပြန်လည်အသက်ဝင်လာကြရခြင်း ဖြစ်သည်။ ဘက်ဆဲလားဟု ဆိုရတတ်သော မြန်မာဝတ္ထုရှည် အတော်များများမှာ ရွာဦး၌ ရပ်၍ ဗျို့ဟစ်ပြခြင်းမျိုးထက် ပိုပိုသာသာ မရှိလှ။ အပျော်ဘက်မှ မတက်နိုင်ကြသေး။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်နှင့်ရပြီး ပထမဆယ်နှစ်သာသာ ကာလအတွင်းမှ ဝတ္ထုရှည်ကြီးများကဲ့သို့ ဇာချီတိုင်ကောင်းသော ရေစိမ်ခံမျိုးပေါ်လာခဲလှသည်။ ထိုစဉ်က ပြည်တွင်းဖြစ် မာ့က်(စ)ဝါဒရနံ့ တသင်းသင်းနှင့် လူတန်းစား အခြေခံ ဝတ္ထုရှည်ကြီးတို့မှာ ယနေ့ ဘက်ဆဲလားများထက် သာကြသေးသည်ဟူ၍ပင် ဆိုစရာ ဖြစ်နေသည်။ ထိုစဉ်ကလည်း ဖေတော့ မောင်တော့ အရေးအသားများ မရှိဟု မဆိုလို။ ရှိခဲ့ကြပါသည်။ သို့ရာတွင် စာရေးဆရာကြီး မောင်ထင်၏ စကားကို ချေးငှား၍ ပြောရသော် 'ခြောက်ပြားတန်ကတော့ ခြောက်ပြားတန်ပဲ'ဟု ဆိုရမည်။ ယခုခေတ်မှာကဲ့သို့ ဘက်ဆဲလား ဖြစ်မလာ။ (ယခုခေတ်တွင် ပေါတောတော အရေးအသား များ ဘက်ဆဲလား ဖြစ်လာသည်သာမက ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးကြောင်း ကြားသိရပါသည်။) ယနေ့ကာလ၏ စာဖတ်သူအနေအထားကို လိုက်၍ ပေါ်ပေါက်ခဲ့ခြင်းဟုဆိုရ မည်လားမသိ။ မြန်မာဝတ္ထုရှည် နယ်ပယ်အတွင်း ယနေ့တိုင် ဖေတော့မောင်တော့များ အရှိန်အဟုန် ကောင်းနေကြသေးသည်မှာမူ အံ့သြစရာတစ်ခုဟု ဆိုရမည်ကလွဲ၍ ဆိုစရာပင် မရှိတော့။

▀

ဆက်လက်ဖော်ပြပါမည်

မြင့်သန်း

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
သမိုင်းဖြစ်စဉ်ထဲက ထပ်ဆင့်အကယ်ဒမီ မြတ်လေး၏ ဇာတ်၀င်တေးနှစ်ပုဒ်
ကျော်သန်းမြင့် ၊ဗန်းမော်၊

အဆိုပါ ‘မောင့်ကို သေစေညွှန်းရော့သလား’ ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်တေးနှစ်ပုဒ်ဖြစ်သည့် ‘လက်ဆောင်မွန်’နှင့် ‘မစ္စ ဝစ္စကီ’ သီချင်းတို့သည် ယင်းရုပ်ရှင်ကား ရုံတင်သည့်အခါ ရုပ်ရှင် ကြည့်ပရိသတ်ရင်ထဲ စွဲသွားလေတော့သ...

ရွှေသုတ‌
...
မြသန်းတင့်နှင့် သူ ဆက်၍ ရေးချင်သောဝတ္ထုများ
မောင်သန်းဆွေ ၊ထားဝယ်၊

ဆရာကြီး ရဲထွန်းလင်းတော့ မရှိတော့ဘူး ဒဂုန်တာရာတော့ ရှိသေးတယ် ဆရာကြီး မင်းဆွေမရှိပေမယ့် ကိုအောင်မော်တို့ ကိုမျိုးသန့်ဆွေတို့ ရှိသေးတာပဲ ဒီလူတွေက အခုလို ဆရာဆက်ရေးတာနဲ့ ပတ်သက်လို့ ဘာမှ မပြောကြဘူးလား

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'