အခန်းဆက်ဝတ္ထုရှည်

တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၈)

ဆူးငှက်

01 November 2026
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၈)
Share to

အခန်း (၂၂)

.......

            လွမ်းတော်မူလို့ စာကိုစီတယ်...၊ တိမ်နီ၊ တိမ်ဝါ...၊ တိမ်ပြာတွေ သမ်းပြန်တော့...

            သြော်...လွမ်းတော်မူလို့ စာကိုစီတယ်...၊ တိမ်နီ၊ တိမ်ဝါ...၊ တိမ်ပြာတွေ သမ်းပြန်တော့...

            ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမယ်ညွှန်းရပါ့ကွယ်၊ ကြာပင်အိုင်ကြီးအလယ်...

ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမယ်ညွှန်းရပါ့ကွယ်၊ ကြာပင်အိုင်ကြီးအလယ်...

            မိုးအခါဝယ်...၊ ချိုးလာမယ်...၊

            ချိုးလာမယ်၊ မိုးအခါဝယ်၊ ချစ်သူပန်ဖို့ရယ်... ရည်ရွယ်ကာ ထားခဲ့တယ်၊

            မိုးအခါ...ဝယ် ချိုးလာ...မယ်၊ ချိုးလာ...မယ်၊ မိုး...အခါ...ဝယ်

            ချစ်သူပန်ဖို့ရယ်၊ ရည်ရွယ်ကာ ထားခဲ့တယ်၊ ပဒုမ္မာကြာရယ်၊

            ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်ဦးကွယ်...။

            မောင်မူက စည်းဝါးကို ကိုင်ပြီး သီချင်းကို ကျနစွာ ဆိုသည်။ မောင်သောင်းဉာဏ်က စန္ဒရားနှင့် ‌ကြောင်း၏။ ကိုဌေးမောင်က အဆစ်ကို သူ့လက်စွဲ ‘တာပလာ’ ဗုံကလေးနှင့် လိုက်ပေးနေသည်။ ကိုကြီးသန်းဟု သူတို့တစ်တွေက ချစ်စနိုးခေါ်သော ကိုသန်းထွေးက တေးသွားကို တ‌ယောနှင့် မှေးလိုက်ပေးနေသည်။ အသင်းတိုက်၏ အတွင်းဘက်ခပ်ကျကျ ခုတင်လေးပေါ်မှာ ကိုငြိမ်းက သီချင်းအသစ်တစ်ပုဒ်အတွက် အသွားနုတ်(စ်)ကို ကိုရင်လေးနှင့် ညှိနေသည်။ ကိုငြိမ်းက သူဝတ်နေကျ ကမြစ်လက်ရှည်အင်္ကျီလေးကို တတောင်ဆစ်နားထိရောက်အောင် လက်ခေါက်ထား၏။ အဖြူပေါ်မှ ချောကလက်ရင့် ကွက်စိပ်လုံချည်လေးနှင့် ညာဘက်ဒူးကို ‌ထောင်ကာ ဂျာမနီလုပ် ခွေးမြီးတိုခဲတံကို မြအောင်ချွန်ထားပြီး တေးသွားတစ်စ ညည်းလိုက်၊ ပဲတီပင်ပေါက်ဂီတ သင်္ကေတများကို မှတ်လိုက်နှင့် အာရုံဝင်စားနေသည်။ အနားမှာ အရပ်ရှည်ရှည်ကိုင်းကိုင်း ကိုရင်‌လေးက ခုတင်စွန်းကို လက်နှစ်ဖက်စလုံးနှင့် ထောက်က ခေါင်းငုံ့ခါးကိုင်းပြီး ကိုငြိမ်း၏ ဂီတသင်္ကေတနုတ်စ်တွေကို စိတ်ဝင်စားနေသည်။ နှာရိုးပေါ်လျှောကျနေသော ‌ရွှေကိုင်းမျက်မှန်ကိုပင် ပင့်တင်မအား။ သူကလည်း ကိုငြိမ်းခဲတံအသွားလေးနှင့် ထောက်ကာထောက်ကာြပနေသော ဂီတသင်္ကေတများကို ကြည့်ရင်း ပါးစပ်က ဂီတသံစဉ်ကို 'ဒီ... ဒီ...ဒါ...ဒါ...'နှင့် အသံထွက်နေသည်။

            ဆောင်းနှောင်းနေပေမယ့် မနက်ဈေးသိမ်းချိန်မို့ ဒက္ခိဏယာဉ်စွန်းတန်းယွန်းယွန်းဆီမှ ခပ်စွေစွေ ကျရောက်နေသည်။ တစ်ခါတစ်ခါ သင်္ကေတတွေ ရေးနေရာမှ ကိုရင်လေးဆီ မော့ကာ ပြောလိုက်တိုင်း ကိုငြိမ်းမျက်မှန်က နေရောင်တွင် လက်လက်သွားသည်။ ဘီလမ်းမပေါ်တွင် အနောက်ကျွန်းထဲက ဟင်းရွက်စိမ်းသည်တွေ စီစီညံညံ စကားဖွဲ့ဆိုရင်း ဈေးပြန်ကြပြီ။ အရင်က အခုလိုအချိန်ဆိုလျှင် ဘီလမ်းမပေါ်မှာ ခေါင်းလောင်းသံ တတင်တင်ပေးရင်း ဓာတ်ရထားတွေ ခက်သွက်သွက် ဖြတ်သွားတတ်၏။ အခုတော့ ထိုအသံကို မကြားရသလောက် ဖြစ်နေ၏။ လမ်းပေါ်မှာ ဦးကော့ကြီးတွေနှင့် ဆိုက်ကားတွေ ဥဒဟို ဖြတ်သန်းနေကြသည်။ အခုလည်းကြည့်၊ ဘီလမ်းပေါ်မှာ ဘဲလ်သံတတင်တင်နှင့် ဆိုက်ကားတွေ အရှေ့နှင့်အနောက် ယှက်ရှယ်နေကြသည်။

            ကိုငြိမ်းက တေးသွားအချပိုဒ်ကို သင်္ကေတနုတ်စ်တွေရေးရင်း စာသားတစ်ကြောင်းအား ရွတ်ဆိုပြလိုက်တော့ ကိုရင်လေးက ဟက်ဟက်ပက်ပက် ရယ်သည်။ 'ကောင်းတယ် ကိုငြိမ်း... ဒီစာသားကောင်းတယ်'ဟုလည်း သူ့မျက်မှန်ကို ပင့်တင်ရင်း ကိုရင်လေးက ပြောသည်။

            မောင်သောင်းဉာဏ်တို့ဝိုင်းကလည်း လွမ်းတော်မူလို့ စာကိုစီတယ်... ဟူသော အပိုဒ်ကို မကျေသေးလို့ ထပ်ကျော့ ပြန်သည်။ အသင်းတိုက်အပေါက်ဝ ဗာဒံပင်လေးအောက် ခုံရှည်မှာ စုထိုင်ရင်း မစ္စကွ(စ်)တိုက်မှ ဝယ်လာသည့် ကလယ်ရီနက်၊ ဆိုက်ဆိုဖုန်း၊ လျှာခင်တွေကို ကိုယ့်တူရိယာပစ္စည်းနှင့် လိုက်ဖက်ရာ ရွေးချယ်နေကြသည့် ကိုအေးကျော်တို့၊ ကိုချိုတို့၊ ကိုဘကြင်တို့လူစုဆီမှာ ခြေထောက်လေးချိတ်ကာ ခြေတဆတ်ဆတ်၊ ခေါင်းတဆတ်ဆတ်လုပ်ရင်း မောင်သောင်းဉာဏ်၏ စန္ဒရားသံကို စည်းလိုက်နေသူ ကိုသိန်းတန်က'ဟင်...'ဟု သံရှည်ဆွဲကာ ခေါင်းရမ်းပြီး စန္ဒရားဝိုင်းဆီ ထသွားသည်။ အနားရောက်တော့ 'မောင်သောင်းဉာဏ် နေဦး...နေဦး။ ခဏရပ်ဦး...'ဟု ပြောလိုက်သည်။ သီချင်းသွားက ရပ်သွား၏။ ကိုသန်းထွေးက တယောကို မေးအောက်မှ ဖြုတ်လိုက်သည်။ ကိုဌေးမောင်က 'တာပလာ'ဗုံကို လက်နှင့်ဖိရင်း ကိုသိန်းတန်ကို မော့ကြည့်သည်။

            ကိုသိန်းတန်က မောင်မူ၏ ပခုံးလေးကို ကိုက်လိုက်သည်။ ထို့နောက် 'ကဲ...မောင်မူရေ...ခုန ကိုကြီးတင်ရဲ့ သီချင်းလေး ပြန်ဆိုလိုက်ပါဦးကွယ်...'ဟု ပြောတော့ မောင်မူက နှုတ်ခမ်းလေးကို သပ်လိုက်ရင်း အစမှ ပြန်ဆိုဖို့ မောင်သောင်းဉာဏ်က စန္ဒရားဖြင့် 'တော'လိုက်သည်။ ကိုသိန်းတန်က 'အေး...ဟုတ်ပြီ'ဟူသော အမူအရာဖြင့် ခေါင်းကို ဆတ်လိုက်ကာ ခေါင်းကို မော့ထားပြီး လက်ဖြောက် တီး၍ စည်းလိုက်သည်။ ကိုသန်းထွေးက တယောကို မေးဖျား ပြန်ညှပ်ကာ တေးသွားဝင်လိုက်သည်။ ကိုဌေးမောင်က သူ့တာပလာ ဗုံလေးကို ဖွဖွလေး လိုက်ကြွလိုက်နှင့် အဆစ်ကို မှိန်မှိန်လေး လိုက်၏။ လွမ်းတော်မူလို့ စာကိုစီတယ်...ဟူသော အပိုဒ်ရောက်တော့ ကိုသိန်းတန်က မောင်မူ့ပခုံးကို ပြန်ကိုင်ပြီး မျက်နှာကိုစေ့စေ့ကြည့်ကာ ဆက်ဆိုဟူသောသဘောဖြင့် မေးကို နှစ်ဆင့်ဆတ်ပြသည်။

            လွမ်းတော်မူလို့ စာကိုစီတယ်...၊

            တိမ်နီ၊ တိမ်ဝါ...၊ တိမ်ပြာတွေသမ်းပြန်တော့...

            သြော်...လွမ်းတော်မူလို့ စာကိုစီတယ်...၊

            တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာတွေ သမ်းပြန်တော့...၊

            ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမယ်ညွှန်းပါ့ကွယ်၊                  ကြာပင်အိုင်ကြီးအလယ်....ဘယ်ဆီသို့...

            ကိုသိန်းတန်က မောင်မူ့ပခုံးကို ဖျစ်လိုက်ပြီး 'ဟိုး... ဟိုး...ရပ်လိုက်...ရပ်လိုက်...'ဟု လက်ကာပြလိုက်တော့ စန္ဒရားသံများ ရပ်သွားသည်။ အတွင်းဘက်မှ ကိုငြိမ်းနှင့် ကိုရင်လေးကလည်း ကိုသိန်းတန်ဆီ လှမ်းကြည့်၏။ ကိုသိန်းတန်က 'ကိုင်း...မောင်မူ သေချာနားထောင်။ မောင်သောင်း ဉာဏ်တို့ရော နားထောင်ကြကွာ။ ဒီလိုကွ သီချင်းရေးဆရာ တစ်ယောက် သီချင်းတစ်ပုဒ် ရေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ဟိုမှာ ကြည့်စမ်း (ကိုငြိမ်းနှင့် ကိုရင်လေးဘက်သို့ ညွှန်ပြသည်။) မင်းတို့မာစတာ၊ အေး ငါ့အာစရိပေါ့ကွာ။ သီချင်းရေးနေတာ တွေ့တယ်မဟုတ်လား။ အေးအေးဆေး ဆေး သက်သက်သာသာပေမယ့် ဉာဏ်မပွင့်ရင် သီချင်းက ရေးရချင်မှရတာ။ ဟော...ခေါင်းထဲ လက်ခနဲဖြစ်လာပြန်တော့ တွေ့တဲ့နေရာဖြစ်သလိုပေမယ့် ရေးချင်ရေးရတာ။ ရလာတဲ့ အတွေးလေးကို သံစဉ်ရော၊ ကာရန်ဝါကျမှန်အောင် ရေးလိုက်၊ ပြင်လိုက်၊ တီးကြည့်လိုက်၊ ဆိုကြည့်လိုက် အထပ်ထပ် ပြင်ဆင်ပြီးမှ သီချင်းတစ်ပုဒ်ဖြစ်ရတာ။ ဒီတော့ သီချင်းမှာပါတဲ့ စာသားတိုင်း စာသားတိုင်း၊ စကားလုံးတိုင်း စကားလုံးတိုင်း သူ့အဓိပ္ပာယ်နဲ့သူ၊ သူ့သဘောနဲ့သူ ကိုယ်စီရှိပြီးသား အပိုမပါဘူးကွယ့်။ ဒီလိုပဲ အဲဒီစကားလုံးကိုပဲ အသံထွက်တဲ့အခါ စနစ်တကျ ထွက်တတ်ရတယ်။ တို့မြန်မာမှာ စကားလုံး တွေရဲ့ အသံထွက်ကိုက အဓိပ္ပာယ်ရှိတယ်။ စည်းစနစ်ရှိတယ်။ ဒါကို သီချင်းရေးဆရာကြီးတွေက အလွန်ဂရုစိုက်တယ်'

            ကိုသိန်းတန်က သူ့ပြောစကားကို ခေတ္တရပ်လိုက်ပြီး အားလုံးကို မျက်လုံးဝေ့၍ ခြုံကြည့်လိုက်သည်။

            'ကဲ...တို့မြန်မာစကားမှာ လွမ်းတယ်၊ လွမ်းဆွတ်တယ်လို့ အဓိပ္ပာယ်ထွက်တဲ့ 'လွမ်း'ဆိုတဲ့စကားကို အသံနှစ်မျိုးထွက်တယ်။ လွမ်းတယ်ဆိုတာတစ်မျိုး၊ လွန်းတယ် လွန်းလိုက်တာလို့ အသံထွက်တာတစ်မျိုး။ ဟုတ်လား။ ဘယ်ဟာမှန်တယ်ဆိုတာ မငြင်းနဲ့။ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ နှစ်မျိုးစလုံးမှန်တယ်။ တို့အထက်အညာပိုင်းက လွန်းတယ်လို့ လေးလေးကြီး ပြောတတ်တယ်။ လွမ်းတယ်လို့ ပြောရတာကိုက ပေါ့တယ်လို့ ထင်တယ်။ မလေးနက်သလို ခံစားရ တယ်။ ကိုကြီးတင်က သူ့သီချင်းမှာ 'လွမ်း'ဆိုတဲ့ စကားတစ်လုံးကိုပဲ အများစု ပြောလေ့ပြောထရှိတဲ့ အသံထွက်နှစ်မျိုးစလုံးကို ပါအောင်စပ်ထားတာ။ ဟုတ်တယ်နော်'

            ကိုသိန်းတန်က သူ့ပြောမူနေကျအတိုင်း နှုတ်ခမ်းကိုစေ့ကာ ဘယ်ဘက်သို့ ရွဲ့ထားရင်း ပြုံးလိုက်သည်။ မောင်မူတို့တစ်ယောက်ကို တစ်ယောက်ကြည့်မိကြ၏။ ကိုသိန်းတန်က ခေါင်းတစ်ချက် ဆတ်လိုက်ရင်း သူ့စကားကို ဆက်သည်။

            'မောင်မူ ခုန မောင်ရင်ဆိုတဲ့သီချင်းမှာ 'လွမ်းတော်မူလို့ စာကိုစီတယ်၊ တိမ်နီတိမ်ဝါ...တိမ်ပြာတွေ သမ်းပြန်တော့' ပါတယ်နော်။ ကာရန်အရနောက်က 'သမ်း'ကပါတဲ့အတွက် ရှေ့က 'လွမ်း'လို့ ဆိုရမယ်။ ကဲ...နောက်တစ်ကြောင်းဆက်ရအောင်။ 'ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းရမယ်၊ ညွှန်းပါ့ကွယ် ကြာပင်အိုင်ကြီးအလယ်...' ဆိုတဲ့ စာကြောင်းမှာကျ နောက်က 'ညွှန်း'လို့ပါတဲ့အတွက် ကာရန်လိုက်အောင် ရှေ့က 'လွန်း'လို့ အသံထွက်ရမယ်။ ဘယ်ဆီသို့ ဘယ်ညာသို့ လွန်းရမယ်။ ညွှန်းပါ့ကွယ် ကြာပင်အိုင်ကြီးအလယ်...၊ ဟုတ်ပြီလား။ ကဲ...မောင်မူ အဲဒီအပိုဒ်ကလေး ပြန်ဆိုကြည့်စမ်းပါဦးကွာ'ဟု ကိုသိန်းတန်က သူ့စကားကို လက်စသတ်လိုက်သည်။ မောင်မူက စည်းဝါးလေး ပြန်ကိုင်ပြီး 'လွမ်းတော်မူလို့ စာကိုစီတယ်...တိမ်နီ တိမ်ဝါ တိမ်ပြာသမ်းပြန်တော့...၊ သြော်...လွမ်းတော်မူလို့ စာကိုစီတယ် တိမ်နီ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့ ဘယ်ဆီသို့ ဘယ်ညာသို့လွန်း(လွမ်း) ရမယ်၊ ညွှန်းပါ့ကွယ်...ကြာပင်အိုင်ကြီး အလယ်...'ဟု သံနေ သံထားနှင့် ကျနသပ်ရပ်စွာ သီဆိုပြလိုက်သည်။ ကိုသိန်းက 'အေး ဒီလိုမှပေါ့ကွ'ဟု ပြောရင်း သဘောကျကျေနပ်စွာ ရယ်လိုက်၏။ မောင်သောင်းဉာဏ်တို့ လူငယ်တစ်သိုက်မှာလည်း အသိတစ်ခု ရလိုက်ကာ ပျော်ရွှင်သွားကြသည်။ ထို့နောက် ကိုဌေးမောင်၏ တာပလာသံ အဆို့အပိတ်များဖြင့် သီချင်းကို ပျော်ပျော်ကြီး ပြန်လည်သီဆိုကြတော့၏။

            ကိုရင်လေးနှင့် ကိုငြိမ်းမှာ ကိုသိန်းတန်နှင့် လူငယ်အုပ်စုကို သဘောကျနေကြသည်။ 'ကဲ...ကိုသိန်းတန်ရေ... ဒီဘက်လာဦးဗျ။ ကိုငြိမ်းက သီချင်းတစ်ပုဒ်စပ်တာ ပြီးသွားပြီဗျ။ ဒီသီချင်းက ခင်ဗျားအတွက်တဲ့။ တစ်ခုပဲ ခင်ဗျားဆိုရဲပါ့မလားလို့ ပြောနေသဗျ'ဟု ကိုရင်လေးက လှမ်းပြောသည်။ 'အမလေး ကျုပ်အာစရိရေးတာဆိုရင် ဘာလို့ မဆိုရဲရမှာလဲဗျာ။ ကျုပ်အာစရိရေးတဲ့သီချင်းဆို ဟောဒီ သိန်းတန်ကြီးတစ်ယောက်ပဲ မလွတ်တမ်းဆိုမှာဗျ သိလား'ဟု ပြောရင်း ကိုသိန်းတန်က ကိုရင်လေးနှင့် ကိုငြိမ်းတို့ဆီ သွားသည်။

            'ကဲ...ရော့ဗျာ ခင်ဗျားအတွက် သီချင်း။ နောက်တစ်ပတ် ကျုံးပေါ်တော်မူပွဲမှာ ဆိုရမှာနော်။ မာဃနဲ့ အပြိုင်ဆိုရမှာ'ဟု လက်ထဲက သီချင်းစာရွက်ကို ကိုသိန်းတန်ထံ လှမ်းပေးရင်း ကိုငြိမ်းက ထိုင်ရာမှ ထ၏။

            'ဒါဆို မောင်သောင်းဉာဏ်တို့ စန္ဒရားရပ်ခိုင်းလိုက်မယ်။ ကဲ...ကိုရင်လေး လာဗျာ။ ခင်ဗျားက ကြောင်းပေးဦး'ဟု ကိုသိန်းတန်က အလောတကြီးပြော၏။

            'နေပါဦးဗျ။ ဟိုမှာ မောင်ဌေးမောင် တာပလာလက်သံလေးက နားထောင်လို့ ကောင်းနေတာဗျ။ ကျုပ်က ဒေါင်းရိုး ပုဏ္ဏားစုနားနေတော့ ဒီတာပလာအဆို့ပိုဒ်လေးကို သဘောကျနေတာ။ ဟော...ဟော...ဟော နားထောင်စမ်းပါဦးဗျာ'ဟု ကိုရင်လေးက ဆိုသည်။

            ယဉ်သူဇာတိနွယ်...အင်မတန်ကျေနပ်ဖွယ်...

            အင်မတန်ကျေနပ်ဖွယ်...ယဉ်သူဇာတိနွယ်...

            လွမ်းတော်မူ...ပြောလောက်ပေတယ်...ချောသလောက် မေရယ်...ယဉ်ယဉ်စနွယ်၊ ကြင်ကြင်ပါ့မယ်... ဟူသော စာသား၏ အတီးပိုဒ်ကို ကိုဌေးမောင်က တာပလာနှင့် လက်စွမ်းပြနေ၏။ ဒါကို ကိုရင်လေးက သဘောကျနေသည်။ ဟုတ်သည်။ သရက်တစ်ပင်ရွာသား အိုးစည်အကျော် ကိုဌေးမောင်က မင်းတဲအီကင်းရပ် ပုဏ္ဏားတွေဆီက တာပလာအတီးကို ကျကျနနသင်ထားတော့ ထိုအတီးပိုဒ်တွင် တာပလာ အဖိ အဖော့၊ အနှုတ်အသိမ်းများဖြင့် လှလှပပ တီးခတ်သွားသည်။

            ကိုငြိမ်းရော၊ ကိုရင်လေးရော၊ ကိုသိန်းတန်ပါ တာပလာသံကို သဘောကျနေကြသည်။ ကိုငြိမ်းက 'ကိုလှဒင် လက်ကို မီတယ်'ဟု ကိုရင်လေးအား လှမ်းပြောလိုက်၏။ မောင်သောင်းဉာဏ်တို့ စန္ဒရားဝိုင်း လက်စသတ်သွားတော့ ကိုသိန်းတန်က အာစရိသီချင်းလေး ကြောင်းရအောင်ဗျာဟု ကိုရင်လေးကိုပြော၍ ကိုရင်လေးက စန္ဒရားခုံဆီ သွားသည်။ ကိုသိန်းတန် လက်ထဲက သီချင်းသားနှင့် သင်္ကေတတွေ ရေးထားသည့် စာရွက်ကိုယူပြီး စန္ဒရားခုံပေါ်က ဘုတ်မှာ ကလစ်နှင့်ညှပ်လိုက်၏။ ကိုငြိမ်းက ခုတင်လေးပေါ်မှထရင်း သူ့ကမြစ် အင်္ကျီအိတ်ထဲက ဆေးပေါ့လိပ်တစ်လိပ်ထုတ်ကာ သူ့လက်စွဲ ရိုကိုစင် မီးခြစ်ကို ထုတ်၍ မီးညှိသည်။ တစ်ရှိုက် နှစ်ရှိုက်ဖွာရင်း ခုတင်ပေါ် ခပ်ကုပ်ကုပ်လေး ထိုင်ကာ ကိုရင်လေးက စန္ဒရားခုံမှာထိုင်ပြီး ဘုတ်ပေါ်က ဂီတသင်္ကေတကို လှမ်းကြည့်ကာ ခြေဆင်းအပိုဒ်အတွက် အသံပြပေးလိုက်သည်။ ပြီးတော့ စာသားတွေကို ခပ်တိုးတိုးညည်းပြ၏။ ကိုသန်းတန်က သဘောပေါက်သွားပြီး လိုက်ဆိုသည်။

□

အခန်း (၂၃)

ဒါတောင် ဦးရွှေလိပ်က ရေမချိုးရသေးဘူးတဲ့ဗျာ

            သည်နှစ် ကျုံးပေါ်တော်မူဘုရားပွဲက အခါတိုင်းနှစ်တွေထက် ပိုစည်သည်။ မန္တလေးရေစက်ရုံကြီးနားက ယိုးဒယား ဈေးဂါတ်တဲထောင့်မှာ ဓမ္မာရုံတစ်ခုရှိ၏။ တစ်နှစ်တွင် မန္တလေးကျုံးကြီးအတွင်းမှ ရုပ်ပွားတော်တစ်ဆူ ပင့်ဆောင်ရရှိကာ ဂါတ်တဲဝင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဝက်မစွတ်ဝန်ထောက် မင်း မိသားစုက ဂါတ်တဲဝင်း အင်္ဂါထောင့်တွင် ဓမ္မာရုံဆောက်လုပ်ပြီး တည်ထားပူဇော်ခဲ့၏။ ကျုံးပေါ်တော်မူဘုရားဟု အမည်တွင်ခဲ့သည်။

            ယခုနှစ် ဘုရားပွဲတော်တွင် ရပ်မိရပ်ဖများက ပွဲလမ်းအစီအစဉ်ကို တစ်မျိုးတစ်ဖုံ စဉ်းစားခဲ့သည်။ ဘုရား၏ ဂေါစဂမ်နှင့် မလွတ်သော မြောက်ဘက်တစ်ပြကျော် ရှေ့တော် ပြေးဝင်းသား ကိုဘသက်တို့၊ ကိုဘငြိမ်းတို့ ကိုလှကျော်တို့က ဆိုင်းတန်းတွင် မြို့မဟူသော တူရိယာအသင်းတစ်သင်း ဖွဲ့သည်။ ဘုရား၏ တောင်ဘက်တစ်ပြကျော် ပဒေသာတန်းက ကိုကျော်အေးတို့၊ ကိုခင်မောင်တိုးတို့ လူငယ်တွေကလည်း မာဃဟူသော တူရိယာအသင်း တစ်သင်းဖွဲ့သည်။ ဘုရားတစ်ဆူတည်း၏ ဂေါစဂမ်တစ်ခုတည်းအောက်မှာနေ၊ မနက်လင်းတာနှင့် တရုတ်တန်း ဗဟိုရ်လက်ဖက်ရည်ဆိုင် တစ်ဆိုင်တည်းမှာ အတူထိုင်ကြပြီး စင်ပေါ်ရောက်သွားလျှင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အနိုင်မခံ အရှုံးမပေး အပြိုင်အဆိုင်ဖြစ်နေကြမှုအပေါ် အချင်းချင်းလည်း ပြေလည်စေ၊ ပရိသတ်လည်း စိတ်ဝင်စားစေရန် အစီအစဉ်ဖြင့် ဓမ္မာရုံဘေး ဂါတ်တဲရှေ့ ၈၁ လမ်းပေါ်တွင် စင်နှစ်စင် ယှဉ်ထိုးကာ မြို့မနှင့်မာဃကို တစ်လှည့်စီ ဖျော်ဖြေတီးမှုတ်စေသည့် အစီအစဉ်ဖြစ်သည်။

            မြို့မ၏ ပင်တိုင်မင်းသမီး လေဘာတီမမြရင်နှင့် မာဃ၏ ပင်တိုင်မင်းသမီး သြဘာသောင်း တို့ကလည်း စင်နှစ်စင်ကူးကာ တစ်လှည့်စီ ကပြကြမှာတဲ့။ ဝါကြီး အသက်ကြီးသော မြခြေကျင်း မငွေမြိုင်ကလည်း ပွဲထိန်းသည့်အနေနှင့် စင်နှစ်စင်စလုံးမှာ ဝင်ကဦးမှာတဲ့။ ကဲ...သည်လောက်ထူးခြား သည့်ပွဲ ဘယ်မှာရှိပါ့မလဲ။ ထို့ကြောင့် တစ်မြို့လုံးက စိတ်ဝင်စားကြသည်။ စိတ်ဝင်စားခြင်းနှင့်အတူ ပရိသတ်ကလည်း ရင်တလှပ်လှပ်နှင့် စောင့်မျှော်ကြ၏။ ကာယကံရှင်တွေက ပိုဆိုးတာပေါ့။ စင်နှစ်စင် တစ်လှည့်စီ တီးမှုတ်ရမည်ဆိုသော်လည်း အမှားမခံနိုင်။ အကျောမခံနိုင်။ သီချင်းတွေ ကျိတ်စပ်ကြ၊ သီချင်းတွေ ကျိတ်တိုက်ကြသည်။ ပွဲမစခင် နှစ်ပတ်လောက်ကတည်းက နှစ်သင်းစလုံးက မနက် လက်ဖက်ရည်ပင် ဖြောင့်ဖြောင့်မသောက်နိုင်ကြ။ ကိုယ့်အသင်းက ဘာသီချင်းတိုက်နေသလဲဆိုတာ အစမထွက်မိအောင် စကားပြော ဖြစ်မှာစိုးလို့ လူချင်းပင် မဆုံဖြစ်ကြ။

            ညနေစောင်းကတည်းက ၈၁ လမ်းပေါ်မှာ လူလုံးက ခဲနေသည်။ အောက်လင်းဓာတ်မီးများ၊ ရေနံဆီမီးခွက်ကြီးများ အလင်းရောင်ဖြင့် ပွဲဈေးတန်းက ထိန်ထိန်လင်းနေသည်။ မီးအိမ်မီးခွက်များ၏ မှိုင်းတွေက မြူလားနှင်းလား အယောင်ဆောင်နေ၏။ ယိုးဒယားဈေးဝင်းထိပ်က ဘုရားပွဲမို့ ထိုးမုန့်၊ ဆနွင်းမကင်း၊ မာစကတ်၊ ခနုံထုပ်စသော ယိုးဒယားမုန့်သည်တွေ တန်းစီနေသည်။ ဈေးဝယ်များကလည်း တိုးဝှေ့နေ၏။ နှစ်သင်းစလုံး ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်မျှ အတွေ့အကြုံ ရှိကြသည် ဆိုသော်လည်း အကြောင်းသိချင်းမို့ တစ်ယောက်နှင့် တစ်ယောက်တွေ့လို့ သူ့လက်ကိုယ့်လက် ကိုင်လိုက်သည်နှင့် လက်ဖျားတွေ အေးစက်ကာ ရင်ဖိုနေကြသည်။ လေဘာတီ မမြရင်ကဆိုလျှင် မင်္ဂလာဈေး သူ့အိမ်က ထွက်ခဲ့ဖို့ပင် အတော်အားတင်းရသတဲ့။ သူက ဆိုရကရမှာ မကြောက်။ ရန်ဖြစ်ကြမည်၊ ရိုက်ကြမည်၊ နှက်ကြလေမည်လားဆိုတာတွေး၍ ကြောက်ခြင်း ဖြစ်သည်။

            လွန်ခဲ့သည့် တစ်လလောက်ကပဲ သူ့ဆရာရင်း နန်းတော်ရှေ့ဆရာတင်နှင့် မာဃအသင်းသားတွေ ရုံတော်ကြီးမှာ 'ဘာလား၊ ညာလား'ဖြစ်ခဲ့သည့်သတင်းကြောင့် ထိုစဉ်ကတည်းက မြို့မနှင့် မကဝံ့ဘဲ မာဃနှင့်တွဲခဲ့တာ၊ ပွဲချီ ၄ ချီ၊ ၅ ချီမက ရှိခဲ့ပြီ။ သူတို့နှစ်သင်းက ခက်များ ခက်ချေတော့။

            အသင်းနှစ်သင်း၏ စင်နှစ်စင်ရှေ့မှာတော့ လူတွေက တင်းကျမ်းပြည့်နေသည်။ စင်နှစ်စင်၏ဘေးမှာ မတ်တတ်ရပ် ကြည့်နေကြသော ကာလသားတွေက အချင်းချင်း တိုးဝှေ့ကာ လည်တဆန့်ဆန့် ဖြစ်နေကြ၏။ အကြောင်းသိချင်းမို့လည်း 'မာဃက စိန်ဗေဒါကြီးနဲ့တူတယ်။ ဟောဟော ဒိုင်းဒိုင်း ဖျတ်ဖျတ်လတ်လတ်ရှိတယ်။ မင်းတို့မြို့မက အိစက် အိစက်နဲ့ ဘိန်းစားနဲ့တူသကွ'ဟု မာဃအားပေးသူက မြို့မအားပေးသူကို ကလိသည်။ မြို့မအားပေးသူကလည်း 'မဟုတ်ပေါင်ကွယ်။ တို့က ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေးမို့ ရွှေဆိုင်ငွေဆိုင်တန်းသူတွေ၊ ဥပစာကောလိပ်ကျောင်းသူတွေက ကြိုက်တာပေါ့။ မင်းတို့ မာဃက ဟောခနဲ ဒိုင်းခနဲ အမှားမှား အယွင်းယွင်းနဲ့မို့ အရက်သမားနဲ့ ပိုတူတာပါကွာ'ဟု ပြန်ချေပသည်။ တီးဝိုင်းနှစ်ဝိုင်း မတီးမှုတ်ခင် အောက်က ပရိသတ်အချင်းချင်း စကားနိုင်လုကြတာကိုက တဝါးဝါး တဟားဟား ပွဲကျနေကြ၏။

            ထိုနေ့ညက တူရိယာအသင်းနှစ်သင်း စတင်တီးမှုတ်ကြတော့ မာဃကို အငယ်မို့ ကနေဦး စတင်တီးမှုတ်စေသည်။ မြို့မအသင်းဖွဲ့စည်းပြီး တစ်နှစ်ကြာမှ မာဃကို ဖွဲ့သောကြောင့်ဟု ဆို၏။ အဖြစ်မှန်က ဟုတ်သည်ထား၊ အငယ်မို့ ဦးစားပေးသည်ဟူသော စကားကို မာဃက အောင့်သက်သက်နှင့် လက်ခံလိုက်ရ၏။ မာဃကအဖွင့်မှာ သီချင်းရေးဆရာ မြန်မာညွန့် ဆရာတင် ရေးစပ်ပေးသော သီချင်းဖြင့် စတင်တီးမှုတ်သည်။

            နယ်မြန်မာ၊ ပြည်တုန်ခမန်းသာမ

            အလျှံဖြာတည်ပုံက ဆန်းပါဘိတယ်...

            ရွှေဂုန်မန်းရယ်တဲ့...ဌာနေမှာ

            ဇမ္ဗူရှေးဝယ်...ယခင်အခါသမယဆီက

            အတူသေးသကွယ်...ယှဉ်စရာတွေ ရနိုင်ပါ့မလား

            လူလေးဆယ်...ပညာဆရာအလှတွေနဲ့

            အဝဝကိုတဲ့ ပြုစီမံ...

            ဝိသုကံ ဖန်သလိုပ စံပြကျင်း...

            ဝိသုကံ ဖန်သလိုပ စံပြကုန်း သာပေတယ်...တဲ့။

            သည်ကတည်းက ပရိသတ်က သဘောကျသွားသည်။ ပွဲကတော့ ကြည့်ကောင်းပြီပေါ့။ အစကတည်းက ယဉ်သကိုဟု ဆိုရမည်။ ဒီသီချင်းကို ပရိသတ်က သိထားသည်။ ကြားဖူးပြီးသားဖြစ်သည်။ စောင့်နားထောင်ကြည့်လေ...ဘာတဲ့

            ဗျို့...ဆရာကြွယ် သာပေတယ်...

            ဗျို့...ဆရာကြွယ် သာပေတယ်...

            သောတအာရုံစိတ်နှလုံး ကြည်စေဖွယ်...

            မာဃသာပေတယ်...

            သာပေတယ် သာပေတယ် သာပေတယ်...

            တူရိယာဂုဏ်သတင်းနယ်

            တူရိယာဂုဏ်သတင်းနယ်

            အသင်းမာဃ(ဒါကမှ)

            သာပေတယ်...။

            မြို့ကျက်သရေ တက်နေဆောင်လို့

            အပေါင်းပြောကြတယ်

            ထူးခြား၍ အမှန်ပင်တကယ်...

            မာဃအဖွဲ့သာပေတယ်...။

            ကဲ...မြို့မ ဘာတတ်နိုင်မည်နည်းဟူသော လုပ်ပေါက်။

            ပရိသတ်က သြဘာပေးလိုက်ကြသည်။ ပွဲခင်းကြီး တစ်ခုလုံး သိမ့်သိမ့်လှုပ်သွား၏။ တကယ့်ပွဲကြီးမို့ မြို့မမှာလည်း တကယ့်ဝါရင့်ပလေယာကြီးတွေပဲ စင်ပေါ်တက်ကြသည်။ စန္ဒရားကို ကိုကြီး ကိုဘဒင်ကိုယ်တိုင် တီးမည်။ ထို့အတူ ရှုမဝ လူပျိုသိုးကြီးဟု ကိုငြိမ်းက ချစ်စနိုးခေါ်သည့် ကိုဘငွေကလည်း သည်ပွဲမှာ ကိုယ်တိုင်တယောထိုးမည်။ သံဖြူတန်း ကိုလှဒင်ကလည်း ကိုယ်တိုင် တာပလာတီး၏။ ပွဲတီးလိုက်ခဲသော ပန်းချီကိုဘသက်ပင် သူ့တယောနှင့် စင်ပေါ်ရောက်နေပြီ။ ကိုငြိမ်း၊ ကိုအေးကျော်၊ ကိုဘသိန်း၊ ကိုရင်လေး၊ ကိုဘအုန်း၊ အမရပူရ ကိုလေး၊ ကိုလှကျော်၊ ကိုချို၊ ကိုဘကြင်၊ ကိုမောင်ကို၊ ကိုအေးမောင်တို့လည်း စုံစုံညီညီ တီးမှုတ်ကြသည်။ လူငယ်ထဲကဆို၍ မောင်ကံတစ် ယောက်ပဲ တယောနှင့် စင်ပေါ်တက်ခိုင်း၏။ မောင်သောင်းဉာဏ်၊ မောင်မူ၊ ကိုသန်းထွေး၊ ကိုဘဦး၊ ကိုသိန်းမောင်လေး၊ ကိုဌေးမောင်စသော လူငယ်များက စင်အောက်မှာ တစ်စုတစ်ဝေးကြီး ရှိနေသည်။ အရေးဆိုရင် လက်မနှေးနဲ့နော်ဟု ကိုဌေးမောင်က သရက်တစ်ပင်သားပီပီ သတ္တိပြမယ်တကဲကဲ လုပ်နေလို့ မောင်သောင်းဉာဏ်က ထိန်းထားရ၏။ လူကြီးတွေကလည်း ကိုယ့်လူကိုယ် ထိန်းဖို့ သေချာမှာထားသည်။ မြို့မအလှည့်ရောက်တော့ ဝိုင်းတော်သား စုံစုံညီညီနှင့် တီးမှုတ်သည်။ နန်းတော်ရှေ့ဆရာတင်၏ မျက်နှာစုံညီ ဆိုတဲ့သီချင်း။ ဘာရမလဲ နားထောင်ကြည့်ပါဘိ။

            မျက်နှာစုံညီ ကိုမြို့မနဲ့ မျက်နှာစုံညီ

            သာကြရဲ့လား၊ မာကြရဲ့လား၊ ဆာကြရဲ့လား မေးလို့

            သူဌေးဖြစ်ပါစီတဲ့ ခင်ဗျ...

            ကျန်းခံတော်သာလွန်းလို့ မေတ္တာလည်းပို့သည်...

            ဒီနှစ်တွေ့ရ ဟောဒီနှစ်မှာ တွေ့ရ

            မျက်နှာစုံညီ စုံစုံညီ စုံစုံညီ... တဲ့။

            မာဃလို မကြမ်း၊ သို့သော် ပညာသားက ပါလှ၏။ အထက်စီး အပေါ်စီးက ပြောလိုက်သည့် သီချင်းဖြစ်၏။ 'သြော်...မင်းလားကွဲ့ မာဃ၊ ဒီနှစ်မှ စတွေ့ဖူးသကိုး'ဟူသော သဘောဖြစ်သည်။ ကဲ မပိုင်လား။ မြို့မ တီးမှုတ်ပြီးတော့ ဝေါခနဲ ပွဲကျလက်ခုပ်တီးလိုက်၏။ တူရိယာအသင်း နှစ်သင်း တီးမှုတ်မှုအပေါ် ပရိသတ်က ဘယ်လောက်စိတ်ဝင်စားသလဲဆိုရင် ပရိသတ်အားလုံးက စင်နှစ်စင်ရှေ့ရောက်နေတော့ ပွဲဈေးတန်းက ဈေးသည်တွေလည်း ကိုယ့်ဈေးဆိုင် ကိုယ်သိမ်းကာ လူအုပ်နောက်က ခြေဖျားထောက်ပြီး တီးဝိုင်းစင်တွေဆီ မော့ကြည့်ကြတော့သည်။ ယိုးဒယားဂါတ်က အစောင့်ပုလိပ်ပင် နာရီသံချောင်းခေါက်ဖို့ မေ့သွားသတဲ့။

□

            'မန်းမြေမှာ မန်းရေသောက်ပြီး ကြီးပြင်းလာတဲ့ ရတနာပုံ မင်းနေပြည်သားတွေပဲလေ၊ မရိုင်းကြပါဘူး။ ယဉ်ကျေးကြပါတယ်။ မြို့ကြီးသား ပီသကြပါပေတယ်'ဟု ကုန်ရုံအင်စပက်တော်ကြီး ဦးဘဦးက ပြောသည်။

            မောင်မူနှင့် မောင်သောင်းဉာဏ်တို့နှစ်ယောက်က ခေါင်းငုံ့ရင်း ခေါင်းညိတ်လိုက်ကြသည်။

            'အဲဒီညက ဦးလေးတို့ကလည်း ဖားသားလဖုန်းကျောင်းနား မီးရထားသံကြိုးကျောင်းက ဆရာ ဦးဖေကြီးဆီ အလုပ်ကိစ္စတစ်ခုအတွက်လည်း ဝင်ရသေးတာဆိုတော့ ပွဲအစကို မမီလိုက်ဘူးကွဲ့။ မောင်မူ့ဆီက သတင်းရပြီး သမီးနှစ်ယောက် ပြောကတည်းက ဦးလေးက ဒီပွဲကို စိတ်ဝင်စားနေတာ။ ကြုံတောင့် ကြုံခဲကိုးကွဲ့။ အဲဒါ မောင်မူသိတဲ့အတိုင်းပဲ၊ သူတို့ မေမေကြီးက သမီးမိန်းကလေးနှစ်ယောက်နဲ့ ညကြီးမိုးချုပ် ပွဲကြည့်ရပါ့မလားဆိုပြီး တဖျစ်တောက်တောက် ပြောကျန် ရစ်တာ။ ဦးလေးတို့ရောက်တော့ ပထမသီချင်းနှစ်ပုဒ်ကို မမီလိုက်တော့ဘူး။ ဒါတောင် ကားက ပွဲခင်းဘက် တစ်ပြကျော်လောက်ကကို ဝင်မရတော့ဘူး။ ယူနန်ဘုံကျောင်းဘက်မှာ အစောင့်တရုတ်ကို ပြောပြီး အပ်ထားခဲ့ရတာ။ ပွဲခင်းကို ရှေ့က ဘယ်လိုမှ ဝင်မရတော့ မီးသတ်ဗိုလ်လစ်တယ်လ်ကို အကူအညီတောင်းပြီး ဂါတ်တဲထဲကတစ်ဆင့် စင်နောက်ရောက်အောင် လာခဲ့ရတာ'ဟု ဦးဘဦးက ပြောပြသည်။

            တကယ်တော့ မောင်မူနှင့် မောင်သောင်းဉာဏ်ကို ထိုနေ့ညကပွဲအကြောင်း နောက်ဆက်တွဲတွေ သိလိုသဖြင့် ဦးဘဦးက မောင်မူကတစ်ဆင့် မှာကြားသောကြောင့် ဓာတ်စက်ရုံနားက အိမ်သို့ ရောက်နေကြခြင်း ဖြစ်သည်။ ခုနက ပြောခဲ့သလိုပါပဲ။ ကုန်ရုံအင်စပက်တော် ဦးဘဦးက သူ့ကားကို ကိုယ်တိုင်မောင်းပြီး သမီးနှစ်ယောက်နှင့် ပွဲလာကြည့်ကြသည်။ သီချင်း ၃ ပုဒ်လောက်ပဲ နားထောင်ပြီး ညဥ့်နက်မှာစိုး၍ ပြန်သွားကြသောကြောင့် နောက်ပိုင်း ဘာသီချင်းတွေ သီဆိုကြတယ်၊ မင်းသမီးတွေက ဘာသီချင်းတွေနှင့် ကကြတယ်ဆိုတာအပြင် ပွဲကို ဘယ်လိုသိမ်းပြီး အသင်းနှစ်သင်း အနေအထား ဘယ်လိုရှိတယ်ဆိုတာ သားအဖ ၃ ယောက်စလုံး စိတ်ဝင်စားနေ၍ ခေါ်မေးခြင်းဖြစ်သည်။          

            မောင်မူက ထိုနေ့က ပွဲအခြေအနေတွေ လုံးစေ့ပတ်စေ့ ရှင်းပြနေ၏။ မောင်သောင်းဉာဏ်ကတော့ တစ်ခါတစ်ခါမှသာ ဝင်ပြော၊ ဝင်ဖြေပြီး တစ်ချိန်လုံး ခေါင်းငုံ့ထားသည်။ ဦးဘဦးရော၊ ယဉ်ယဉ်ဦးရော အားတက်သရော မေးမြန်းပြောဆိုသော်လည်း မောင်သောင်းဉာဏ်လိုပဲ တစ်ချိန်လုံး ခေါင်းငုံ့ကာ တစ်ခါတစ်ခါမှသာ မျက်လုံးရွဲကြီးနှင့် မော့မော့ကြည့်သူတစ်ဦးလည်း ရှိပါ၏။ မေမေဦးပဲ ဖြစ်ပါသည်။ ဂီတနှင့်ပတ်သက်၍ ကဲနိုင်သဲနိုင်လွန်းလှသည့် သားအဖဟု အပြစ်တင်မည့် မေမေကြီးက အိမ်မှာမရှိ။ ရွာတောင်ဘက်က အမျိုးတွေဆီ တစ်ညအိပ်သွားနေလို့ အပူအပင်ကင်းကင်းဖြင့် ပြောနေကြခြင်းဖြစ်သည်။

            မောင်သောင်းဉာဏ်ကတော့ မောင်မူ ဘာတွေပဲပြောနေနေ၊ သူ့စိတ်ထဲမှာ သူဣန္ဒြေပျက်လောက်အောင်များ ဖြစ်နေသလား။ ရွယ်တူမိန်းမပျိုလေးအိမ်ကို ပထမဆုံးရောက် ဖူးသည့် မဝံ့ရဲခြင်း အမူအရာက သူ့အတွင်းစိတ်ကို ဖုံးဖိနိုင်ဖို့ မနိုင်မနင်း ကြိုးစားနေရသည့်ပုံလည်း ပေါက်မှာစိုးနေသည်။ ယဉ်ယဉ်ဦးက မောင်မူ့လေမှာ မိနေပြီး ဧည့်ခံထားသော ကာဖီရည်ခွက်ကို မတို့မထိဘဲ ထားသဖြင့် မယွင်းမပျက်ရှိနေတာ သတိရပြီး 'မောင်သောင်းဉာဏ်ကလည်း ကာဖီရည် သောက်ပါဦးလေ'ဟု တိုက်တွန်းတော့မှ ကာဖီခွက်ကို ကိုင်လိုက်သည်။ ရှိုးတိုးရှန့်တန့် အမူအရာက နည်းနည်းသက်သာရာ ရသွား၏။

            'ဦးလေးတို့ရောက်တော့ မာဃက ဒုတိယသီချင်း ဆိုနေပြီနော်၊ ဟုတ်တယ်မို့လား။ ဒုတိယသီချင်းမှာ နည်းနည်းလျော့သွားပြီဗျ။ ဘာတဲ့ ...အသင်းချင်း ပြည်ဗဟို၊ ညီအစ်ကိုလိုပေါ့ ချစ်သွေးအင်မတန်ညီ၊ ချစ်သွေးအင်မတန်ညီ၊ သာသနာရယ် ဘာသာရယ်၊ ဘာသာရယ် သာသနာရယ် တူကြတယ်၊ အားလုံးတူကြတယ်... မြန်မာညွန့်ဆရာတင် ရေးလို့စီ... တဲ့ဗျ'ဟု မောင်မူက ပြောသည်။ ဦးဘဦးက လက်တင်ပါသော ကြိမ်ကုလားထိုင်ကြီးပေါ်ထိုင်ရင်း သဘောကျနေသည်။ သမီးလတ် ယဉ်ယဉ်ဦး ကမ်းပေးနေသော ကာဖီခွက်ကိုပင် မယူနိုင်သေး။ ယဉ်ယဉ်ဦးကလည်း သူ့ဖခင်ဆီ ကာဖီပန်းကန်ကို ကမ်းသည်သာ ကမ်းနေသည်၊ မျက်နှာက မောင်မူ့ဘက် လှည့်ပြီး မောင်မူ့စကားတွေမှာ နစ်နေ၏။

            မောင်မူပြောသော စကားမှ 'ချစ်သွေးအင်မတန်ညီ၊ ချစ်သွေးအင်မတန်ညီ'ဟူသော စာသားရောက်တော့ မောင်သောင်းဉာဏ်က မဆီမဆိုင်နှင့် သူ့အစ်မဘေး ဒူးလေးတုပ်ကာ ထိုင်ရင်း ခေါင်းလေးငုံ့နေသော မေမေဦးကို မျက်လွှာပင့်ကာ ခိုး၍ ကြည့်မိသည်။ မြတ်စွာဘုရား မေမေဦးကလည်း သူ့ကို ခိုး၍ လှမ်းအကြည့် မျက်လုံးချင်း ဆုံမိလိုက်တော့ ရင်ထဲတွင် အရာဝတ္ထုတစ်ခုက ချာလပတ်ရမ်းသွားသလို ရယ်ရမလို၊ ငိုရမလို ဝေဒနာတစ်မျိုး ခံစားလိုက်ရသည်။ ဆုပ်ထားသော ညာဘက်လက်က ချွေးစေးတွေ ပြန်နေတာလည်း မဖြန့်မိ။ မဖြန့်ရက်။

            'အဲဒီညက အငြိမ့်မင်းသမီးတွေဆိုတဲ့ သီချင်းတွေကိုလည်း ပြောပါဦးကွဲ့။ ဘာသီချင်းတွေ ဆိုကြတာလဲ'ဟု ဦးဘဦးက မောင်သောင်းဉာဏ်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ ပါးနပ်လိမ္မာသော အရာရှိကြီးတစ်ဦးပီပီ ပထမဆုံး ရောက်ဖူးသောဧည့်သည်ကို အနေအထိုင် မကျုံ့စေရန် စကားဖွဲ့လိုက်ခြင်းဖြစ်သည်။ 'မြခြေကျင်း မငွေမြိုင်နဲ့ သြဘာသောင်းကတော့ မြို့မနဲ့ မာဃနဲ့ ဆိုနေကျ သီချင်းတွေပါပဲဗျ။ အင်း...ဟို လေဘာတီမမြရင်ကတော့ နှစ်သင်းစလုံးနဲ့ သီချင်းသစ်ချည်းပဲ'ဟု ပြောကာ စကားဆက်မည်ဟု အားယူဆဲ မောင်မူက 'ဒီလိုဗျ...ဦးလေးရဲ့'ဟု စကားထောက်လိုက်လို့ မောင်သောင်းဉာဏ် သဘောကျဖြစ်သွားသည်။

            အငြိမ့်ခန်းတွင် မြခြေကျင်း မငွေမြိုင်က မာဃနှင့်မြိုင်သီချင်း၊ မြို့မနှင့် စိမ်းမြရံခြယ်၊ သြဘာသောင်းက မာဃနှင့် ဘာဂီတင်သီချင်း၊ မြို့မနှင့် ပေါ်ပြူလာဘလူးဘလက် သီချင်းများကို သီဆိုကပြခဲ့ကြ၏။

            သူတို့ အငြိမ့်စင်များပေါ်မှာ သီဆိုနေကျသီချင်းများ ဖြစ်သည်။ လေဘာတီ မမြရင်အလှည့်ရောက်တော့ ပရိသတ်က စိတ်ဝင်စားမှု ပိုမိုလာသည်။ အဘယ်ကြောင့်ဆိုသော် လေဘာတီက တစ်လျှောက်လုံး မြို့မနှင့်ပဲ တွဲဖက်လာခဲ့ပြီး ပြီးခဲ့သည့် ၄ ပတ်၊ ၅ ပတ်လောက်ကမှ မာဃသို့ စင်ကူးသွား၏။ အငြိမ့်ထောင်အသိုက်အဝန်း ပြောစကားအရ မြို့မကိုပဲ သီချင်းတွေ ရေးပေးရကောင်းလားဟူ၍ မာဃအသင်းသားများက နန်းတော်ရှေ့ဆရာတင်နှင့် ရုံတော်ကြီးမှာ ဖြစ်ကြသည့် ပြဿနာ၊ နောက်နဂိုစိတ်ရင်းကပင် စိုးရိမ်ကြောင့်ကြတတ်၊ ကြောက်တတ်သော မမြရင်က သူ့သဘောနှင့်သူ ရန်ငြိမ်းအောင် မာဃနှင့်တွဲဖက်ကပြတော့သည်။ ထိုကိစ္စကို မန္တလေး ပရိသတ်က သိထားသောကြောင့် ယခုလို မာဃနှင့် မြို့မ ထိပ်တိုက်နှစ်စင်ပြိုင်မှာ မမြရင်တစ်ယောက် ဘယ်သူ့ကို ဘယ်လို သဘောထားပါမည်နည်း။ ကာယကံရှင်တီးဝိုင်း နှစ်ဖွဲ့ကလည်း တစ်ဦးတည်းသော ရွှေမင်းသမီးနှင့် ပတ်သက်၍ ဘယ်လို မျက်နှာချင်းဆိုင်ကြပါမည်နည်း။ အလွန်စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖြစ်တော့သည်။ ပရိသတ်တင် ဟုတ်ရိုးလား။ မာဃလည်း မြို့မနှင့် မမြရင် ဘာသီချင်းဆိုကြ၊ ကကြမှာလည်း ဆိုတာမသိကြ။ ထို့အတူ မြို့မကလည်း မာဃနှင့် မမြရင် ဘာသီချင်းတွေ တီးလုံးတိုက်ထားလဲဆိုတာ မသိကြ။ နှစ်သင်းစလုံးက ကိုယ်နှင့်ကျိတ်၍ တိုက်ထားသော သီချင်းပဲ သိကြရသည့်အဖြစ်ပင်။

            ထုံးစံအတိုင်း လေဘာတီမမြရင်အလှည့်ရောက်တော့ မာဃစင်မှာ စထွက်သည်။ မြို့မအသင်းသားတွေ ရင်တထိတ်ထိတ် လည်တဆန့်ဆန့်။

□

            အငြိမ့်စင်ထိပ်တွင် ချိတ်ဆွဲထားသော အောက်လင်း ဓာတ်မီးကြီးသုံးလုံးကို ပြန်လည်လေဖြည့်ထား၍ လင်းလင်းထိန်နေ၏။ မာဃတီးဝိုင်းရှေ့မှာ အငြိမ့်စင်မှာကဲ့သို့ မမြရင်က ပရိသတ်ကို ကျောပေးပြီး ကြော့ကြော့လေး ထိုင်နေခြင်းဖြစ်သည်။ ကလနားမှာ ပိုးချည်ပန်းပွားတွေ တပ်ထားသည့် ဆင်စွယ်ခေါက် ယပ်တောင်လေးကို ညာလက်က ကိုင်ထား၏။ ဘယ်လက်က ဘယ်ဒူးလေးပေါ် အသာတင်ပြီး ကြော့ကြော့လေး ထိုင်နေခြင်းဖြစ်သည်။ မမြရင် ထိုင်လိုက်ကတည်းက ပရိသတ်က ငြိမ်ကျသွား၏။ မာဃဝိုင်းတော်သားတွေ ကိုယ့်အသီးသီးရှေ့ရှိ စတန်းတွေပေါ်က နုတ်စ်စာအုပ်ကို တစ်နေရာသို့ ပြိုင်တူလှန်ကာ တူရိယာပစ္စည်းတွေကို အသင့်ကိုင်ကာ ဝိုင်းအုပ်စန္ဒရားက အချက်ပေးမည့်အသံ နားစွင့်နေကြသည်။ မြို့မကလည်း အားလုံး ငြိမ်သက်ကာ လည်တဆန့်ဆန့်နှင့် မာဃတီးဝိုင်းဆီ အာရုံစိုက်နေသည်။ စင်နောက်မှာ တွန်းထိုးစပြောင်နေကြသော မောင်သောင်းဉာဏ်တို့ လူစုပင် လူကြီးတွေ မျက်နှာရိပ် မျက်နှာကဲကြောင့်ရော၊ စိတ်လှုပ်ရှား ရင်ခုန်မှုကြောင့်ရော ငြိမ်သက်နေကြသည်။ စန္ဒရားက အသံပြပေးလိုက်တော့ မမြရင်က ညာဘက်လက် တွင် ကိုင်ထားသော ခေါက်ယပ်တောင်လေးကို အသာဖြန့် ပြီး နှုတ်ခမ်းနေရာ ကွယ်လိုက်ပြီး ဧရာမပရိသတ် လူအုပ်ကြီးကို လွှမ်းသွားအောင် သီချင်း၏ ခြေဆင်းကို စတင်သီဆို လိုက်သည်။

            ရွှေ...ကြာပဒုံ...၊ နေအရုဏ်ခသည့်နှယ်...

            မရွှင်လန်းပါတဲ့၊ မယ့်ဟဒယအိမ်ဝယ်...

            အပါး...ရပ်၍၊ နှစ်နား... ကပ်ပါလို့...

            တိုင်ပင်ချင်...ပါတယ်...၊

            မမြရင်ရဲ့ ငယ်ချစ်ကလေးရယ်...

            လေ...ဘာ...တီ...ရဲ့၊ ငယ်...ချစ်ကလေး...ရယ်

            ညစဉ်မကွာပါတယ်...

            မကြာခင်ဘဲ နောင်အမြဲနှစ်လရှည်၊

            မြရင်ပါမောင်ရယ်...

            တစ်နာရီတည်း...မောင်နဲ့ချစ်ပရစီ...

            'မမြရင်ရဲ့ ငယ်ချစ်ကလေးရယ်...'ဟူသော စာသားရောက်တော့ မမြရင်ကလည်း သီချင်းဆိုနေရာမှာ မလုံမလဲနှင့် မြို့မဘက် မျက်လုံးလေး မသိမသာ ဝေ့ကြည့်သည်။ တစ်နေ့ မနေ့ကမှ သူ့ဆီရောက်သွားပြီး လေဘာတီရဲ့ ငယ်ချစ်ကလေးရယ် လုပ်လိုက်သော မာဃကို မြို့မအသင်းသားတွေက လှောင်ပြုံးပြုံးလိုက်ကြ၏။ တောင်မြို့ကိုလေးက မျက်လုံးမှေး၊ နှုတ်ခမ်းစေ့၍ နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးကာ ကိုငြိမ်းကို စောင်းကြည့်လိုက်သည်။ ကိုငြိမ်းက မျက်လုံးတွေ အရောင်တလက်လက်နှင့် တစ်စုံတစ်ခုအပေါ် စိတ်ဝင်စားနေသည့်ပုံ။

            မမြရင်က ခြေဆင်းအပြီး ပရိသတ်ကို ကျောပေးနေရာမှ ယပ်တောင်ကလေး ဖြန့်ကိုင်ပြီး ဖြည်းဖြည်းချင်းလှည့်ကာ ထလာသည်။ စင်ရှေ့ ညာရှေ့ထိုး ဘယ်ခြေလေးခပ်ညွှတ်ညွှတ်နှင့် မင်းသမီးဟန်ပါပါရပ်ရင်း သီချင်းကို ဆက်ဆိုသည်။

            ဖူးစာနှစ်ခိုင်၊ သဘောတူပွင့်မယ်ကြံရွယ်...

            ချစ်ကဲ့လားရယ်...ကြိုက်ကဲ့လားရယ်...

            မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ကွယ်...

            မောင်မလာရင် လေသာဆောင်မှန်ပြတင်းက

            ဖြူဖြူဖွေးရယ်၊ ဖြူဖြူတွေ့တယ်...

            တွေ့ချင်တာတွေ များပြားလွန်းလို့

            ဖိုးလမင်းကို အောင်သွယ်ခိုင်းတယ်...

            ပြောလိုက်စမ်းပါ့မောင်ရယ်...

            ခင့်အတွက် ကိုယ်စားလှယ်

            ခရာတာတာ ရှင့်မျက်နှာချိုလှတယ်...

            ညစဉ်မခွာတယ်...မကြာမီလည်း နောင်အမြဲနှစ်လရှည်

            မြရင်ပါမောင်ရယ်...တစ်နာရီတည်း မောင်နဲ့ချစ်ပါရစီ။

            မာဃအတီးက နည်းနည်းတောက်တောက်ခါးခါး ရှိသည်။ အဖြတ်အတောက် ဟန်တွေကောင်း၏။ ဒရမ်ဆက်နှင့် အုပ်စုံတီး ကိုခင်မောင်တိုးက မြူးသွက်နေသည်။ မြို့မ စင်ပေါ်က ခေတ္တဆင်းလာသော ကိုဘငွေက မောင်သောင်းဉာဏ်တို့အနား လာရပ်ပြီး 'ဒီသီချင်းက မာဃ ကိုရွှေမောင် စပ်တာကွ။ တစ်နာရီတည်း မောင်နဲ့ချစ်ပရစီတဲ့။ မာဃက အပိုးကျိုးပါတယ်ကွာ။ မြရင်ကို တို့မင်းသမီးမှန်း သိပါတယ်။ ဒါကြောင့် သူတို့က တစ်နာရီတည်း မောင်နဲ့ချစ်ပရစီလို့ ရေးထားတာကွ၊ ပညာသားပါတယ်'ဟု ဆိုသည်။

            မောင်မူကတော့ မည်သို့ပင် အတ္တမာနတွေကြီးပါစေ၊ ကိုယ့်ရှေ့က ပညာရှင်ကြီးတွေ စိတ်သဘောထား ကြီးကြမှုကို ဆင်ခြင်နေမိသည်။ ကိုဘငွေက ပိုလိုလေးတစ်လိပ်ကုန်အောင် အောက်မှာဖွာရင်း မာဃစင်ဘက်ကို လှမ်းကြည့်နေသည်။ မီးရောင်အောက်မှာ မမြရင်က ညက်ညက်ကလေး ကနေပြီး သီချင်းကို ဆက်သည်။

            နှစ်သိန်းလေးသောင်း...အထုရှိတဲ့

            မဟာပထဝီမြေကြီးတောင်

            ပုံဆောင်ပြမယ့် မေတ္တာက ပိုတယ်ထင်သေးသမောင်

            ဖူးစာနတ်မင်းကိုယ်တိုင် ရေးတဲ့မင်ကျဲတယ်

            ကျွန်မဖြင့် ထင်မိတယ်၊ တွေးတိုင်းလွန်ရှက်ဖွယ်...

            မောင့်ကြောင့်ခက်သေးတယ်

            ခရာတာတာ ရှင့်မျက်နှာချိုလှတယ်၊ ညစဉ်မခွာတယ်...

            မကြာမီလည်း နောင်အမြဲ နှစ်လရှည်

            မြရင်ပါမောင်ရယ်...

            တစ်နာရီတည်း မောင်နဲ့ချစ်ပရစီ...

            မောင်သောင်းဉာဏ်က သူ့ရင်ထဲရောက်လာသော 'တစ်နာရီတည်း မောင်နဲ့ချစ်ပရစီ...' ဟူသော စာသားလေးကို အထပ်ထပ် ရွတ်ဆိုကြည့်နေမိ၏။ ထူးခြားဆန်းကြယ်လှသော ယခုပွဲလမ်းမှာ စောစောက အဖြစ်အပျက်လေးတစ်ခုက ပျော်စရာလိုလို၊ ကြည်နူးစရာလိုလို ရင်ဖိုလှိုက်မောနေ၏။ ကိုယ့်အဖြစ်ကို ဘယ်သူ့မှလည်း မပြောရဲ။ ညဦးပိုင်းက သီချင်းတွေ နှစ်ဖွဲ့အပြိုင်ဆိုကြရင်း မာဃက နှစ်ပုဒ်၊ မြို့မက နှစ်ပုဒ်မြောက်၊ မြို့မဝါဒဟူသော သီချင်းမှာ စင်နောက်က မောင်သောင်းဉာဏ်တို့အနား ကုန်ရုံအင်စပက်တော်ကြီး ဦးဘဦး၊ သမီး ယဉ်ယဉ်ဦးနှင့် မေမေဦးတို့နှစ်ယောက် မထင်မှတ်ဘဲ ရောက်လာသည်။ မောင်မူက အားရဝမ်းသာစွာနှင့် မောင်သောင်းဉာဏ်ကို ဆွဲယူခုန်ပေါက်ကာ မြူးထူးသွားသည်။ သူကတော့ တကယ့်ရိုးရိုးသားသား။ အသင်းနှစ်ဖွဲ့ အပြိုင်အဆိုင်မှာ ကိုယ့်ဘက်က လူအားတိုးလာလို့ ဝမ်းမြောက်သည့်သဘော။ မောင်သောင်းဉာဏ်ကတော့ ရင်ထဲမှာ ဝမ်းသာ သွားတာပေါ့။ ဒါပေမယ့် မရဲ။ မောင်မူ့ကိုလည်း ဣန္ဒြေမရ ရပါ့မလားဟု အပြစ်တင်မိသေး။ ထုံးစံအတိုင်း မေမေဦးက သူ့အစ်မ ယဉ်ယဉ်ဦးလက်ကို သူ့လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ကြောက်ရွံ့နေသော အမူအရာဖြင့် ကပ်ပြီးရပ်နေသည်။ ယဉ်ယဉ်ဦးကလည်း သူ့ဖခင်နား ကွယ်ရပ်နေသည်။ အိမ်တွင်းပုန်းမလေးတွေ လူကြားဝင်စ မခို့တရို့အမူအရာမျိုးဖြစ်သည်။

            မောင်မူကတော့ ကလေးတစ်ယောက်လို ဦးဘဦးအား စောစောက တီးမှုတ်သွားသော သီချင်းတွေအကြောင်း ပြောနေ၏။ ဦးဘဦးက 'မောင်သောင်းဉာဏ်တို့ စင်ပေါ်မတက် ကြဘူးလား'ဟူသော အမေးကို မောင်မူက 'ဦးလေးကလည်း တကယ့်ပွဲကြီးပွဲလမ်းဗျ။ လူကြီးတွေပွဲ၊ ကျွန်တော်တို့ အရန်ဆိုပါတော့ဗျာ'ဟု ရယ်ရင်းမောရင်း ပြောသည်။ မောင်သောင်းဉာဏ်နှင့် မေမေဦးကြားမှာ တစ်လံကျော်ကျော်လောက် ကွာမှာပေါ့။ ဒါပေမယ့် သူသုံးနေကျ ရိုတွန်းရေမွှေးနံ့လေး က ရင်လှပ်လှပ်မျှ မွှေးပျံ့နေသည်။

            လေဘာတီမမြရင်က သူ့သီချင်းကို အဆုံးမသတ်သေးဘဲ ဆက်လက်သီဆို ကခုန်နေဆဲ။ သီချင်းစာသားတွေက နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။

            ကိန္နရီမောင်နှံကို တကယ်ချစ်ခင်တုန်းကို

            မိုးလေဆင်တယ်...

            နှစ်ကိုယ်ကြားကိုဖြတ်ကာ ချောင်းရေက ဖယ်...

            အို...ဘုရား...ဘုရား...။ စောစောက သူနဲ့ကိုယ်ကြား တစ်လံလောက်အကွာအဝေးက သမုဒ္ဒရာပင်လယ်ခြားသလို မဖြစ်ပါစေနဲ့။ ကိန္နရီမောင်နှံကတော့ ချောင်းရေလေး ဖယ်ရုံနဲ့ ဘာတဲ့။ လူပျိုပေါက်လေး မောင်သောင်းဉာဏ်မှာ ဖတ်ဖူးသမျှ စာတွေ့အသိနှင့် ဆတ်ဆတ်တုန် ရင်ခုန်နေသည်။

            တစ်ညတည်းမှာ ခွဲရတာမကြာ...အောက်မေ့ရှာ၊

            အနှစ် ၇ဝဝ တိုင်အောင်ကွယ် အမှန်တွေးလို့

            ဆွေးဖွယ် လွမ်းပုံပြမယ်...

            မောင်...မြရင်နဲ့တော့ ချွဲလွန်းပါလှတယ်...

            ခရာတာတာ...မောင့်မျက်နှာ ချိုလှတယ်၊

            ညစဉ်မကွာပါတယ်၊ မကြာမီလည်း

            နောင်အမြဲ နှစ်လရှည်...

            မြရင်မှာမောင်ရယ်...တစ်နာရီတည်း ချစ်ပရစီ...

            မမြရင်က သီချင်းအချပိုဒ်ကို သီဆိုလိုက်သည်။ မောင်သောင်းဉာဏ်ကတော့ စောစောက အဖြစ်အပျက်လေးကို ပြန်လှန်စဉ်းစားရင်း 'တစ်နာရီနီးပါး'အချိန်လေးကိုများ ကိုရွှေမောင်ရယ် စောင်းမြောင်းစပ်ဆိုသလား ထင်မိသေး။

            ဦးဘဦးတို့သားအဖက စင်နောက်မှာ တစ်နာရီနီးပါး ရပ်ကြည့်ပြီးနောက် အငြိမ့်ခန်းကို ကြည့်လိုသော်လည်း အချိန်လင့်နေ၍ ပြန်ကြသည်။ ပွဲအရှိန်ကောင်းတုန်း ပြန်ကြတာဆိုတော့ လူအုပ်ကြား ဖောက်ထွက်ဖို့ မလွယ်။ ပရိသတ်ကြောင့် ဘိလပ်တံခါး စေ့ထားသည့် ဓမ္မာရုံကို ဘုရားလူကြီးများ တောင်းပန်၍ ဖြတ်ကာ ဓမ္မာရုံဘေးပေါက်မှ ဂါတ်တဲဝဝင်းကို ဖြတ်ပြီး ဂါတ်တဲဝင်း မလွယ်ပေါက်က လမ်း ၃ဝ အတိုင်း ယူနန်ဘုံကျောင်းဆီ ပြန်ထွက်ရသည်။ မောင်မူက ရှေ့က ပျာပျာ ပျာပျာနှင့် တိုးဝှေ့ပြီး ဦးဘဦးကို ခေါ်သည်။ ဦးဘဦး နောက်က ယဉ်ယဉ်ဦးက ကုတ်အင်္ကျီဆွဲပြီး ပါသွား၏။ မေမေဦးက အလိုလိုနေရင်း မောင်သောင်းဉာဏ်နှင့် ကျန်ရစ်သည်။ ဟဲ့ လာလေ...ဟု ယဉ်ယဉ်ဦးက လှမ်းခေါ်ချိန်မှာ ဦးဘဦးက ရှေ့က ခပ်သုတ်သုတ်နှင့် ဓမ္မာရုံဘိလပ်တံခါး အဖွင့်တက်သွားတော့ ယဉ်ယဉ်ဦး ကပ်ပါသွား၏။ မောင်သောင်းဉာဏ်က သတိလွတ်သွားပြီး ဓမ္မာရုံတံခါး မပိတ်မီဝင်ဖို့ မေမေဦး၏ ဘယ်ဘက်လက်လေးကို သူ့ညာလက်နှင့် ဆွဲခေါ်မိသည်။ ဆန္ဒဇောကြောင့် ဖိနပ်ကိုချွတ်ကာ ကုန်းကောက်မည်အပြု မေမေဦးက မောင်သောင်းဉာဏ်၏ ချွတ်လက်စဖိနပ်အား စောင့်ပြီး ယူလိုက်သည်။ ပြီးမှ သူ့ဖိနပ်လေးကို ချွတ်ကာ မောင်သောင်းဉာဏ်ဖိနပ်နှင့် ရောကိုင်သည်။ အပေးအယူ ညီမျှမှု မေတ္တာရေ ယဉ်ငြိမ့်ငြိမ့်ညောင်းစီးဆင်းသွားသလို...။

            မတတ်နိုင်၊ မေမေဦးလက်ကို ဆွဲလျက်ပင် ဓမ္မာရုံတံခါးက ခပ်သွက်သွက်တိုးဝင်ရင်း မောင်မူတို့နောက် အပြေးလေးလိုက်ရသည်။ ဓမ္မာရုံဘေးပေါက်ရောက်တော့ မေမေဦးက မောင်သောင်းဉာဏ်ဖိနပ်လေး စုံချပေးတော့ 'နှမရယ်... ကန်တော့နော်...'ပြောရင်း မောင်သောင်းဉာဏ်က ဖိနပ်ကို လျှိုတော့ 'အို...ကျွန်မက ကန်တော့လို့ ပြောရမှာလေ...'ဟု ပြောရင်း သဲ့သဲ့လေးရယ်၏။

            ရှေ့က ခပ်လှမ်းလှမ်းထိ ရောက်သွားသော မောင်မူ၊ ဦးဘဦးနှင့် ယဉ်ယဉ်ဦးတို့နောက် ခပ်မှောင်မှောင်ဂါတ်တဲဝင်းထဲက လိုင်းခန်းတွေရှေ့ ကုက္ကိုပင်ကြီးတွေအောက်ကအဖြတ်မှာ မေမေဦးက မောင်သောင်းဉာဏ်လက်ကို တိုးလို့သာ ဆုပ်ထားတော့သည်။ အိစက်ထွေး...၊ နွေးနွေးအိ။

            ဂါတ်တဲဝင်းတောင်ဘက် မလွယ်ပေါက်အထွက် လမ်း ၃ဝ ပေါ်က မြူနီစီပယ်ဓာတ်မီးတိုင် အလင်းရောင်နယ်နိမိတ်ရောက်မှ မောင်သောင်းဉာဏ်ကလည်း မေမေဦးလက်ကလေးကို မလွှတ်ချင်လွှတ်ချင် လွှတ်လိုက်ရ၏။ မောင်သောင်းဉာဏ်လက်မှာ ချွေးစေးလေးတွေပြန်လို့။ လမ်း ၃ဝ ပေါ် ရောက်တော့ မေမေဦးမှာ စောစောက သူဘာမှမဖြစ်သလို သူ့အစ်မနံဘေး ပြေးကပ်သည်။ 'အမလေး မောလိုက်တာ' ဟု ခပ်ချွဲချွဲလေးပြောတော့' ပွဲကျ ကြည့်ချင်ပြီး အပင်ပန်းကျ မခံနိုင်ဘူး'ဟု ယဉ်ယဉ်ဦးက ငေါက်ပြောလေး ပြောလိုက်သည်။ မောင်သောင်းဉာဏ်ကတော့ သူ့ညာဘက်လက်ထဲမှာ ဘာမှမရှိတော့ပေမယ့် တစ်စုံတစ်ခု ပျောက်ဆုံးသွားမှာကို စိုးရိမ်သည့်အလား တင်းတင်းဆုပ်ထား၏။ တင်းတင်းဆုပ်လေ ချွေးစေးတွေပြန်လေ။ ဦးဘဦးတို့ သားအဖကို မောင်မူနှင့် မောင်သောင်းဉာဏ်တို့ နှစ်ယောက်က အနောက်ဘက် တစ်ပြကျော် ယူနန်ဘုံကျောင်းပေါက်အထိ လိုက်ပို့ကြသည်။ သူတို့ ပို့ပြီးအပြန် နှစ်ယောက်သား ပွဲလွတ်သွားမှာစိုးတော့ အပြေးအလွှား ပြန်လာကြတော့ လေဘာတီမမြရင်က မြို့မနှင့် အသုံးတော်ခံဖို့ တီးဝိုင်းက လေပြည်ထိုးနေပြီ။

□

            'ဦးလေးရာ ကျွန်တော်တို့ မာစတာကလည်း ဘာရမလဲဗျ။ မမြရင်ကို ခနဲ့သလိုလိုနဲ့ တစ်ဖက်ကို ပြောလိုက်တာ။ ရေသာနည်းပြီး ငါးမတွေ့တဲ့'

            'ဟာ...ကိုမူကလည်း ရေသားများပြီး ငါးမတွေ့ပါဗျာ'

            'အဲ အဲ...မောင်သောင်းဉာဏ်ရေ ပြောချင်ဇောကြီးသွားလို့ပါ။ ဟုတ်တယ်၊ ဟုတ်တယ်...ရေသာများပြီး ငါးမတွေ့'

            မောင်မူ့စကားကို ညီအစ်မနှစ်ယောက်က ခိုးခိုးခစ်ခစ် ရယ်လိုက်ကြ၏။ ဦးဘဦးက သူ့ကုလားထိုင်ကြီးပေါ်ကနေ မောင်မူ့ကို ပြုံးကြည့်နေသည်။ ထို့နောက်...

            'မင်းဟာက ရှင်းပြပါဦးကွယ့်။ မင်းတို့မာစတာ ကိုငြိမ်းက ဘယ်လိုပြောလိုက်တာလဲ'ဟု ဆိုသည်။ မောင်မူက မောင်သောင်းဉာဏ်ကို ကြည့်ရင်း 'အဟီး'ဟု လျှောချကာ စစ်ကူတောင်းလိုက်သည်။ ထိုနေ့ည အာစရိက မမြရင်အတွက် အသစ်စပ်ပေးသည့် သီချင်းကို တကယ်တော့ မောင်မူ မရ။ မောင်သောင်းဉာဏ်က စန္ဒရားနှင့် အကြိမ်ကြိမ်လိုက်ကာ မင်းသမီးလာတော့လည်း အသွားချထားပေး၍ သီချင်းကို ရနေသည်။ ထို့ကြောင့်

            'ဦးလေးရေ... တစ်လျှောက်လုံး မြို့မနဲ့လက်တွဲပြီး လိုက်ဖက်ညီခဲ့လို့ လေဘာတီ လေဘာတီရယ်လို့ ပြည်ရွာအနှံ့ ကျော်ကြားခဲ့တာ။ အခုတော့ မြို့မကို မေ့သွားပြီး ငါးစိမ်းမြင် ငါးကင်ပစ်ဆိုသလို နောက်မှတွေ့တဲ့ မာဃနောက် ကောက်ကောက်ပါအောင် လိုက်သွားတာကို မာစတာက သရော်ထားတာလေ'

            ဦးဘဦးတို့ သားအဖသုံးယောက်စလုံးက တော်တော်စိတ်ဝင်စားနေကြသည်။ ညီအစ်မနှစ်ယောက်က မျက်လုံးများပင် ဖိတ်ဖိတ်လက်နေကြ၏။ ယဉ်ယဉ်ဦးက 'မောင်သောင်းဉာဏ်ရယ်...စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ အစ်မတို့ကို သေချာရှင်းပြစမ်းပါဦး။ နော်...ဖေဖေ...နော်...'ဟု သူ့ဖခင်ကိုပင် စစ်ကူတောင်းလိုက်၏။

            မောင်မူက 'ကဲပါ...ကိုသောင်းဉာဏ်ရယ်...။ အားလုံးကလည်း ပွဲတောင်းနေတော့ အဲဒီနေ့ညက မမြရင်ဆိုတဲ့ မာစတာရဲ့သီချင်းအသစ်စက်စက်လေးကို ဟောဟိုက စန္ဒရားနဲ့ တွဲဖက်ပြီး အသုံးတော်ခံပါဦးလို့။ မဟုတ်ဘူးလားဗျာ'ဟု ပင့်တင်ပေးလိုက်သည်။

            'ဟုတ်သားပဲ မောင်သောင်းဉာဏ်ရဲ့။ ဦးလေးလည်း နားထောင်ချင်သား။ အခန့်သင့်နေတာပဲ၊ လုပ်ပါဦးကွယ့်'ဟု ဦးဘဦးကလည်း ဆိုလာသောကြောင့် မောင်သောင်းဉာဏ်က မောင်မူ့ကို မျက်စောင်းထိုးကာ စန္ဒရားခုံဆီ ခပ်ရွံ့ရွံ့ ထလိုက်ရ၏။ မောင်မူက အလိုက်သိစွာပင် စန္ဒရားဘေးနံရံမှာ ချိတ်ထားသော စည်းနှင့်ဗျောက်ကို ယူလိုက်သည်။ ယဉ်ယဉ်ဦးက စန္ဒရားဘေးရှိ ကွပ်ပျစ်ပေါ် ရွှေ့ထိုင်သည်။ တုံ့ဆိုင်းဆိုင်း ဖြစ်နေသော မေမေဦးကို အစ်မဖြစ်သူက လာလေဟူသော အမူအရာကို ပြလိုက်၏။ ဦးဘဦးက ခေါင်းကို မတ်လိုက်သည်။ မောင်သောင်းဉာဏ်ကား ရှေ့တူရူတွင်ရှိသော စန္ဒရား ခလုတ်လေးများကို တစ်ချက်မျှ တွေခနဲကြည့်ကာ သည်ခလုတ်လေးတွေပေါ် မေမေဦး၏ လက်သွယ်လျလျ လက်ချောင်းလေးတွေ တို့ထိပြေးကစားခဲ့ပေမည်။ မေမေဦး လက်ရာလေးတွေပေါ် သူ့လက်ချောင်းလေးတွေ ထပ်မံတို့ခတ် ထိတွေ့ရဦးမှာပေါ့။ သက်မကိုပင့်တင်လိုက်သည်။ ဆုပ်ထားသော ညာလက်လေးကိုဖြန့်ကာ လက်ညှိုးနှင့် ထောက်ထားသည့်ခလုတ်နှင့် နှစ်ခုခြားသော ခလုတ်ကို လက်မထောက်၍ အခြားတစ်ဖက်မှ ခလုတ်သုံးခုခြားတွင် လက်သန်းထောက်ကာ သီချင်းခြေဆင်းအတွက် အသံတစ်သံကို ခပ်ဆတ်ဆတ်လေး တို့လိုက်၏။ စန္ဒရားခလုတ်များနှင့် မိမိလက်တို့ ထိတွေ့လိုက်ခြင်းကပင် အရင်ည ကျုံးပေါ်တော်မူ ဓမ္မာရုံပေါက်ကအဆင်း မေမေဦး၏ လက်ကလေးက မိမိညာလက်ထဲ ဖျတ်ခနဲရောက်လာကာ အမှတ်မထင် ဆုပ်ကိုင်လိုက်မိသော အတွေ့အထိလို လှိုက်လှိုက်လှဲလှဲ ရင်ဖိုသွားသည်။ မေမေဦးက စန္ဒရားခုံပေါ်က မောင်သောင်းဉာဏ်ကို မျက်လွှာပင့်ကြည့်လိုက်သည်။ လေတစ်ချက်အဝှေ့တွင် စန္ဒရားရှေ့က ပြတင်းပေါက်မှ ကန့်လန့်ကာက ဖျတ်ခနဲလွန့်သည်။ မောင်သောင်းဉာဏ်လည်း သီချင်းထဲ စိတ်ရောက်သွားသည်။ သီချင်းခြေဆင်းကို ခပ်တိုးတိုး သီဆိုလိုက်၏။

            ချောင်းကိုပစ်ခါ...မြစ်ထဲကိုရှာ

            ရေသာများတော့သည်...

            ထွေရာများလှပါသည်...

            ငါး...မတွေ့နိုင်တဲ့ ဟင်္သာထက်ကဲ...

            ဝမ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည်။

            မန်ဒါလီ၊ မန်ဒါလီ၊ မန်ဒါလီ မြစ်ကို လွှဲတယ်

            ဝမ်းဘဲက ချောင်းထဲရှာသည်...

            ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ

            ချောင်းရိုးမှီ ငေးတဲ့ မန်ဒါလီ...

□

            ထိုသီချင်းကို သီဆိုရင်း ထိုညကတော့ မမြရင်မှာ 'မြို့မကဖြင့် သူ့ကို ခနဲ့လိုက်သည်'ဟု စိတ်မကောင်းသည့် အမူအရာက ပေါ်နေ၏။ 'ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ၊ ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ'ဆိုတော့ မာဃဝိုင်းဘက် အားတုံ့အားနာနှင့် မသိမသာ စောင်းငဲ့၍ပင် ကြည့်မိသည်။ မတတ်နိုင်တော့၊ ဆက်၍ ဆိုရုံပေါ့။ မြို့မကလည်း ပညာသား ပါလှချည့်။ ဆရာငြိမ်းကလည်း ပညာသားပါလှချည့်။

            မောင့်...ဆိုးမျိုး...ခံနိုင်သူကို ကျွန်မဖြင့် တွေ့မမြင်ပြီ

            ရှာပေဦးတော့၊ ထမင်းထုပ်ကြီးနဲ့ လူပါမသိုးရုံဖြင့်

            မှာလိုက်...ချင်သည်...

            ပထဝီမြေကြီး...လှန်လှောကာ ကုန်းလို့ရှာတောင်

            တွေ့လိမ့်နိုးနိုးထင်သည်...

            မန်ဒါလီမြစ်ကိုလွှဲတယ်...ဝမ်းဘဲက ချောင်းထဲရှာသည်

            ရေသာနည်းလို့ ငါးလည်း...မတွေ့ပြီ

            ချောင်းရိုးမှီ... ငေး...တဲ့ မန်ဒါ...လီ...

            သီချင်းကလည်း အငြိမ့်သီချင်းဆိုပေမယ့် အသွားလေးက အလွမ်းဓာတ်လေးပါသည်။ အခြေအနေ မပေးလို့ အနေဝေးနေရသည့်အပေါ် ပြစ်တင်သံလေးလည်းပါသည်။ ပရိသတ်ကလည်း သည်ဗျူပ္ပတ်တွေ သိနေပြီးမို့ မြို့မနှင့် မမြရင်အပေါ် ကရုဏာတွေသက်နေသည်။ မမြရင်မှာ သီချင်းစာသားက မိမိက အဖြစ်သနစ်တွေ ရင်ဖွင့်ပြီး ချစ်သူသက်လျာကို ပြစ်တင်နေသည့်သဘော သီဆိုနေရသော်လည်း တကယ်တမ်း မြို့မက မိမိကို ပြစ်တင်ခနဲ့နေမှန်း သိလျက်နှင့် မသိဟန်ဆောင် ကာ ပျော်ပျော်ကြီး သီဆိုနေရသည့် ဖုံးဖုံးဖိဖိဟန်ပန်၊ ဖရိုဖရဲ အမူအရာလေးကို ပရိသတ်က သိသိနှင့် သဘောကျနေသည်။ ဒီစိတ်ကို သိလို့လည်း ဆရာငြိမ်းက အသာလေးထည့်လိုက် ပြန်သည်။ သည်လိုတော့လည်း မမြရင် ပျော်ရပြန်၏။

            ရှင် ဂျီးထူပုံ အကုန်လုံးသိရင် ခံပုံမရပြီ၊

            မြင်စမ်းပါရစေ ဘယ်မိန်းမမျိုး ဒေါက်ခံကြည့်ဦးမည်...

            တွေ့စမ်းချင်...တွေ့ရင်တော့ဖြင့် မောင့်ဖိနပ်ခင်း...

            ထမီလျှော်၊ လူကိုယ်တိုင် သူပိုင်ပိုင်

            ကြိုက်ရာရိုက်ခါ ကြိုက်ရာ ခိုင်းပါစေတော့ရှင်

            တွေ့လိမ့်နိုးနိုးထင်သည်...

            မန်ဒါလီမြစ်ကို လွှဲတယ်...ဝမ်းဘဲက ချောင်းထဲရှာသည်

            ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ

            ချောင်းရိုးမှီငေးတဲ့ မန်ဒါလီ...

            ကဲ...ကြည့်။ အပျော်သွားလေးပြီးတာနဲ့ ဘယ်လိုမှ မဖုံးနိုင် မဖိနိုင် အလွမ်းဓာတ်လေး ကြွလာစေပြန်သည်။ နောက်တစ်ပိုဒ်က ခပ်မြည့်မြည့်လေး...

            ပြုံးချိုချို...သူ့မျက်နှာထားကိုက

            မြာကလေးများမြင်ရင်ဖြင့်...

            ရှုပက်ကာ စပ်ဖြီး ပြီတီတီ...

            မိန်းမရှားသလား...ဟုတ်စ၊ ခုခေတ်ခါဆီ ပေါတဲ့မြာမဒီ

            တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလိမ့်မည်

            ယောကျ်ားရော ရှားသလားဆိုမည်

            အသက်တစ်ရာ လင်တစ်ရာပြည့်တောင်

            မာနခဲမို့ ဇွဲနဲ့မာန်ဖီ...

            တွေ့လိမ့်နိုးနိုး ထင်သည်...

            မန်ဒါလီမြစ်ကိုလွှဲတယ်...

            ဝမ်းဘဲက ချောင်းထဲ...ရှာသည်

            ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ...

            ချောင်းရိုးမှီ...ငေးတဲ့ မန်ဒါလီ... တဲ့။

□

            ထိုနေ့ညက နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို ကိုငြိမ်း၏ သီချင်းတစ်ပုဒ်ဖြင့်လည်း လှလှပပ ပွဲသိမ်းစေခဲ့သည်။ ထိုသီချင်းကို မြို့မအဆိုတော် ကိုသိန်းတန်က အပီအပြင် သီဆိုခဲ့သည်။ အလှပြိုင်ပွဲတဲ့။ မာဃတူရိယာအသင်းနှင့် မြို့မတူရိယာအသင်းတို့ သူသာသည်၊ ငါသာသည် စသည်ဖြင့် စကားနိုင်လု အသားယူနေကြမှုကို စီးစီးပိုးပိုးနှင့် သရော်လိုက်သည့် သီချင်းလည်းဖြစ်သည်။ ကိုငြိမ်းက သူ့အဆိုတော်ကြီး ကိုသိန်းတန်ကို အသင်းတိုက်မှာ သီချင်းတိုက်ပေးနေစဉ်ကတည်းက သဘောကျကာ တစ်သင်းလုံး အလွတ်ရနေကြသည်။ ပွဲသိမ်းအဖြစ် ကိုသိန်းတန် သီဆိုတော့ စင်နောက်ရှိ မောင်မူတို့ မောင်သောင်းဉာဏ်တို့ပင် ပျော်ပျော်ပါးပါးကြီး လိုက်ဆိုကြသည်။

            ဂင်္ဂါငါးနဲ့ ယမုန်နာငါးတို့ အလှပြိုင်ကြမလို့တဲ့

            လေထွားရာဝယ်...

            အချင်းဖြစ်ပွားခိုက် ခုံထားလိုက်ရာ

            ဦးရွှေလိပ်က မိန့်ကြားသည်မှာ...

            ငါလို ဝိုင်းဝိုင်းစက်စက်...မင်းတို့မတင့်တယ်...

            ရုပ်လှရာ မုချပါဗျာ...ကျုပ်ကသာ...

            ဒါတောင် ဦးရွှေလိပ်က ရေမချိုးရသေးဘူးတဲ့ခင်ဗျာ...

            အနိုင်လို သဘောထား ပြောကြားလေတယ်...

            ထွားတဲ့လေနှယ်...

            ဒီလိုပဲ ထုံးပုံရှိတယ်၊ အနှိပ်သည် ငတိုးပြော...

            သောတာမဟုတ်ဘူးနော်... တဲ့။

            ပွဲသိမ်းမှာ မြို့မက ခပ်ဆတ်ဆတ်လေး တို့သွားတော့ မာဃအသင်းသားတွေ မချိတင်ကဲဖြစ်သွားကြ၏။ ပညာရှိ အမျက်မို့ အပြင်တော့မထွက်ကြပေ။ တီးဝိုင်းမှာ လက်နှစ်ဖက်နှင့် ဒရမ်တီးခတ်သူ၊ အုပ်စုံတီးခတ်သူ မာဃအသင်းသား ကိုခင်မောင်တိုးကတော့ သူ့ကို အနှိပ်သည်ငတိုးဟု ပြောရပါ့မလားဆို၍ ဒေါသတော့ထွက်လိုက်သေးသတဲ့။ ဒါပေမယ့် အချင်းချင်းတွေမင့်ဟာ ပြီးတော့လည်း ပြီးသွားကြသည်။

▀

ဆက်လက်ဖော်ပြပါမည်

ဆူးငှက်

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၉)
ဝင်းငြိမ်း

ကျောင်းက ပြန်လာပြီဆိုရင် ညီအစ်ကိုနှစ်ယောက်စလုံး ကျောင်းမှာ တစ်နေ့တာ သင်ကြားခဲ့ရသမျှကို မိခင်ဖြစ်သူထံ အလုအယက် ပြတတ်ကြပါတယ် မိခင်ဖြစ်တဲ့ ဒိုင်ယာနာကလည်းသားများနဲ့ ပတ်သက်ပြီး ဂုဏ်ယူတတ်ပါတယ်

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
ဆူးငှက်

'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...