အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၁၉)

ဝင်းငြိမ်း

01 November 2026
မင်းမှုထမ်း အပိုင်း (၁၉)
Share to

သူ့နံဘေးမှာ ထိုင်လာလေ့ ရှိပါတယ်။ မင်းသားတွေက သူတို့စံအိမ်ထဲက ထွက်လာပြီးတဲ့နောက် သူတို့ကစားဖော်တွေ အိမ်မှာ ရှိမရှိ သိရအောင် ဒီကားကလေးနဲ့ သွားလာပြီး မေးလေ့ရှိပါတယ်။ ကျွန်တော့်သားနှစ်ယောက်ကိုလည်း ဒီကားနဲ့ပဲ လာခေါ်ကြပါတယ်။ ဝီလျံနဲ့ဟယ်ရီတို့က ကားကို ဘယ်သူမောင်းရမလဲဆိုတာ အမြဲငြင်းခုံလေ့ ရှိပါတယ်။ ဒါပေမယ့် ဝီလျံက သူတို့ လေးယောက်ထဲမှာ အကြီးဆုံး ဖြစ်နေတဲ့အတွက် အမြဲတမ်း မောင်းသူနေရာမှာ နေရာယူရပါတယ်။ ဝီလျံက ပြိုင်ကား မောင်းရခြင်းကို ဝါသနာပါပြီး ဆယ်နှစ်သားအရွယ်ဖြစ်တဲ့အတွက် သူ့ ကိုယ်သူလည်း ကားမောင်းကျွမ်းကျင်သူအဖြစ် ခံယူထားပါတယ်။ တစ်ရက်မှာတော့ သူ့ဖခင်ရဲ့ စိုက်ခင်းခြံကိုကျော်ပြီး ကျွန်တော်တို့ အိမ်နောက်ဖေးကို ကားနဲ့ဝင်လာရာမှာ ကျောက်တိုင်တစ်ခုကို ဝင်တိုက်မိပါလေရော။ အဲဒီအချိန်တုန်းက မာရီယာက မီးဖိုထဲမှာ ရှိနေပါတယ်။ ဒုန်းခနဲ ကားတိုက်လိုက်တဲ့အသံကို ကြားလိုက်ရတဲ့အပြင် အလန့်တကြား အော်လိုက်တဲ့ ဝီလျံတို့အသံကိုလည်း ကြားလိုက်ရပါသတဲ့။ ဝီလျံက 'မာရီယာ... မာရီယာ... ကားတိုက်မှု ဖြစ်သွားပြီ'လို့ အော်လိုက်တာကြောင့် မာရီယာလည်း ဘာတွေများ ဖြစ်ကုန်ကြပြီလဲလို့ လန့်သွားခဲ့ပါသတဲ့။ ဝီလျံက 'ပါပါတော့ အရမ်းဒေါသထွက်တော့မှာပဲ။ သုတ်ဆေးအစိမ်း တစ်ဘူးလောက် မရနိုင်ဘူးလား'လို့လည်း မာရီယာ့ကို မေးပါသေးတယ်။

            မာရီယာက ဝီလျံရှိတဲ့ နေရာကို ရောက်သွားပြီး သုတ်ဆေးတစ်ဘူးနဲ့ သူ့ပြဿနာကို ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်ကြောင်း ချော့မော့ပြောရပါတယ်။ သူ ဝင်တိုက်လိုက်တဲ့ ကျောက်တိုင်ကလည်း ပဲ့သွားတဲ့အပြင် ကားကလေးမှာ တော်တော်ချိုင့်ဝင်သွားတာကြောင့် ဝီလျံခမျာ တော်တော်ကြီးကို ထိတ်လန့်တုန်လှုပ် သွားတာပါ။ ဝီလျံက သူ့ကားကလေးကို ကားဂိုဒေါင်ထဲ သွင်းပြီး ပိန်ချိုင့်သွားတဲ့ နေရာကို သူ့ဖခင် မမြင်အောင်လို့ ဂိုဒေါင်အုတ်နံရံဘက်မှာ ကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် စံအိမ်ဝင်းအတွင်းမှာ ဖြစ်ပျက်သမျှ မင်းသားသိဖို့ တင်ပြရမှာဖြစ်လို့ ပယ်ဒီနဲ့ ကျွန်တော်က မင်းသားကို ဝီလျံရဲ့ ကားပျက်စီးတဲ့အကြောင်း ပြောပြကြရပါတယ်။ ချားလ်စ်မင်းသားက တော်တော်စိတ်ပျက်သွားပုံ ရပါတယ်။ ဒါပေမယ့် ပျက်စီးသွားသမျှကို ပြင်ဆင်ပေးဖို့ Aston Martin ကားကုမ္ပဏီထံ ပို့ပေး လိုက်တော့ ပြန်ရောက်လာရာမှာ ပကတိအသစ်အတိုင်း ဖြစ်သွားခဲ့ပါတယ်။ ကားမရှိတဲ့ အချိန်ကာလအတွင်းမှာ ဝီလျံက ပယ်ဒီရဲ့ မြက်ရိတ်စက်ပေါ်မှာ လိုက်စီးနေခဲ့ပါတယ်။ သူ့ကား ပြန်ရတော့မှ ကားပေါ် ပြန်စီးခွင့်ရသွားပါတယ်။ သူ့မိဘများကလည်း ကားပြန်မောင်းခွင့်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုင်းဂရုဖ် စံအိမ်ဝင်းအတွင်းမှာသာ သွားလာနေတာဖြစ်တဲ့အတွက် မင်းသားငယ်အနေနဲ့ အန္တရာယ်မရှိနိုင်လို့ပါပဲ။ အဲဒါအပြင် ဟိုင်းဂရုဖ်စံအိမ် ဝင်းအတွင်းမှာ ဝီလျံ၊ ဟယ်ရီနဲ့ ကျွန်တော့်သားနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား၊ နစ်ခ်တို့မှာ တခြားပျော်စရာ၊ ပါးစရာ ဆိုလို့လည်း မရှိကြလို့ပါပဲ။ တစ်ခါတုန်းက မင်းသမီးက သူတို့ လေးယောက်ကို လန်ဒန်ခေါ်သွားပြီး ချားရဟတ် စီးစေခဲ့ပါတယ်။ အဲဒီ ချားရဟတ်က တစ်နာရီကို မိုင်လေးဆယ်နှုန်းလောက် လည်ပတ်တဲ့ ချားရဟတ် ဖြစ်ပါတယ်။ သူတို့လေးယောက်စလုံး မျက်ရည်ကျမတတ် ကြောက်ခဲ့တာပေါ့။ ဒါပေမယ့် သူတို့ပျော်တာကို တွေ့ရတော့ မင်းသမီးက နွေရာသီ အားလပ်ရက်များမှာ သူ့သားတွေ ပျော်စေဖို့အတွက် ချားရဟတ်ကို ငှားရမ်းပြီး ဟိုင်းဂရုဖ်စံအိမ်ဝင်းအတွင်းမှာ စီးစေခဲ့ပါတယ်။

            ဝီလျံနဲ့ဟယ်ရီတို့က သူတို့ကိုယ် သူတို့ ယုံကြည်စိတ်ချမှု အပြည့်အဝ ရှိကြတဲ့ ကလေးတွေပါ။ ဘယ်လူစိမ်းနဲ့မဆို စကားပြောရဲတဲ့သတ္တိ ရှိကြပါတယ်။ အိပ်တဲ့အခါမှာလည်း သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ခန်းစီ ခွဲသိပ်ထားတာပါ။ အိပ်ချိန်ကလွဲရင် သူတို့ညီအစ်ကို နှစ်ယောက်ကို တစ်တွဲတွဲ တွေ့ရပါတယ်။ ဝီလျံက အကြီးဖြစ်တဲ့အလျောက် ဘာပဲလုပ်လုပ် ခေါင်းဆောင်ပေါ့။ သူတို့နှစ်ယောက်စလုံး လန်ဒန်မြို့က နော်တင်ဟေးလ်မှာရှိတဲ့ Wetherby အနုပညာသင်ကျောင်းမှာ ကျောင်းတက်ကြရပါတယ်။ ကျောင်းက ပြန်လာပြီဆိုရင် ညီအစ်ကိုနှစ်ယောက်စလုံး ကျောင်းမှာ တစ်နေ့တာ သင်ကြားခဲ့ရသမျှကို မိခင်ဖြစ်သူထံ အလုအယက် ပြတတ်ကြပါတယ်။ မိခင်ဖြစ်တဲ့ ဒိုင်ယာနာကလည်း သားများနဲ့ ပတ်သက်ပြီး ဂုဏ်ယူတတ်ပါတယ်။

            ဟယ်ရီက ပန်းချီဆွဲတိုင်း သူ ဝါသနာပါတဲ့ စစ်သားရုပ်ကလေးတွေကို ဆွဲလေ့ရှိပါတယ်။ ကစားရင်လည်း စစ်တိုက်တမ်း ကစားရတာကို ဝါသနာပါပြီး ကောင်းကင်ယံကနေ ဗုံးကြဲချတဲ့ လေယာဉ်ပျံသဏ္ဌာန် ကစားလေ့ရှိပါတယ်။ ပန်းချီဆွဲတဲ့နေရာမှာလည်း ဗုံးကြဲတဲ့ လေယာဉ်ပျံတွေပုံ ဆွဲလေ့ရှိပြီး မြေပြင်ပေါ်မှာ သေကြေဒဏ်ရာရတာကို သရုပ်ဖော်နိုင်ဖို့အတွက် မင်နီတွေကို သုံးပြီး ရေးဆွဲလေ့ ရှိပါတယ်။ သူ ကစားတိုင်း ရေဘောလုံးများကို ဗုံးအဖြစ် အသုံးပြုတတ်တာကြောင့် သူ စစ်မြေပြင်အဖြစ် ကစားတဲ့ ချားလ်စ်မင်းသားရဲ့ ဆုရ ပန်းဥယျာဉ်မှာ အမြဲပျက်စီးလေ့ ရှိပါတယ်။ ဝီလျံနဲ့ဟယ်ရီတို့ကို ပူးပေါင်းတဲ့ နောက်တစ်ဦး ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော့်ညီဖြစ်တဲ့ ဂရေဟမ်ပါပဲ။ သူတို့ သုံးယောက်ပေါင်းပြီး ရေဘောလုံးတွေနဲ့ ကစားကြရာမှာ သူတို့ကို လိုက်ရှာတဲ့ ဒိုင်ယာနာမင်းသမီးဟာ ရေဘောလုံး ဒဏ်ကို အမြဲခံရပါတယ်။ ချားလ်စ်မင်းသားရဲ့ ဥယျာဉ်ဝင်းဟာ နွေရာသီမှာ မင်းသားညီနောင်ရဲ့ စစ်မြေပြင် ဖြစ်တဲ့အပြင် ပျော်ပျော်ပါးပါး အသားကင်စားကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသားကင်ပေးရတဲ့ ဝန်ထမ်းတွေခမျာလည်း သူတို့ ရေဘောလုံး လက်ချက်နဲ့ မကင်းပါဘူး။ ချားလ်စ်မင်းသား အိမ်တော်မှာ မရှိဘူးဆိုရင် သူတို့ ရေဘောလုံးတိုက်ပွဲ ဆင်နွှဲတတ် ကြပါတယ်။ အဲဒီအချိန်မျိုးမှာ ဝန်ထမ်းတွေခမျာလည်း တစ်ကိုယ်လုံး စိုရွှဲပြီး ကြွက်စုတ်ဖြစ်ကြရပါတယ်။ အသားကင်စားကြတဲ့ ညဆိုရင် ဒိုင်ခံအသားကင်ပေးတဲ့ မာဗင်က အိမ်တော်ဝင်း အတွင်းမှာရှိတဲ့ ဝန်ထမ်းအားလုံးအတွက် ကင်ပေးရပါတယ်။ ဒီလိုညဟာ အားလုံးအတွက် ပျော်ပျော်ပါးပါး ဖြစ်စေတာကြောင့် မင်းသမီးက အားလုံးအတွက် အားလပ်ချိန် ဖြစ်တယ်လို့ သတ်မှတ်ပေးပါတယ်။ စားသောက်ကြပြီးရင် ပေရေနေတဲ့ ပန်းကန်များကို ဆေးကြော တဲ့နေရာမှာလည်း မင်းသမီးက ဝင်ကူလေ့ ရှိပါတယ်။

            မင်းသမီးပျော်တဲ့ နောက်တစ်နည်း ရှိပါသေးတယ်။ အဲဒါကတော့ ဝိုင်းဖွဲ့ကစားကြသူများကို ရေကူးကန်ထဲကျအောင် သူကိုယ်တိုင် တွန်းချခြင်းပါပဲ။ အော်သံတွေ၊ ရယ်သံတွေနဲ့ ဟိုင်းဂရုဖ်စံအိမ်ဝင်းအတွင်းမှာ ပြည့်နှက်နေစေပါတယ်။ ဒီကစားနည်းကိုတော့ ကျွန်တော်က 'လူသားစွပ်ပြုတ် ကစားနည်း'လို့ပဲ ကင်ပွန်းတပ်ပေးပါတယ်။ ရေဘောလုံးနဲ့ ပေါက်လို့လည်း မင်းသမီးက စိတ်မဆိုးပါဘူး။ တစ်ခါတလေ သူ့သားတွေ ရေဘောလုံးနဲ့ပေါက်လို့ စိုရွှဲနေတဲ့ အဝတ်နဲ့ပဲ သူ့ကိုယ်တိုင်လည်း ရေကူးကန်ထဲကို ခုန်ဆင်းလေ့ရှိပြန်ပါတယ်။

            မင်းသမီးက လူတွေကို ရေကူးကန်ထဲ တွန်းချတဲ့ကစားနည်းမှာ နှစ်သက်ပျော်မွေ့ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းလာတဲ့အတွေးတစ်ခုကတော့ အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့ မိဖုရားကြီးဖြစ်လာမယ့် ဒိုင်ယာနာအနေနဲ့ သူ့ရင်ထဲမှာ ချုပ်တည်းထားရတဲ့ စိတ်များကို ဒီနည်းနဲ့ အပန်းဖြေနေတာ ဖြစ်မယ်လို့ ဆိုတာပါပဲ။ ရေကူးကန်ထဲမှာ အဝတ်အစားကောင်းတွေနဲ့ ဆော့ကစားနေတဲ့ ဒိုင်ယာနာဟာ အဲဒီအချိန်မှာ ဝန်ထမ်းများနဲ့ ခွဲခြားမှု မရှိပါဘူး။ သူလည်း သာမန်အရပ်သူ တစ်ဦးလိုပဲ ဖြစ်နေပါတယ်။ တစ်ခါတလေမှာ ဂျင်း(န)ဘောင်းဘီတို၊ တီရှပ် ဝတ်ပြီး ရေကူးကန်ထဲ ရောက်နေတဲ့ ဒိုင်ယာနာကို ဝန်ထမ်းများ မြင်လိုက်ရတဲ့အခါမှာ အံ့သြသွားကြပါတယ်။ သူတို့မျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ အံ့သြမှုကိုပဲ ဒိုင်ယာနာက ကျေနပ်နေတာပါ။

            ဒါပေမယ့် တခြားသူတွေရဲ့မျက်နှာပြင်ပေါ်က အံ့သြမှုများဟာ ၁၉၉၂ ခုနှစ် မေလတုန်းက မင်းသမီးတစ်ပါးတည်း ထွက်ခဲ့တဲ့ ခရီးစဉ်မှာ ကြုံတွေ့ခဲ့ရမှုနဲ့ ပတ်သက်ပြီး ကိုင်ရိုမှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီး အံ့သြမှုကို ဘယ်သူမှ မီမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

□

            ကျွန်တော်တို့အဖွဲ့ ရေယာဉ်တစ်စီးနဲ့ Phillae Temple ကို ဦးတည်ပြီး သွားနေတုန်းက ဖြစ်ပါတယ်။ Aswan ဆည် အနီးရောက်တဲ့အခါမှာ ကျွန်တော့်ညာဘက်မှာ ရပ်နေတဲ့ ဒိုင်ယာနာက 'ပေါလ်ရေ... ပျော်စရာကောင်းတဲ့ အချိန်ကလေးတစ်ခုတော့ ရောက်လာပြန်ပြီ' လို့ ဆိုလိုက်ပါတယ်။ မျက်နှာပေါ်မှာ တပ်ထားတဲ့ နေကာမျက်မှန်ကို ခေါင်းပေါ်နေရာရွှေ့လိုက်ပါတယ်။ 'ရာသီဥတုကလည်း ပူလိုက်တာနော်'လို့ ဆိုတယ်။ နိုင်းလ်မြစ်ထဲမှာ သွားလာနေတဲ့ ရေယာဉ်ပေါ်မှာ လေအနည်းငယ် တိုက်နေပေမယ့် ဒိုင်ယာနာကတော့ ချွေးစို့နေပါတယ်။ စက္ကန့်ပိုင်းလောက်ကြာတော့ ဒိုင်ယာနာက 'အခုအချိန်မှာ တစ်ယောက်ယောက် ပျော်သွားအောင် မလုပ်နိုင်ဘူးလား ပေါလ်။ သံရုံးကို ပြန်ရောက်ရင် ဆမ်ရဲ့မွေးနေ့ပါတီပွဲ ရှင်စီစဉ်ပေးပါလား'လို့ ဆိုပါတယ်။

            ကျွန်တော်တို့ သွားနေတဲ့ရေယာဉ်ပေါ်မှာ မွေးနေ့ပွဲအတွက် အစီအစဉ်လုပ်ဖို့ရာ ကျွန်တော် ခေါင်းခြောက်ခဲ့ရပါတယ်။ နိုင်းလ်မြစ်ရဲ့ ကမ်းပါးတစ်နေရာကိုကပ်ပြီး အပန်းဖြေကြချိန်မှာ ကျွန်တော့်မှာတော့ စိတ်အေးလက်အေး မနေနိုင်သေးဘဲ မင်းသမီး ခိုင်းထားတဲ့ မွေးနေ့ပါတီပွဲ ကျင်းပပေးနိုင်ဖို့ အပြေးအလွှား စီစဉ်ရပါတော့တယ်။

            ကိုင်ရိုမှာရှိတဲ့ ဗြိတိသျှသံရုံးမှာ ဆမ်အတွက် မွေးနေ့ပွဲကို ကျွန်တော်တို့ တိတ်တဆိတ် စီစဉ်ကြပါတယ်။ ဆမ်ဝင်လာချိန်မှာ “Happy Birthday To You"လို့ ကျွန်တော်တို့ အဖွဲ့သား ၁၁ ယောက်က ဝိုင်းအော်လိုက်ကြပါတယ်။ ခေါင်းဆောင်ကတော့ ဒိုင်ယာနာ မင်းသမီးပေါ့။ အဲဒါတင် မကသေးပါဘူး။ ကျွန်တော်တို့အားလုံး ဝတ်စုံအပြည့်အစုံနဲ့ ဆမ်ကို ဝိုင်းဆွဲလိုက်ကြပြီး ရေကူးကန်ထဲကို ခုန်ဆင်းလိုက်ကြပါတယ်။ ဒီလိုအတွေ့အကြုံ မရှိဖူးတဲ့ မင်းသမီးရဲ့သက်တော်စောင့်ခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာ သေချာပါတယ်။ မင်းသမီးကိုယ်တိုင်လည်း ရေကူးကန်ထဲမှာ မြုပ်နေလိုက်တာ သူ့ရွှေရောင် ဆံပင်ကိုသာ ရေပေါ်မှာ မြင်ရပါတယ်။ ကိုင်ရိုကို ရောက်ပြီး နှစ်ရက်လောက်တုန်းက ဗြိတိသျှသံရုံးနဲ့ကပ်လျက် အဆောက်အဦတစ်ခုပေါ်ကနေ ပါပါရာဇီတစ်ဦးက အနက်ရောင် ရေကူးဝတ်စုံနဲ့ ရေကူးနေတဲ့ ဒိုင်ယာနာရဲ့ပုံကို ခိုးရိုက်ခဲ့ဖူးပါတယ်။ ကံကောင်းချင်တော့ ညကြီးမင်းကြီးမှာ 'လူသားစွပ်ပြုတ်' လုပ်နေတဲ့ မင်းသမီးကို မသိလိုက်ပေလို့သာပေါ့။ သူတို့က ဒိုင်ယာနာမင်းသမီး လည်ပတ်တဲ့ခရီးစဉ်များကိုသာ အသားပေး ဖော်ပြနေခဲ့ကြပါတယ်။

            ဗြိတိသျှ စာနယ်ဇင်းများရဲ့ စာမျက်နှာများပေါ်မှာတော့ ဒိုင်ယာနာဟာ ဗြိတိန်နိုင်ငံရဲ့ သံတမန်ကောင်းတစ်ဦးအဖြစ် ရေးသားဖော်ပြနေကြပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဘာတွေပဲဖြစ်ဖြစ် ဒိုင်ယာနာဟာ သံတမန်ကောင်းတစ်ဦး ဖြစ်တာတော့ အမှန်ပါပဲ။ ဘာကင်ဟမ် ရွှေနန်းတော်အတွင်းမှ ပုဂ္ဂိုလ်များ ဘာတွေပဲ ပြောနေနေ ဒိုင်ယာနာကတော့ တစ်ကမ္ဘာလုံးရဲ့အမြင်မှာ သူ့နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေးတဲ့ သံတမန်တစ်ဦး ဖြစ်ခဲ့ပါပြီ။

            အီဂျစ်ခရီးစဉ်ဟာ မင်းသမီးနဲ့ကျွန်တော်ရဲ့ ရင်းနှီးမှုကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကို ပြန်ရောက်တဲ့အချိန်မှာ သူ ဘယ်ကိုပဲ ခရီးသွားသွား ကျွန်တော့်ကို ခေါ်သွားပါတယ်။ ဒါကြောင့် ကျွန်တော့်တာဝန်က ဟိုင်းဂရုဖ်စံအိမ်ထက် ကင်စတန်နန်းတော်မှာ နေရတဲ့အချိန် ပိုများလာခဲ့ပါပြီ။ ရင်းနှီးလာတာနဲ့အမျှ မင်းသမီးက သူမရဲ့ 'လျှို့ဝှက်မိတ်ဆွေ'အကြောင်းကိုလည်း ရင်ဖွင့်ပြောလေ့ရှိပါပြီ။ သူနဲ့ကျွန်တော်ဟာ သခင်နဲ့ကျွန်လို မဟုတ်တော့ဘဲ မိတ်ဆွေကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ ကျွန်တော့်ဇနီးရဲ့ မိတ်ရင်းဆွေရင်း ဖြစ်သလို ကျွန်တော့်သားများအတွက်လည်း သူဟာ အဒေါ်တစ်ယောက်သဖွယ် ဖြစ်နေတာကြောင့် သူ့ ကိုယ်ရေးကိုယ်တာကိစ္စများကို ကျွန်တော်နဲ့ တရင်းတနှီး ပြောလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

            ကိုင်ရိုမှာရှိနေစဉ် တစ်နေ့မှာတော့ သံရုံးက မင်းသမီးအတွက် စီစဉ်ပေးထားတဲ့ အခန်းကျယ်ကြီးတစ်ခုထဲမှာ မင်းသမီးက ဧရာမကိုယ်လုံးပေါ် မှန်ကြီးရှေ့ ထိုင်ပြီး သူ့ဆံပင်ကို ကိုယ်တိုင် ရှင်းနေပါတယ်။ ကျွန်တော်က သူ့အတွက် မုန်လာဥနီ ဖျော်ရည်ယူပြီး သွားပို့ပါတယ်။ ဖျော်ရည်ခွက်ကို ထားပြီး ပြန်လှည့်အထွက်မှာ မင်းသမီးက 'နေပါဦး ပေါလ်'လို့ ဆိုကာ ခွေးခြေတစ်လုံးမှာ ထိုင်ဖို့ ကျွန်တော့်ကို ညွှန်ပြလိုက်ပါတယ်။ အဲဒီခွေးခြေက မင်းသမီးအိပ်ဖို့ စီစဉ်ထားတဲ့ ခုတင်နဲ့ အနီးဆုံး နေရာမှာ ရှိပါတယ်။ 'လန်ဒန်ကို ပြန်ရောက်ရင် ပေါလ်ကို မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပေးရဦးမယ်။ ကျွန်မ တွေ့ဖူးသမျှထဲမှာ လူစီယာက အချောဆုံးနဲ့ ကျက်သရေ အရှိဆုံး အမျိုးသမီးပဲ'လို့ ဆိုတယ်။

            လူစီယာ ဆိုတာက အဲဒီကာလတုန်းက ဘရာဇီးလ်နိုင်ငံ သံအမတ်ကတော်ဖြစ်ပြီး မင်းသမီးအပေါ်မှာလည်း မိခင်တစ်ယောက်လို ကြင်နာစိတ်ထားသူ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ သံအမတ်ကြီး ပေါ်လိုတာဆိုက နောင်မှာအမေရိကန်သံအမတ်အဖြစ် ဝါရှင်တန်ကို ပြောင်းသွားရတယ်။ နောက်တော့ ရောမကို ရောက်သွားပြန်ပါတယ်။ အဲဒီ သံအမတ်ကြီးကလည်း ဒိုင်ယာနာ့အပေါ်မှာ ဖခင်တစ်ယောက်လိုပါပဲ။ မင်းသမီးက လန်ဒန် Mount လမ်းမှာရှိတဲ့ သူတို့ သံရုံးအဆောက်အဦကို အသုံးပြုပြီး တစ်စုံတစ်ယောက်နဲ့ တွေ့လေ့ရှိပါတယ်။ အဲဒီတစ်စုံတစ်ယောက်က ဂျိမ်းစ်ဟေးဝစ် မဟုတ်ပါဘူး။ ကိုင်ရိုမှာ သူနဲ့ကျွန်တော် နှစ်ယောက်တည်း တွေ့တဲ့နေ့ကမှ အဲဒီသံရုံးမှာ သူ ဘယ်သူနဲ့ တွေ့နေတယ်ဆိုတာကို ဒိုင်ယာနာက ပြောပြခဲ့ပါတယ်။

            ဒိုင်ယာနာက ကျွန်တော့်ကို ရင်ဖွင့်ပြောကြားခဲ့တဲ့အပြင် သူ့ပတ်ဝန်းကျင်မှာ ယုံကြည်စိတ်ချရသူရယ်လို့ သူဖန်တီးထားတဲ့ မွေးစားမိဘနှစ်ပါးအပြင် ကျွန်တော့်ကိုလည်း ပါဝင်စေချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ ဘယ်သူမဆို မင်းသမီးအတွက် လုပ်ပေးရမယ်ဆိုရင် လုပ်ချင်သူချည်းပါပဲ။ မင်းသမီးနဲ့ ပတ်သက်မိသူတိုင်းကလည်း သူတို့ဟာ မင်းသမီးအကြောင်းကို လုံးဝဥဿုံ သိသူများရယ်လို့ ထင်တတ်ကြပါတယ်။ အဲဒီလို ထင်အောင်လည်း မင်းသမီးက ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် မင်းသမီးက အင်မတန် လျှို့ဝှက်ရမယ့်ကိစ္စများကိုတော့ သူ လုံးဝဥဿုံ ယုံကြည်ရမယ့်သူများကိုသာ ရွေးချယ်ပြီး ပြောလေ့ရှိတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ သူ့အတွင်းစည်းကို ရောက်ဖို့ဆိုတာ သူ ကိုယ်တိုင် လိုလိုလားလား ဖိတ်ခေါ်ခြင်း မရှိဘဲ မရောက်နိုင်ပါဘူး။ သူနဲ့ ရင်းနှီးလှပါတယ်ဆိုတဲ့ ကျွန်တော့်ဇနီး မာရီယာသည်ပင်လျှင် ဒိုင်ယာနာရဲ့အတွင်းစည်းကို မရောက်နိုင်ခဲ့ပါဘူး။ သံအမတ်ကတော် လူစီယာနဲ့တွေ့ဆုံဖို့၊ ဒိုင်ယာနာရဲ့ လျှို့ဝှက်မိတ်ဆွေနဲ့ တွေ့ဆုံဖို့ ဆိုတာတွေဟာ နောင်ကာလမှ ဖြစ်ပေါ်လာမယ့် ကိစ္စတွေ ဖြစ်ပေမယ့် အဲဒီနေ့မနက်မှာ ဒိုင်ယာနာက ကျွန်တော့်ကို သူ့ရင်ထဲရှိသမျှ ဖွင့်ဟပြောခဲ့ပါတယ်။

            အရှေ့အလယ်ပိုင်းဒေသကို မထွက်ခွာခင်မှာ မင်းသမီးက ဒီခရီးစဉ်အတွက် ဒီဇိုင်နာ ကက်သရင်းဝေါ်ကာ အထူးစီစဉ် ချုပ်လုပ်ပေးလိုက်တဲ့ ဝတ်စုံကို ဝတ်ကြည့်ပြီး တော်တော် ရင်ခုန် နေခဲ့ပါတယ်။ သံရုံးရဲ့အခန်းထဲမှာ အဖွဲ့သားများဖြစ်ကြတဲ့ မာဗင်၊ ဟလီနာနဲ့ ကျွန်တော်တို့က သူ့ဖက်ရှင်နဲ့ပတ်သက်ပြီး ဝေဖန်ပေးရတဲ့ ဘုတ်အဖွဲ့ပေါ့။ ဒိုင်ယာနာက အဝတ်လဲပြီး အိပ်ခန်းထဲက ထွက်လာတိုင်း ကျွန်တော်တို့သုံးယောက်ကို 'ဘယ်လိုနေလဲ လှရဲ့လား'၊ 'ဘယ်လိုထင်သလဲ' စသဖြင့် ကျွန်တော်တို့ မှတ်ချက်တွေကို မေးမြန်းလေ့ရှိပါတယ်။

            မေးမြန်းတဲ့အခါတိုင်းမှာလည်း ကျွန်တော်တို့ဘက်က ဝေဖန်စရာ အချက်အလက် အနည်းငယ်ရှိသည့်တိုင်အောင် အကောင်းဘက်ကိုပဲ ဇောင်းပေးဖြေခဲ့ကြတာချည်းပါပဲ။ မင်းသမီးက သူ့ကြင်ယာတော် ချားလ်စ်မင်းသား မပါတဲ့အတွက် သူ့အဝတ်အစားများနဲ့ ပတ်သက်ပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်မယ့်သူ မရှိတာကြောင့်လည်း ကျွန်တော်တို့ကို ဝေဖန်ခိုင်းခြင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ သူနဲ့ကျွန်တော်တို့ ပိုမိုရင်းနှီးစေခဲ့တဲ့ ခရီးစဉ်ပါ။ ဒါပေမယ့် ကံကြမ္မာကို ကျွန်တော်တို့ ကြိုတင်သိနိုင်စွမ်း မရှိနိုင်တဲ့အတွက် နောက်ကွယ်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်က စောင့်ကြိုနေလိမ့်မယ်ဆိုတာ ကို ကျွန်တော်တို့ မသိခဲ့ကြပါဘူး။

            တစ်ရက်မှာတော့ အမြဲတမ်း ခပ်ဟဟလေးသာ ပိတ်ထားလေ့ရှိတဲ့ သူ့အိပ်ခန်းတံခါးကို အတွင်းကနေ ပိတ်ထားတာ ကြုံလိုက်ကြရပါတယ်။ မင်းသမီးရဲ့ မျက်လုံးနှစ်ဖက်စလုံးမှာလည်း နီရဲနေပါတယ်။ မင်းသမီးက သူ့အနေနဲ့ ခံစားရတဲ့ကိစ္စတစ်ခုကို ဖြေဖျောက်နိုင်ဖို့ သူတစ်ယောက်တည်း နေပါရစေလို့ ဆိုပါတယ်။ ဘုရင်မကြီးသာဆိုရင် ဘာဖြစ်တာလဲလို့ ကျွန်တော် မမေးရဲပါဘူး။ ဒါပေမယ့် ရင်းနှီးနေတဲ့ မင်းသမီးဖြစ်ခြင်းကြောင့် 'ဘုန်းတော်ကြီးလှတဲ့ မင်းသမီး ဘာများဖြစ်လို့ပါလဲ။ ကျွန်တော် ဘာလုပ်ပေးလို့ရမလဲ'လို့ မေးမိပါတယ်။

            မင်းသမီးက ပြုံးပါတယ်။ 'ပေါလ်ရယ်... လူတွေဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ငိုကြရတာပါပဲ'လို့လည်း ဆိုပါတယ်။ တွန့်လိမ်ကြေမွနေတဲ့ အင်္ကျီကိုစန့်သွားအောင် ဆွဲချလိုက်ပြီး သူ့အခန်းထဲကို ဝင်သွားပါတယ်။ ဒီအချိန်မျိုးမှာ မင်းသမီးဟာ အနာဂတ် အင်္ဂလန်နိုင်ငံရဲ့ မိဖုရားလောင်း ဝေလမင်းသမီးဆိုတာထက် သာမန်အရပ်သူတစ်ဦးနဲ့ ပိုပြီးတူပါတယ်။

            မင်းသမီးက တော်ရုံတန်ရုံကိစ္စမျိုးမှာ မျက်နှာမပျက်အောင် ထိန်းနိုင်သူ ဖြစ်ပါတယ်။ သူမ ချစ်ခင်မြတ်နိုးတဲ့ ဖခင်ကြီး အားလ်စပင်ဆာဟာ သူမ သြစတြီးယားနိုင်ငံမှာ စကီးစီးနေတဲ့ မတ်လအတွင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီလမှာပဲ ယော့ခ်မြို့စားနဲ့ မြို့စားကတော်တို့ရဲ့ ကွာရှင်းပြတ်စဲခြင်းကို ရွှေနန်းတော်ကြီးက ကြေညာခဲ့ပါတယ်။ အဲဒီပြီးတော့ တစ်ခါ ယောင်းမတော် အန်းမင်းသမီးက သူ့ကြင်ယာတော် မာ့ခ်ဖိလစ်နဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စတွေ စတင်ဆောင်ရွက်လာ ပါတယ်။ အဲဒီလို ရွှေနန်းတော်ကြီးအတွင်းက ကွာရှင်းပြတ်စဲမှုသတင်းတွေ အဆက်မပြတ် ပေါ်ထွက်လာချိန်မှာ မျက်လုံးအားလုံးက ချားလ်စ်နဲ့ ဒိုင်ယာနာတို့အပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့နှစ်ယောက် အတူတွဲပြီး အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာစဉ်တုန်းက အဆင်မပြေဖြစ်ခဲ့ကြတာတွေက လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာကျော် တာ့ဂျ်မဟာလ် ချစ်နန်းဗိမာန်ရှေ့မှာ ဒိုင်ယာနာတစ်ယောက်တည်းပုံ ပေါ်ထွက်လာခြင်းက သူတို့အိမ်ထောင်ရေးအခြေအနေကို ပိုမိုဖော်ပြလာခဲ့ပါတယ်။

            အဲဒါအပြင် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အင်ဒရူးမော်တန်နဲ့ ပေါင်းပြီး ဒိုင်ယာနာ Diana, Her True Story ဆိုတဲ့စာအုပ် ထုတ်ဝေဖို့ စိုင်းပြင်းလာခြင်းကလည်း သူမရဲ့ အတွင်းစိတ်ကို တစ်နည်းတစ်ဖုံ ဖော်ပြရာ ရောက်ခဲ့ပါတယ်။ ဒီစာအုပ် ရေးသားထုတ်ဝေဖို့ နှစ်တော်တော်ကြာကြာကတည်းက စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ဒိုင်ယာနာ ကိုယ်တိုင်က လောဆော်မှု မရှိခဲ့တဲ့အတွက် နှောင့်နှေးနေခဲ့ခြင်းပါ။ အီဂျစ်နိုင်ငံက အပြန်မှာတော့ ဒိုင်ယာနာက အတွေးပြောင်းလာခဲ့ပါပြီ။

            ဟိုင်းဂရုဖ်စံအိမ်ကို ပြန်ရောက်တဲ့အခါမှာ ကျွန်တော်က ဇနီးဖြစ်တဲ့ မာရီယာကို ဒိုင်ယာနာနဲ့ပတ်သက်ပြီး စိတ်ပူကြောင်း၊ ဒိုင်ယာနာက ကျွန်တော့်ကို သူနဲ့ပတ်သက်တဲ့ ကိစ္စတွေ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြောင်း၊ အဲဒါအပြင် သူမရဲ့ အမေသဖွယ်ဖြစ်နေတဲ့ သံအမတ်ကတော် လူစီယာနဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုခဲ့ကြောင်းများ ပြောပြလိုက်ပါတယ်။ ကျွန်တော့်ဇနီး မာရီယာက မင်းသမီးနဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်စိတ်များနေတာကို အကဲခတ်မိပါတယ်။ တကယ်တော့ ချားလ်စ်မင်းသားဟာ လူကောင်းတစ်ယောက်ပါ။ ဒိုင်ယာနာအပေါ်မှာ အကြင်နာတွေ မပေးနိုင်တော့တာက လွဲလို့ပေါ့။ ဟိုင်းဂရုဖ်စံအိမ်မှာ နေစဉ်ကာလအတွင်းမှာတော့ မင်းသမီးဟာ ကျွန်တော့်မျက်စိရှေ့မှောက်မှာ ဖြစ်တဲ့အတွက် ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ သိနိုင်ပေမယ့် ကင်စတန်နန်းတော်မှာ သွားရောက်စံမြန်းတဲ့အခါမှာတော့ မင်းသမီး အဆင်မှ ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ကျွန်တော့် ရင်ထဲမှာ အပြည့်ပါပဲ။ ဒါကြောင့် တစ်ညမှာတော့ ကျွန်တော့်ဇနီးသည်က 'ပေါလ်... ရှင်ဟာ ဟိုင်းဂရုဖ်စံအိမ်မှာ တာဝန်ထမ်းဆောင်ရတဲ့ ဘဏ္ဍာစိုးတစ်ယောက်သာ ဖြစ်တယ်။ ရှင့်အနေနဲ့ စံအိမ်သခင်မဖြစ်တဲ့ မင်းသမီးနဲ့ ဒီလောက်ကြီး ရင်းနှီး ပတ်သက်ဖို့ မကောင်းဘူး'လို့ ဆိုခဲ့ပါတယ်။

▀

ဆက်လက်ဖော်ပြပါမည်။

ဝင်းငြိမ်း

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၈)
ဆူးငှက်

တို့မြန်မာစကားမှာ လွမ်းတယ်၊ လွမ်းဆွတ်တယ်လို့ အဓိပ္ပာယ်ထွက်တဲ့ 'လွမ်း'ဆိုတဲ့စကားကို အသံနှစ်မျိုးထွက်တယ်။ လွမ်းတယ်ဆိုတာတစ်မျိုး၊ လွန်းတယ် လွန်းလိုက်တာလို့ အသံထွက်တာတစ်မျိုး။ ဟုတ်လား။ ဘယ်ဟာမှန်တယ်ဆိုတာ မ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
ဆူးငှက်

'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...