ဆိုဝ်ငြယ်
လူတစ်ယောက်က ငါ့ကိုယ်ငါ
သိနားလည်နေပြီလို့ ထင်နေတာ တကယ်မှန်ရဲ့လား။ ဒီမေးခွန်းကို အရွယ်ရောက်ပြီးသူ၊
အတွေးအခေါ် ရင့်သန်လာသူ၊ ဘဝ တွေ့အကြုံများပြားလာသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်
မေးမိကြပါလိမ့်မယ်။ မိရိုးဖလာ လက်ခံယုံကြည်ထားကြတဲ့ ဘာသာရေး အတွေးအခေါ်တွေကိုဘေးဖယ်ပြီး
ကိုယ့်ကိုယ်ကိုယ် ရှု့မြင်သုံးသပ်တာမျိုးကို လူဘယ်နှယောက်လောက်ကများ
စဉ်းစားမိကြသလဲ။ လူအတော်များများဟာ စားဝတ်နေရေးကို အရင်စဉ်းစားပြီးမှ လူ့ဘဝ
လူ့သဘာဝနဲ့ ပတ်သက်တဲ့အတွေးအခေါ်တွေကို ဝမ်းဝနေချိန်မှ ပိုစဉ်းစားတတ်ကြတာမျိုးပါ။
အများအားဖြင့်တော့ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုတွေကနေ လွန်မြောက်ပြီး
စဉ်းစားတွေးခေါ်နေကြတာ မဟုတ်ပါဘူး။ အားလုံးဟာ ကိုယ်စီကိုးကွယ်ကြတဲ့
ဘာသာရေးစနစ်တွေထဲမှာပဲကန့်သတ် ပိတ်လှောင်ပြီး စဉ်းစားနေတတ်ကြတာပါ။
ကိုယ့်ကိုယ်ကိုယ်ဆိုတဲ့
ကိုယ့်စိတ်၊ ကိုယ့်ခံစားမှုအဇ္ဈတ္တတွေဗဟိုပြုပြီး စဉ်းစားတဲ့အခါ လူသားအားလုံးဟာ
ပြီးပြည့်စုံနေကြပြီလား။
တွေးကြည့်ချင်စရာ...???
□
လူ့အဖွဲ့အစည်းထဲမှာ
နေထိုင်ပြီး လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်ပြီး ရှင်သန်သူဟာ လူ့အဖွဲ့အစည်းရဲ့
ပြင်ပကမ္ဘာမှာ ရောက်နေသူနဲ့ တူပါတယ်။ လူတွေကြားမှာ ရှိနေပေမဲ့ ဘယ်သူနဲ့မှ
မသက်ဆိုင်သလို ခံစားရတဲ့အခါမျိုး၊ ကိုယ်တိုင်ယုံကြည်လက်ခံထားတဲ့ အတွေးအခေါ်တွေနဲ့
ကိုယ်တိုင်ရှင်သန်နေရတဲ့ ဘဝကြားမှာ ကွဲလွဲမှုတွေ ဖြစ်လာတဲ့အခါမျိုးမှာ လူတစ်ယောက်ဟာ
မိမိကိုယ်ကို သူစိမ်းတစ်ယောက်လို ပြန်လည်ခံစားလာရတတ်တယ်။ ငါက ဒီလောကထဲ ဝင်ဆံ့ဖို့
ဘာလိုအပ်နေလို့လဲဆိုတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အဖြေရှာရင်း ကိုယ့်အတွင်းစိတ်ကနေ
လူ့လောကနဲ့သဟဇာတဖြစ်မှု၊ မဖြစ်မှုနှစ်မျိုးကို ရှာတွေ့လာတဲ့အခါ စိတ်ကောင်း
စိတ်ဆိုးဆိုပြီး နှစ်မျိုးခွဲလိုက်တယ်။ ပြီးတော့ လူသားနဲ့ ဝံပုလွေလို့
တံဆိပ်ကပ်လိုက်တယ်။ လူ့ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှုက လူစိတ်၊ လူ့လောကဝန်းကျင်နဲ့
သဟဇာတ မဖြစ်မှုတွေက တောရိုင်းဝံပုလွေတစ်ကောင်ရဲ့ စိတ်အဖြစ် လက်ခံလိုက်တယ်။
အဲဒီလူကတော့ Steppenwolf ဝတ္ထုထဲက ဇာတ်ကောင် ဟယ်ရီဟော်လာရဲ့ ဖြစ်တည်မှုပါပဲ။
ဟယ်ရီဟော်လာဟာ
အသက်ငါးဆယ်ဝန်းကျင်ရှိတဲ့ ပညာတတ်တစ်ယောက်ပါ။ စာပေ၊ ဒဿနနဲ့ ဂန္ထဝင်ဂီတတို့ကို
မြတ်နိုးသူဖြစ်ပေမဲ့ သူ့ပတ်ဝန်းကျင်က လူတွေနဲ့တော့ အဆင်ပြေစွာ
နေထိုင်နိုင်ခြင်းမရှိသူတစ်ယောက် ဖြစ်နေတယ်။ လူ့အဖွဲ့အစည်းရဲ့ အပေါ်ယံဆန်မှု၊
လူတွေရဲ့ အလွယ်တကူ ကျေနပ်လက်ခံနေတတ်မှုနဲ့ နေ့စဉ်ဘဝရဲ့ စည်းစနစ်ကျမှုတွေကို သူက
မနှစ်သက်ပါဘူး။ အဲဒီအတွက် သူ့ကိုယ်သူ လူသားတစ်ယောက်နဲ့ တောဝံပုလွေတစ်ကောင်
ပေါင်းစပ်ထားတဲ့ သတ္တဝါတစ်ကောင်လို သတ်မှတ်ထားလိုက်တယ်။
သူ့စိတ်အတွင်းမှာ
လူသားဖြစ်နေတဲ့စိတ်က အနုပညာ၊ အသိဉာဏ်နဲ့ ယဉ်ကျေးမှုကို မြတ်နိုးတယ်။
တောရိုင်းဝံပုလွေဖြစ်နေတဲ့ စိတ်ကတော့ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို
ငြင်းပယ်ပြီး လွတ်လပ်ရိုင်းစိုင်းမှုကို လိုလားတယ်။
ဒီဆန့်ကျင်ဘက်သဘာဝနှစ်ခုကြားမှာ ဟယ်ရီတစ်ယောက် အမြဲတမ်း ပဋိပက္ခ ဖြစ်နေတယ်။
လူတစ်ယောက်ရဲ့ ဘဝဟာ
ကိုယ်လက်ခံလိုက်တဲ့ စိတ်ဖြစ်စဉ်လောက်နဲ့ ရပ်တန့်တည်ရှိနေတာမျိုး မဟုတ်ဘူး။
နေ့စဉ်အဖြစ်အပျက်တွေကနေ ကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားမှုတွေ၊
ဆန့်ကျင်ဖက်ဖြစ်နေတဲ့ စရိုက်တွေများစွာက ဟယ်ရီ လက်ခံတဲ့ စိတ်တွေ ဘဝတွေကို
မေးခွန်းထုတ်လာကြတယ်။ သူလက်ခံထားတဲ့ အတွေးအခေါ်အယူအဆတိုင်းက သူလက်ခံထားတဲ့အတိုင်း
မှန်ရဲ့လားပေါ့။
သူ့ဘဝထဲကို
ဟာမိန်းဆိုတဲ့ မိန်းကလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ သူတစ်လျှောက်လုံး လက်ခံလာတဲ့
လူသားဖြစ်မှု၊ ဝံပုလွေဖြစ်မှုဆိုတဲ့ စိတ်သဏ္ဌာန်တွေဟာ ပုံစံပျက်သွားတယ်လို့
ဆိုရမယ်။ သူ့ရဲ့နေ့စဉ်ဘဝ၊ မတန်တဆထမ်းပိုးထားတဲ့ လေးနက်မှုတွေကနေ
နေ့စဉ်လူသားကမ္ဘာထဲ ပြန်ပြီး ရောက်ရှိလာတယ်။ အဲဒီအချိန်တွေမှာ သူငြင်းပယ်ခဲ့တဲ့
လူ့လောကအပေါ်ယံလွှာတွေဆိုတာ မေ့ထားလိုက်နိုင်တယ်။ လူတွေနဲ့အတူ စီးမြောနိုင်လာတယ်။
သူ့ရဲ့နေ့စဉ်ဘဝဟာ လူတွေနဲ့ တူလာတဲ့အခါ သူဟာ လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်
ပြန်ဖြစ်သွားတယ်။ သူ့ကိုယ်သူ ဖယ်ထုတ်ထားခဲ့တဲ့ ဘဝအတွေ့အကြုံတွေ ပြန်ရောက်လာတယ်။
အမှတ်တရတွေ၊
အလိုဆန္ဒတွေ၊ ကြောက်ရွံ့မှုတွေ ကိုယ်တိုင် လက်မခံလိုတော့တဲ့ အစိတ်အပိုင်းတွေကို
ပြန်ရလာတယ်။ ဒီတော့ ဟယ်ရီဟာ သူများတွေထက် ပိုထူးခြားနေသူတစ်ယောက် မဟုတ်တော့ပဲ
သာမန်ထဲက သာမန်လူတစ်ယောက် ပြန်ဖြစ်သွားတယ်။
အစောပိုင်း တစ်လျှောက်လုံး
လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ဝေဖန်နေခဲ့တဲ့ လူတစ်ယောက်ကလည်း
ပြီးပြည့်စုံနေသူမဟုတ်တော့ဘူး။ အခြားသူတွေကို အပေါ်ယံဆန်လွန်းသူတွေလို့
သတ်မှတ်ထားတဲ့ ဟယ်ရီကလည်း အခြားသူတွေအတွက်တော့ ပျော်ရွှင်မှု ကင်းမဲ့နေသူလို့
သတ်မှတ်လို့ ရနေတာပါပဲ။ လူ့လောကရဲ့ မပြည့်စုံမှုတွေက လူတစ်ယောက်ချင်းစီရဲ့
မပြည့်စုံမှုကနေ စတင်တယ်လို့ ဆိုရမယ်ထင်ရဲ့။
□
ဒီဝတ္ထုကို ဝတ္ထုပုံစံ
တသမတ်ထဲရေးမထားပါဘူး။ စာရေးဆရာ ဟာမန်းဟက်ဆယ်ရဲ့ အတွေးအခေါ် ဒဿနတွေအများကြီးကို
သယ်ဆောင်ခံထားရသူက ဇာတ်ကောင် ဟယ်ရီဟာလန်ပါ။ စာတမ်းပုံစံတွေ၊
ကိုယ်ရေးမှတ်တမ်းဆန်ဆန်ရေးထားတာတွေ၊ အိပ်မက်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ
ဟာမန်းဟက်ဆယ်ရဲ့ ဇာတ်ကောင် ဟယ်ရီဟာလန်ကို ရှာဖွေနေရတယ်။
ကျွန်တော့်အမြင်အရ Steppenwolf ဟာ
အထီးကျန်မှုအကြောင်း ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ထက် ပိုပါတယ်။ မိမိကိုယ်ကို
နားလည်တယ်လို့ ယုံကြည်နေတဲ့ လူတစ်ယောက်ဟာ တကယ်တမ်း မိမိကိုယ်ကို ဘယ်လောက်အထိ
သိရှိထားသလဲဆိုတာကို ပြန်လည်မေးခွန်းထုတ်ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ လူ့အဖွဲ့အစည်းရဲ့
အမှားတွေကို မြင်နိုင်ခြင်းဟာ ကိုယ့်ဘဝကို မှန်ကန်စွာ နားလည်နိုင်ခြင်းနဲ့
မတူညီကြောင်း၊ အတွေးအခေါ်နက်ရှိုင်းခြင်းဟာလည်း ဘဝကို ပျော်ရွှင်စွာ
ခံစားတတ်ခြင်းနဲ့ အစားထိုးလို့မရကြောင်း ဟက်ဆယ်က သတိပေးထားတာမျိုးပါ။
Steppenwolf ဟာ စာဖတ်သူကို အဆင်သင့်အဖြေတွေပေးတဲ့ ဝတ္ထုမဟုတ်ပါဘူး။ မိမိကိုယ်ကို
ပြန်လည်စစ်ဆေးဖို့၊ မိမိယုံကြည်ထားတဲ့ အမှန်တရားတွေကို မေးခွန်းထုတ်ဖို့နဲ့
လူသားတစ်ယောက်ရဲ့ အတွင်းစိတ်ဟာ မိမိထင်ထားတာထက် ပိုမိုရှုပ်ထွေးနက်ရှိုင်းကြောင်း
သိမြင်စေဖို့ ဖန်တီးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။
တစ်ခါတလေ လူတစ်ယောက်ဟာ
ကမ္ဘာကြီးနဲ့ ကင်းကွာနေတာထက် မိမိကိုယ်ကို သတ်မှတ်ထားတဲ့ အယူအဆတွေနဲ့သာ
ကင်းကွာဖို့ လိုအပ်နေတာမျိုးလည်း ဖြစ်နေနိုင်တယ်ဆိုတာ သတိချပ်ဖို့ပါ။
လူတစ်ယောက်ဟာ
တည်ငြိမ်မှုကို လိုချင်နိုင်သလို စွန့်စားမှုကိုလည်း လိုချင်နိုင်ပါတယ်။ အနုပညာကို
ချစ်မြတ်နိုးနိုင်သလို နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုတွေကိုလည်း ခံစားနိုင်ပါတယ်။
အဲဒီလို ဆန့်ကျင်ဘက်တွေ ရှိနေတာကြောင့် လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ
နှစ်ပိုင်းခွဲထားလို့ရတဲ့ အရာမဟုတ်ပါဘူး။
ဟယ်ရီဟာ သူ့ကိုယ်သူ
နားလည်နေတယ်လို့ ထင်ပေမဲ့ တကယ်တော့ သူ့ကိုယ်သူ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ပုံစံကပဲ
သူ့ကို ပိုပြီးပိတ်လှောင်နေစေကြောင်း မြင်လာရတယ်။ သူဟာ လူတစ်ယောက်ထက် ပိုပြီး
ဖြစ်တည်နေသူမဟုတ်ဘူးဆိုတာ မြင်နိုင်ပါတယ်။
ဇာတ်ကောင် ဟယ်ရီဟာ
ပြောင်းလဲသွားတာ မဟုတ်ပါပဲ သူ့အကြောင်း သူသိခြင်းဟာ မပြည့်စုံသေးကြောင်း
လက်ခံသွားတာမျိုးပါ။
□
ဒီဝတ္ထုကို ဂျာမန်-ဆွစ်
စာရေးဆရာကြီး ဟာမန်းဟက်ဆယ်က ရေးသားခဲ့ပါ။ ဟက်ဆယ်ဟာ ၁၉၄၆ ခုနှစ်မှာ စာပေဆိုင်ရာ
နိုဘယ်လ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဥရောပသား စာရေးဆရာတစ်ယောက်ဆီမှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က
အရှေ့တိုင်း ဘာသာရေးအတွေးအခေါ်တွေကိုပါ ပိုင်ပိုင်နိုင်နိုင် ရေးသား
သုံးသပ်နိုင်တာပါပဲ။ ဟက်ဆယ်က မြန်မာ စာပေလောကနဲ့ မစိမ်းလှတဲ့ သိဒ္ဓတ္ထဝတ္ထုကို
ရေးခဲ့တာပါပဲ။ ဒီဝတ္ထုဟာ ဗုဒ္ဓအကြောင်း ရေးခဲ့တာ မဟုတ်သလို ဗုဒ္ဓဘာသာအကြောင်း
လေ့လာချက်လည်း မဟုတ်ပေမယ့် ဗုဒ္ဓရဲ့လူ့ဘဝအမည်ကို ပေးထားတာတွေ၊
အိန္ဒိယရှေးခေတ်ယဉ်ကျေးမှုတွေကို အခြေခံရေးသားထားတာတွေက ဟက်ဆယ်ရဲ့ အရှေ့တိုင်းဒေသအတွေးအခေါ်အပေါ်
စိတ်ဝင်စားမှုတွေကို မြင်သာစေပါတယ်။
ဟက်ဆယ်ဟာ ဂျာမန်မှာမွေးဖွားခဲ့တဲ့
ဂျာမန်လူမျိုးဖြစ်ပေမယ့် အရှေ့တိုင်းနဲ့ ဆက်စပ်တဲ့ မိသားစုနောက်ခံနဲ့ အိန္ဒိယမှာ
နေထိုင်ခဲ့ဖူးတာကြောင့် အရှေ့တိုင်းယဉ်ကျေးမှု ဘာသာဓလေ့တွေကို
ပိုပြီးကျွမ်းဝင်ခဲ့တာလားလို့ မေးစရာရှိပါတယ်။ အခြားဥရောပသားတွေက ဟက်ဆယ်လို
မရေးနိုင်ခဲ့ကြပဲ ဟက်ဆယ်ကျမှ ဒီလိုတွေ ရေးနိုင်ခဲ့တာက ဟက်ဆယ်ဟာ အရှေ့တိုင်း
ဘာသာရေးအတွေးအခေါ်တွေကို ပိုစိတ်ဝင်စားပြီး ပိုလေ့လာခဲ့တာမို့လို့ပဲ
ဖြေရပါလိမ့်မယ်။
အရှေ့တိုင်းအတွေးအခေါ်၊
အနောက်တိုင်း အယူအဆတွေ စိတ်ပညာဆိုင်ရာ ဒဿနတွေကြားထဲကနေ ဟက်ဆယ်ဟာ
ကိုယ်ပိုင်ပုံစံအဖြစ် လူတစ်ယောက်ရဲ့ အတွင်းစိတ်ပဋိပက္ခ၊ အထီးကျန်မှု၊
ဝိညာဉ်ရေးရာရှာဖွေမှုနဲ့ မိမိကိုယ်ကို ပြန်လည်တည်ဆောက်ရတဲ့ဖြစ်စဉ်တွေကို
ရေးသားနိုင်ခဲ့ပါတယ်။ ဒါကပဲ ဟက်ဆယ်ရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ဖြစ်လာပြီး
နိုဘယ်လ်ဆုကို ရရှိစေခဲ့တာပါ။
ဒီဝတ္ထုကို ဆရာ
ဒီနိုဗိုက အထီးကျန်ဝံပုလွေဆိုတဲ့ အမည်နဲ့ ဘာသာပြန်ထားပါတယ်။ လူ့အတွင်းစိတ်နဲ့
ဒဿနအတွေးအခေါ်တွေကို စိတ်ဝင်စားသူတွေ လေ့လာဖတ်ရှု့သင့်တဲ့
စာအုပ်ကောင်းတစ်အုပ်ပါပဲ။
▀
ဆိုဝ်ငြယ်
- အထီးကျန် ဝံပုလွေ
- ဒီနိုဗို
- Steppenwolf
- Hermann Hesse
- စာမျက်နှာ -၃၇၁
- ရောင်းဈေး-၃၀,၀၀၀ကျပ်
- ဇူလိုင်လ၊၂၀၂၆၊ ပထမအကြိမ်
- The cat book publishing
ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...
မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...
ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...