အဖြူရောင်
တံစဉ်း တိုက်ထားပြီးသား ဆေးပုလင်းကလေးကို ဆတ်ခနဲ ကိုင်ချိုးလိုက်ရင်း မောင်နဲ့မိုးလည်း ဒီလိုပဲ ဆတ်ခနဲ ကွဲသွားမလား ထင်မိလေသည်။ မနှိုင်းကောင်း နှိုင်းကောင်းပေါ့။ ဘယ်လက်နဲ့ ကိုင်ထားတဲ့ ပုလင်းလေးထဲက ဆေးရည်တွေကို တစ်ခါသုံးအပ်နဲ့ စုပ်ယူ၊ အပ်ကို လေထဲမှာ ထောင်ကြည့်၊ ဆေးစက်တချို့ ကြမ်းပြင်ပေါ် လွင့်စဉ်သွားတဲ့အထိ စရင့်ချ်ကို လက်နဲ့ထိုးတင်လိုက်ရင်း သက်ပြင်းပါ မှုတ်ထုတ်မိရပြန်သည်။
အော်ဟစ် ညည်းတွားကာ ခြစ်ခြစ်တောက်
ပူနေသော လူနာရဲ့တင်ပါးမှာ အပ်ကို ထိုးစိုက်ပြီးတော့ တာဝန်ကျေသွားသလို။
ဘယ်လိုဖြစ်နေပါလိမ့်။ အမြဲတမ်း ပျော်ရွှင်လန်းဆန်း တက်ကြွစွာ စိတ်ဝင်တစား ရှိလှတဲ့
ဆေးကုတဲ့ အလုပ်ထဲမှာတောင် စိတ်မပါနိုင်။ ဝတ်ကျေ၊ တန်းကျေ၊ တာဝန်ကျေ သဘောဖြစ်နေရတာက
မိုး ကိုယ်မိုး စိတ်ပျက်ရမိတော့သည်။ ဟုတ်ပါရဲ့၊ မိုးစိတ်တွေ ဘယ်လောက်တောင်
ပျက်စီးနေပြီလဲ။ ဘယ်လောက် လွင့်ပါးနေပြီလဲ။ မောင့်ကို ပြောပြချင်လှပါသည်။
စိတ်ဓာတ်မကျနဲ့ မောင်ရေ။ မောင့်ဘက်မှာ
မိုး တစ်ယောက်လုံး ရှိတယ်။ မောင့်ကို မိုး ဘယ်တော့မှ မထားခဲ့ဘူး။ ဘဝခရီးမှာ အတူတူ
မဆုံနိုင်ရင်လည်း ယှဉ်တွဲဆက်လျှောက်ကြမှာပေါ့။ ဘယ်တော့မှ လက်တွဲမဖြုတ်တမ်းလေ။
မျှော်လင့်ချက် အိပ်မက်ထဲမှာ မိုးကို
ကြိုလင့်နေသော လက်တစ်စုံ။ မောင်က ဆေးဆိုင်ဖွင့်ပေါ့။ မိုးက ဆေးကုမှာပေါ့။ ဆရာဝန်
ရှားပါးတဲ့ ဒီလိုဒေသမှာ အထက်တန်း သူနာပြု မိုးမိုးထွေးနဲ့ မောင့် အတွက်က
အခက်အခဲမရှိ ဘဝကို ဖြတ်သန်းနိုင်မှာပါ။ အကြောထဲ အပ်သွင်းတာ နာမည်ကြီးလှတဲ့
မိုးမိုးထွေးကို အားကိုးတကြီး ခင်တွယ်နေကြတဲ့ လူနာတွေ အများကြီးလေ။
မိုးမိုးထွေးက အဲဒီလို အောင်မြင်လေ
အမေက ဂုဏ်ယူဝင့်ကြွားလေပဲ။ မိုးမိုးထွေး ငယ်ငယ်တုန်းက အမေ ပဲပြုတ်ရောင်းတယ်၊
တို့ဟူးရောင်းတယ်။ ပဲပြုတ် ပြုတ်တဲ့ ပြုတ်ရေတွေ၊ တို့ဟူးကျိုတဲ့ ပဲဖတ်တွေ
အဲဒါတွေနဲ့ နွားမွေးတယ်၊ နွားနို့ရောင်းတယ်။
အဲဒီဝင်ငွေနဲ့ မိုးမိုးထွေးတို့ မောင်နှမ
၇ ယောက်ကို ကျောင်းထားပေးခဲ့တာပဲ။ အသက်ကြီးမှ မွေးလာတဲ့ မိုးမိုးထွေးကို
သူနာပြုဆရာမ ဖြစ်တဲ့အထိ တို့ဟူးရောင်းပြီး ထောက်ပံ့ရတုန်း။
ဆယ်တန်းအောင်လို့ သူနာပြုသင်တန်း တက်မယ်ဆိုတော့
အစ်မကြီးတွေ၊ အစ်ကိုကြီးတွေက ဝိုင်းကန့်ကွက်ကြတာ။ အဝေးသင်တက်ပြီး ဆရာမလုပ်ပေါ့။
ဒါမှမဟုတ် ရုံးတစ်ရုံးရုံးမှာ ဝင်လုပ်ပေါ့တဲ့။
သူနာပြုဝင်ခွင့် သင်တန်းဖြေကြတဲ့
သူငယ်ချင်းငါးယောက်မှာ မိုးမိုးထွေး တစ်ယောက်ပဲ အောင်တာ။ အဲဒီတုန်းက အမေ ရန်ပွဲတွေ
တခြိမ်းခြိမ်းနွှဲခဲ့ရတာ မှတ်မိသေးတယ်။
'မမိုးကို ကျောင်းဆရာမ
လုပ်ခိုင်းတာ မင်းတို့ထောက်ရမှာ ကြောက်လို့ မဟုတ်လား။ မင်းတို့ အားလုံးကို ငါက
ပဲပြုတ်တောင်း ခေါင်းရွက်ပြီး ကျွေးလာတာပါကွဲ့။ မင်းတို့ ထောက်စရာ မလိုဘူး။ ငါ
မသေသေးသရွေ့ ငါ့သမီး ငါ ကျောင်းထားမယ်'
'ညည်းတို့ ပိုက်ဆံ
တစ်ပြားမစားဘူးမှတ်။ တို့ဟူး သုံးပိဿာတစ်ဗန်းကျိုရင် ငါတို့သားအမိ နှစ်ရက်
စားလောက်တယ်။ တစ်အိမ် အစိတ်သားတော့ ဘယ်အိမ်မဆို ယူတာပဲ။ အဝေးကြီး လျှောက်စရာ
မလိုဘူး။ ရပ်ကွက်ထဲတင် ကုန်တယ်။ မိမိုး နှစ်ဘွဲ့ရအောင်ယူ၊ ငါ့သမီးကို
နှစ်ဘွဲ့ရအောင် ကျောင်းထားမယ်။ အမေ လျှောက်နိုင်ပါတယ်အေရဲ့။ စာသာကြိုးစား'
မိုးမိုးဦးက အမေ့ကို သနားစိတ်
တစ်ခုတည်းနဲ့ ရှင်သန်နေခဲ့တာပဲ။ အမေ ဖြစ်စေချင်သလို ထဘီနီဝတ် သူနာပြုဘဝမှာပဲ
အဝေးသင် တက္ကသိုလ်က ဘွဲ့တစ်ဘွဲ့ကို ထပ်ယူပေးခဲ့နိုင်တယ်။ တောင်ကြီး
စပ်စံထွန်းဆေးရုံမှာ သူနာပြုသင်တန်း သုံးနှစ်တက်ခဲ့ရတုန်းက သင်တန်းစာအပြင်
အားကစားမှာပါ ထူးချွန်အောင် ကြိုးစားခဲ့တာ။ တိုင်းနဲ့ပြည်နယ်အဆင့်
လမ်းလျှောက်ပြိုင်ပွဲမှာ ပထမဆု တံဆိပ်ပိုက်ပြီး ပြန်လာခဲ့နိုင်တာ။ အဲဒီရလဒ်က
အလုပ်ဝင်လို့ ပို့စ်တင်ကျတော့ တစ် Batch တည်း သူငယ်ချင်းတွေ
နယ်စွန်နယ်ဖျားကျတဲ့ အချိန် မိုးမိုးထွေးက ဇာတိဟိုပုန်းမြို့မှာပဲ ပြန်ကျခဲ့တာလေ။
ဟိုပုန်းမှာ နှစ်နှစ်နေပြီးတော့
တောင်ကြီးဒေသန္တရ ဆေးခန်းကို ပြောင်းရပြန်ရော။ အဲဒီကျမှ အမေ အသက်ရှူချောင်တာ။
တောင်ကြီးမြို့ပေါ်ဆိုတော့ ပုဂ္ဂလိက ဆေးရုံကြီးတွေမှာ Night ဝင်လို့ရတာကိုး။
ဘယ်လောက် သွင်းရခက်တဲ့
အကြောပဲဖြစ်ဖြစ် တစ်ချက်ပဲဆိုတဲ့ စကားနဲ့ သူနာပြုလောကမှာ နာမည်ကြီးလှတဲ့ မိုးမိုးထွေးအတွက်
အလုပ်မရှားဘူးလေ။ မိုးမိုးထွေးရဲ့ သူနာပြုသက်တမ်း တစ်လျှောက်မှာ လူနာမရလို့ သူများ
Duty မှာ ကပ်နေရတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ သိပ်တော်တာပဲ၊
သိပ်အောက်သက်ကျေတာပဲ၊ သိပ်ညင်သာတာပဲ ဆိုတဲ့စကားတွေက လက်ဆင့်ကမ်းပြီး လူနာရှင်တွေ
ကိုယ်တိုင် မိုးမိုးထွေးကို နာမည်တပ်ခေါ်ကြတာလေ။
အဲဒါတွေ အားလုံးအမေ့ရဲ့
ကျေးဇူးတွေပေါ့။ ဘာသာတရား ကိုင်းရှိုင်းတဲ့ အမေက မိုးမိုးထွေးအတွက်
ဘုရားစင်ရှေ့မှာ အမြဲ ဆုတောင်းပေးရုံတင် မကဘူး။
'မိမိုး ဘုရား၊ တရား
ဘယ်တော့မှ မမေ့နဲ့။ ဘုရားဂုဏ်၊ တရားဂုဏ်ကြောင့် ဒီလိုနေရတာ။ ကိုယ့်အလုပ်ကိုလည်း
ရိုသေ၊ သူများ ပြိုင်တိုင်း လိုက်မပြိုင်နဲ့။ လူနာဆိုတာ လူတင်မကဘူး။ စိတ်ပါ
နာနေတာ။ လူနာတွေအပေါ် စိတ်ရှည်နော်။ သည်းခံ၊ စိတ်ရှည်အောင်မြင်လေဆိုတာ
ညည်းတို့အလုပ် အတွက် အဓိကပဲ။ ကုသိုလ်ဆိုတာ ယူတတ်ရင် နေရာတိုင်းက ရတာ'
အမေက နေရာတိုင်းမှာ တရားသဘောနဲ့
ရှုကြည့် ဆုံးမတတ်ပေမယ့် မိုးမိုးထွေးနဲ့ မောင်နဲ့ကိစ္စမှာတော့ တစ်ယူသန်၊
တစ်ဇွတ်ထိုး နိုင်လိုက်တာ။ ဘယ်သူမှ ကြားဝင်ပေးလို့ မရတဲ့အထိ မာန်တင်းနေခဲ့တာလေ။
သူနာပြု ဆရာမဘဝ ရောက်တဲ့အထိ ဈေးတောင်းခေါင်းရွက်ပြီး ပြုစုစောင့်ရှောက်တတ်ခဲ့တဲ့
အမေက တစ်ဖက်၊ တစ်သက်တာအတွက် အချစ်ဦး၊ အချစ်ဆုံးရယ်လို့ ဆုံးဖြတ်ပြီး ချစ်ခဲ့ရတဲ့
မောင်က တစ်ဖက်။ တစ်ခါတစ်ခါတော့ မိုးမိုးထွေး ဘာကိုမှ မစဉ်းစားချင်တော့ဘူး။
ရည်စားသက် နှစ်နှစ်လောက် ရှိလာတော့
မောင်က လက်ထပ်ရအောင်တဲ့။ သူနာ ပြုဆရာမဘဝမှာ ယောကျ်ားတစ်ယောက်နဲ့ ရည်ရှည်လများ
တွဲမိမှတော့ ပတ်ဝန်းကျင်ဆိုတာကလည်း ပြောစရာဖြစ်ပြီပေါ့။ လက်ထပ်ဖို့အတွက်
မောင်နဲ့မိုးမိုးထွေးကြားမှာ အမေက မားမားကြီးရပ်လို့။
အသက် ၃ဝ ပြည့်ခါနီး သူနာပြုဆရာမ
ဒေါ်မိုးမိုးထွေးကို အမေက...
'ညည်းနှယ်အေ...
မိုက်ချက်တော့။ ညည်းကို ဘွဲ့နှစ်ခုရအောင် ပညာတွေ သင်ပေးလာတာ ဒီလိုကောင်ကို
ယူဖို့လား။ ဘယ့်နှယ်တော်... စိတ်ကူးမှ ကူးမိပလေတယ်။ ဆယ်တန်းတောင် မအောင်တဲ့လူကို
ကြိုက်စရာ ရှားချက်တော့'
'အမေရယ်... ဆယ်တန်းမအောင်တာပဲ
အပြစ်ပြောစရာ ရှိတာပါ။ သူ့အလုပ် နဲ့သူပဲ။ အိမ်ထောင်တစ်ခုကို သူ့အလုပ်နဲ့
ထူထောင်နိုင်ပါတယ်။ ရှာကျွေးနိုင်ပါတယ်'
'မိမိုး... ကောင်မ ပါးစပ်ပိတ်။
ရှေ့နေလိုက်နေလိုက်တာ။ ငါ့စကား နားမထောင်လည်း ညည်း သဘော၊ ညည်းသဘော။ သူနာပြု
ဆရာမကြီးသဘော'
ပုတီးကို တချောက် ချောက်စိပ်ပြီး
ဘုရားစင်ရှေ့ သွားထိုင်နေတော့တဲ့ အမေ့ကို ကြည့်ပြီး သနားလာတယ်။ အမေ အသက်ကြီးမှ
စိတ်ပင်ပန်းရပြီ။
တစ်ဇွတ်ထိုးနိုင်တဲ့ ချစ်သူနဲ့
ပြတ်သားတဲ့အမေ။ နှစ်ယောက်လုံးက မိုးမိုးထွေး ချစ်ရတဲ့သူတွေ။ Duty
နားတဲ့တစ်ရက် မောင်က အမေနဲ့ လိုက်တွေ့ချင်တယ်တဲ့။ ခဏစောင့်ပါဦး။ အမေ
စိတ်ကျေနပ်တဲ့အထိ ခဏသည်းခံပါလို့ဆိုပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်လို့
သားအမိနှစ်ယောက် စကားပြောလို့မှ မဆုံးသေးဘူး။ မောင် ရောက်လာပါရော။ မတတ်သာတဲ့အဆုံး
အမေနဲ့မောင့်ကို မိတ်ဆက်ပေးခဲ့ရတော့တယ်။
လူလေးရဲ့၊ လူလေးရဲ့နဲ့ စကားပြော
ညင်သာတဲ့ အမေနဲ့မောင် စကားတွေ ဖောင်ဖွဲ့လို့။
'အိမ်မှာ ကျွန်တော်က
နို့ညှာခေါ်မှာပေါ့။ ကျွန်တော့် အောက်မှာ အငယ်မ ရှိသေးတယ်။ မနှစ်က ဘွဲ့ယူတာ။ အခု
သူ့ကို ဆရာမလျှောက်ဖို့ ဘွဲ့လက်မှတ် လာထုတ်တာ။ ပွဲရုံက ငွေထုတ်ဖို့ တောင်ကြီး
တက်ရမယ့်အတူတူဆိုပြီး လာခဲ့တာ'
'စိုက်ရေးပျိုးရေးကကော
ကိုက်ရဲ့လား'
'ကိုက်ပါတယ်။ အခု
ဆီဈေးတက်လာတော့ အမြတ်တော့ နည်းသွားတာပေါ့။ ဒါတောင် မော်တော်က ကိုယ်ပိုင်မို့လို့။
လိုင်းမော်တော်နဲ့သယ်ရင် သိပ်မကိုက်ချင်ဘူး။ အဘွား အင်းထဲ လိုက်လည်ပါဦး။ ဘုရား
အေးအေး ဆေးဆေး ဖူးရအောင်'
'လာဖြစ်မယ် မထင်ပါဘူးကွယ်။
မိုးမိုးထွေး ပြန်မလာလည်း အဘွားတစ်ယောက်တည်း မအားရဘူး။ တို့ဟူးကျိုရ၊ တို့ဟူးလည်
ရောင်းရနဲ့။ တို့ဟူးက နှစ်ရက်တစ်ခါ ကျိုတာလေ။ တစ်ဗန်းကို ဒီနားက အိမ်တွေမှာရောင်း။
တစ်ဗန်းကို ဘုန်းကြီးကျောင်း သွားလှူတာလေ။ လူလေးတို့မိဘများကော နေထိုင်ကောင်းကြရဲ့
မဟုတ်လား'
'ဟုတ်ကဲ့၊ ကောင်းပါတယ် အဘွား'
'အေး...အေး... လူလေးရဲ့
တို့ဗုဒ္ဓဘုရားရဲ့ အဆုံးအမလည်း ရှိနေတာပဲ။ လူ့လောကကြီးမှာ မေတ္တာတရားက
အမွန်မြတ်ဆုံးပဲ မဟုတ်လား။ အခုလည်း လူလေးနဲ့ ဘွားသမီးနဲ့ တစ်ယောက်နဲ့တစ်ယောက်
မေတ္တာရှိကြတယ်ဆိုတာ အင်မတန် ကောင်းတဲ့အလုပ်ပဲ လူလေးရဲ့။ တရားတော်နဲ့ပဲကြည့်ကြည့်၊
လူမှုရေးနဲ့ပဲ ကြည့်ကြည့် တစ်မိသားနဲ့ တစ်မိသား မေတ္တာထားတယ်ဆိုတာ အကောင်းဆုံး
အလုပ်ပေါ့'
ကျားသားမိုးကြိုး။ ဘယ်တော့မှ သဘောမတူဘူးပြောတဲ့
အမေက စိတ်ပြောင်းသွားပြီနဲ့ တူတယ်။ ဟုတ်မှာပဲ။ အပြောအဆို လိမ္မာယဉ်ကျေးတဲ့၊
အင်းသားပီပီ ဥပဓိရုပ်ကောင်းတဲ့ မောင့်ကို အမေ တစ်ထိုင်တည်း သဘောကျသွားပြီနဲ့
တူပါရဲ့။ အင်းသူ၊ အင်းသား အများစုက ဥပဓိရုပ် အတော် ကောင်းကြတယ်။ စိုပြည်တဲ့
အသားအရေကို ပိုင်ကြတယ်။ ရေပေါ်မှာ နေကြလို့လား မသိဘူး။ သူတို့အသားတွေက ဖြူပြီး
စိုပြည်နေကြတာ များတယ်။
မြေးတွေနဲ့ ပြောတတ်သလို 'အဘွားက
အဘွားက' ဆိုတော့ မောင်ကပါ ရောပြီးတော့ အဘွားတဲ့။ ၇၅ နှစ်
ပြည့်တော့မယ့် အမေ့ကို မိုးမိုးထွေး ငေးကြည့်နေပါတယ်။ အရေးအကြောင်းတွေ
တွန့်လိမ်လို့ အသားညိုတဲ့ အမေ့မျက်နှာက သနပ်ခါး အသားကျပြီး စိုပြည်နေတယ်။ အရင်လို
နေပူစပ်ခါး မထွက်ရတော့တာလည်း ပါမှာပေါ့။ မိုးမိုးထွေး အမေ့ကို ငေးနေတုန်း အမေက
မောင့်ဘက် လှည့်ပြီး...
'ဒါပေမယ့်...'
မောင်လည်း အမေ့ကို လှမ်းကြည့်တယ်။ 'ဒါပေမယ့်'ရဲ့ နောက်က စကားကို ငေးမျှော်ပြီးပေါ့။ စကားတော်တော်နဲ့ မဆက်ဘူး။
သက်ပြင်းတစ်ရှိုက် ရှိုက်သွင်းလိုက်ပြီးမှ...
'လူလေးက အမြီးမပါဘူးကွယ်'
မိုးမိုးထွေး ကြက်သေ သေသွားတယ်။
သတိရလို့ မောင့်ကိုကြည့်လိုက်တော့ မောင့်မျက်ဝန်းတွေ ရီဝေလို့။ အမေ...အမေ ဘာလို့
ပြောလိုက်ရတာလဲ အမေရယ်။ မိုးမိုးထွေး ကိုယ့်ဘာသာ ဖြေရှင်းယူမှာပေါ့။ အခုတော့...။
မောင်က ဘာမှပြန်မပြောဘဲ ငေးရုံပဲ ငေးနေတယ်။ အမေကတော့ ဆေးလိပ်နဲ့
မီးခြစ်ကောက်ကိုင်ပြီး...
'ကဲ...ကဲ...
စကားပြောကြဦးနော့။ အမေ ပဲသွားရွေးလိုက်ဦးမယ်'
အမေ ဆင်းသွားပြီး ခဏနေတော့ မောင်က
မိုးမိုးထွေးကို ကြည့်ပြီး 'ပြန်တော့မယ်'တဲ့။ 'နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့'တဲ့။
မောင့်လက်ကို မိုးမိုးထွေး ဆုပ်ညှစ်ထားမိတယ်။
မိုးမိုးထွေး ရင်ထဲက အားမာန်သတ္တိတွေ
လက်တွေကတစ်ဆင့် မောင့်ရင်ထဲထိ ပို့လိုက်တာ မောင်ရရဲ့လား။
နောက်တစ်ပတ် ပြန်တွေ့တဲ့အခါ
မောင့်ပုံက အတော့်ကို စိတ်ဓာတ်ကျနေတဲ့ ပုံပဲ။
'မောင်ရယ်... စိတ်မညစ်ပါနဲ့။
အမေ့ကို မိုးတို့ ဖျောင်းဖျကြတာပေါ့။ အချိန်တွေ ရှိပါသေးတယ်'
'မောင်က ကိစ္စမရှိဘူး။
မိုးပဲ...'
'သြော်... မိုးက
သတ္တိရှိပြီးသားလေ။ မောင့်ကိုပဲ စိတ်ပူတာ'
'အဲဒါ ပြောတာ မဟုတ်ဘူး။
အချိန်မရှိတော့ဘူးဆိုတာ မိုးအသက်ကြီးသွားရင် ကလေးယူရခက်မှာစိုးတယ် ပြောတာ
သူနာပြုဆရာမကြီးရဲ့'
'ဟောတော်... မောင်ကတော့
လုပ်ပြီ။ အဲဒါ မိုးကျွမ်းကျင်တဲ့ ဘာသာရပ်ပါ မောင်ရဲ့'
'ကဲ... မိုးသတ္တိရှိတယ်ဆိုရင်
အခု သွားမယ်။ တရားရုံးမှာ သွားလက်မှတ်ထိုးမယ်။ ပြီးမှ အဘွား ကျေနပ်အောင်
တောင်းပန်ကြမှာပေါ့'
'ဟာ... ဟင့်အင်း၊ ဟင့်အင်း။
အဲဒီလိုတော့ ဘယ်တော့မှ မလုပ်နိုင်ဘူး။ မိုး ဒီလိုဘဝရောက်အောင် အမေက နေပူထဲ
ဈေးတောင်း ခေါင်းရွက်ပြီး ရှာကျွေးလာတာ။ အမေ မကျေနပ်ဘဲ မိုး ဘာမှမလုပ်ဘူး'
'ကောင်းပြီလေ၊ အမေနဲ့
မောင်နဲ့ ကြိုက်တာရွေးဆိုရင် အမေ့ကိုပဲ မိုး ရွေးမယ်ပေါ့'
'ဒါပေါ့ မောင်ရဲ့။
မိုးနေရာမှာ ဘယ်သမီးမဆို အမေ့ကိုပဲ ရွေးမှာ။ မောင် ဒီမေးခွန်းကို ပြီးစလွယ်
မေးလိုက်ပေမယ့် ဒီလိုမေးထွက်တဲ့အတွက် မိုး ရင်နာတယ်သိလား။ အတူတူ သည်းခံဖို့
စိတ်မကူးဘူးပေါ့'
'ပြီးစလွယ်မေးတာ မဟုတ်ဘူး။
သေသေချာချာ စဉ်းစားပြီးမှ မေးတာ။ မိုးတို့ အိမ်က ပြန်သွားပြီးမှ
သေချာစဉ်းစားထားတာ။ အဘွားက မောင့်ကို အမြီးမပါလို့တဲ့။ အမြီးသမားတွေ ငွေရှာနိုင်
သလောက် မောင်လည်း ရှာနိုင်ပါတယ်။ မောင့်မှာ အဲဒီအမြီးမပါတာကလွဲပြီး
ဘာချို့ယွင်းချက်ရှိလဲ။ မိုးပြောလေ။ အမေကလည်း ငိုတယ်။ အိမ်စီးပွားရေးကို
အချိန်မတန်ဘဲ လုပ်ခိုင်းမိလို့ စာဘက် စိတ်မပါတာ။ အဲဒါ သူတို့ကြောင့်ဆိုပြီး
မျက်ရည်ကျတယ်။ မောင်လည်း တော်တော်ဝမ်းနည်းတယ်။ မောင့်ဦးလေးက ပြောတယ်။ 'အမြီးမပါပေမယ့် ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆိုတာ လာကြည့်လှည့်ပါဦး'
တဲ့'
အသည်းမာတယ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့
မိုးမိုးထွေးမှာ မျက်ရည်တွေနဲ့ပေါ့။ အမေ့ကို ချစ်တယ်။ မောင့်ကိုလည်း ချစ်တယ်။
အမေကလည်း မိုးမိုးထွေးကို ချစ်တယ်။ မောင်ကလည်း မိုးမိုးထွေးကို ချစ်တယ်။
မိုးမိုးထွေးက ဆုံမှတ်တစ်ခုဆိုရင် အမေနဲ့မောင်က ချစ်ခြင်း မြားတံကလေးတွေပေါ့။
မိုးမိုးထွေးဆိုတဲ့ ဆုံမှတ်တစ်ခုမှာ အတူတကွ စိုက်ဝင်လာတဲ့
ချစ်ခြင်းမြားတံကလေးတွေပေါ့။
'ဘာအေ့... သူတို့
ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ် လာကြည့်ပါလား ဟုတ်လား။ ကျကျသေးတော့။ ဘယ်လိုနေရမှာလဲ။
အိမ်နောက်က ချီးပါချပြီး အိမ်ရှေ့က မျက်နှာသစ်တာပဲ။ လာကြည့်စရာ မလိုဘူး။
သိပြီးသား... သိပြီးသား'
အမေ... အမေ ဘယ်လိုဖြစ်နေလဲ အမေရယ်။
သိခဲ့ဖူးတဲ့ အသိတစ်ခုကို မျက်စိမှိတ် ဆုပ်ကိုင်ပြီးကို ငြင်းနေခဲ့တော့တာကိုး။ အခု
အင်းထဲဆိုတာ အရင်လို မဟုတ်တော့ဘူး အမေရဲ့။ ဈေးကွက် စီးပွားရေးနဲ့ အတူတကွ
အင်းရေပြင်ကို အမှီပြုနေတဲ့ အင်းသူ၊ အင်းသားတွေ ပြောင်းလဲ လာပြီ၊ ခေတ်မီလာပြီ၊
တိုးတက်လာပြီ။ အင်းထဲမှာ မိရိုးဖလာ ကျွန်းမျောတွေလည်း ရှိနေတုန်းပဲ။ ခြေထောက်နဲ့
လှော်တဲ့လှေကလေးတွေလည်း ရှိနေသေးတာပဲ။ အဲဒါတွေနဲ့အတူ အင်းထဲမှာ
အဝီစိတွင်းတွေတူးပြီး အဝီစိရေကို သုံးလာကြပြီ။ စလောင်းတွေနဲ့ ကမ္ဘာ့ဖလား
ဘောလုံးပွဲကို နိုင်ငံတကာနဲ့ တစ်ချိန်တည်း တစ်ပြေးညီ ကြည့်နိုင်နေပြီ။
ဘိုထိုင်အိမ်သာ၊ ကြွေအိမ်သာတွေနဲ့အတူ လူနေမှုတွေ မြင့်လာကြပြီ။ အင်းသူ၊
အင်းသားဆိုတာ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ရပ်တည်နိုင်တဲ့
လူမျိုးတစ်မျိုး ဖြစ်နေပြီ အမေရဲ့။
အင်းထဲက အနုပညာရှင်တွေ အများကြီး မွေးထုတ်ခဲ့ပြီးပြီ။
စောင်းဦးမြင့်မောင် ဆိုရင် နိုင်ငံတကာအထိ သူ့ရဲ့ စောင်းလက်စွမ်းကို ပြနိုင်ခဲ့ပြီ။
နောက် အခု လူငယ်အဆိုတော်တွေ အဲဒါ အင်းထဲက အင်းသားတွေပဲ အမေရဲ့။ အင်းလေးလက်ရာ
ငွေထည်တွေ၊ ရိုးရာအထည်တွေ ဆိုရင်လည်း လူတွေ တမြတ်တနိုး တန်ဖိုးထားရတဲ့
ရိုးရာလက်ဆောင်တွေ ဖြစ်နေပြီလေ။ အပြင်ထုတ်မပြောရဲတဲ့ စကားတွေ မိုးမိုးထွေး
ရင်ထဲမှာပဲ ဝဲလှည့်နေတော့တယ်။
မောင်ရေ...
သတိရ တမ်းတစွာနဲ့ စာရေးလိုက်ပါတယ်။
မောင်က မိုးရဲ့ဘဝဖြစ်သလို အမေက မိုးရဲ့ကမ္ဘာ ဖြစ်နေတယ်။ မောင့်ကို မိုး
အကြိမ်ကြိမ် တောင်းပန်ဖူးတယ်နော်။ စောင့်ပါဦးလို့လည်း ထပ် ပြောချင်ပါသေးတယ်။
ဒါပေမယ့် မိုး မပြောရက်တော့ပါဘူး။
မောင့်သဘောပါ။ မောင့်သဘောအတိုင်းသာ
စီစဉ်ပါတော့နော်။ မစောင့်နိုင်တော့ဘူး။ ဒီဘဝမှာ မိုးမပါဘဲ မောင့်ဘာသာ
လျှောက်တော့မယ်ဆိုလည်း မိုး ကျေနပ်ပါတယ်။ နောင်ဘဝတွေမှာ မိုးတို့ ထပ်ဆုံလို့
ရသေးတာပဲနော်။
မောင့်ရဲ့မိုး
ဒေါ်မိုးမိုးထွေး...
ခင်ဗျားမပါဘဲ ကျုပ် ဘယ်ကိုမှ
မသွားဘူး။ ခင်ဗျား သိထားဖို့ပါ။
မြတ်မင်း
မာဆတ်သော မောင့်စကားလုံးတို့က
မောင့်အဇ္ဈတ္တကို လှစ်ဟနေသလို။ အေးပေါ့ မောင်ရယ်။ တစ်ချိန်ချိန်မှာ ဖြစ်လာမှာပါ။
'ကွန်ဂရက်ကျူလေးရှင်းနော်
မိုးမိုးထွေး။ လင်းခေးတဲ့။ သိပ်မဝေးပါဘူး။ ပျော်စရာမြို့လေးပဲ။ လွန်ခဲ့တဲ့ ၁၂
နှစ်လောက်က ဆရာလည်း နေဖူးတယ်။ ရှမ်းပြည်နယ်ရဲ့ အညာမြို့လေးပဲ'
'မမမိုးရေ...။ မမမိုး
ပရိုမိုးရှင်းပါတယ်နော်။ ဘာကျွေးမှာလဲ။ အင်း... တို့မမမိုးတော့ အပျိုကြီးဇာတာ
ပါပြီနဲ့ တူတယ်။ ချစ်သူနဲ့ ဝေးရဦးမယ်'
'သြော်... ဟဲ့ ကောင်မလေး
ခေါ်သွားမှာပေါ့ဟဲ့။ နော်... မိုးရယ်'
'မိုးရေ... ဆိုင်ကယ်
စီးသင်ဟေ့။ လင်းခေးဘေးမှာ ရွာတွေ အများကြီး။ ဆိုင်ကယ်နောက်မှ ဆေးအိတ်တင်ပြီး On သာ On တော့။ မြို့က Night ဝင်ငွေလောက်တော့
ပျင်းတောင်ပျင်းသေး ဖြစ်သွားမယ်'
'မမိုးဦးတော့ အင်းသူ မဖြစ်ဘဲ
ရှမ်းမလေးဖြစ်ဦးမယ်နဲ့ တူတယ်။ အင်း... တို့ကတော့ အစ်ကိုကြီးနဲ့ပဲ သဘောတူတယ်'
ပရိုမိုးရှင်းအတွက် ပျော်ရပေမယ့်
မောင်နဲ့အဝေးကြီး ခွဲရမယ့်အရေးကို တွေးမိတော့ အပြည့်အဝ မပျော်နိုင်။ ဘာပဲဖြစ်ဖြစ်
အမေကတော့ ကျေနပ်နေမှာပဲ။ ပဲပြုတ်၊ တို့ဟူးရောင်းပြီး ကျောင်းထားပေးခဲ့ရတဲ့
သမီးရဲ့အောင်မြင်မှုကို ဂုဏ်ယူတာနဲ့အတူ မောင်နဲ့ကိစ္စမှာပဲ သဘောထား တင်းမာသထက်
တင်းမာဦးမှာကို မိုး သိနေတယ်။
အမေ မမှားပါဘူး။ မိုး သိတယ်လေ။
သူနာပြု ဆရာမ လုပ်သက်တစ်လျှောက်မှာ လူနာမျိုးစုံနဲ့ ကြုံတွေ့ရလေလေ
ချစ်ခြင်းမေတ္တာတွေကို အနုစိတ် လေ့လာခွင့်ရလေပဲ။ မောင်က နှမကို ချစ်မယ်။ အစ်ကိုက
ညီမကို ချစ်မယ်။ ညီက အစ်ကိုကို ချစ်မယ်။ ဖခင်က မိခင်ကို ချစ်မယ်။ ဖခင်က
သားသမီးတွေကို ချစ်မယ်။ သားသမီးတွေက ဖခင်ကို၊ မိခင်ကို ချစ်မယ်။ အဲဒီ
ချစ်ခြင်းမေတ္တာ အမျိုးအစားတွေမှာ အမေက သားသမီးကို ချစ်တဲ့အချစ် ဘယ်သူမှ
ပြိုင်လို့မရနိုင်တဲ့ အချစ်မျိုး။
ကိုယ်တိုင် မိခင်မဖြစ်သေးပေမယ့်
မိခင်တွေရဲ့အချစ်ကို မိုးကိုယ်ချင်းစာနိုင်တယ်။ အထူးသဖြင့် အသက် ၇ဝ ကျော်တဲ့အထိ
တို့ဟူးကျိုရောင်းပြီး မိုးမိုးထွေးကို စောင့်ရှောက်ခဲ့တဲ့ အမေ့ရဲ့အချစ်။ သားသမီး
၇ယောက်ကို ပဲပြုတ်ရောင်း၊ တို့ဟူးရောင်း၊ နွားကျောင်း နို့ညှစ်ပြီး ကျောင်းထားပေးခဲ့တဲ့
အမေ့ရဲ့သတ္တိ။ အဖေဆိုတာ ကျန်းမာရေးမကောင်းတဲ့၊ ကိုယ့်ဝန်ပဲ ကိုယ်ထမ်းနိုင်တော့တဲ့
ဂီလာနပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့တယ်လေ။ လင်ယောကျ်ားနဲ့ အတူတကွ သားသမီး ၇ ယောက်ကို
ပြုစုစောင့်ရှောက်ခဲ့တဲ့ အမေ့ကို မျက်ကွယ်ပြုဖို့ဆိုတာ မိုး ဘယ်တော့မှ
စိတ်မကူးဖူးတဲ့ အဖြစ်ပါပဲ။
အမေ မမှားသလို မောင်နဲ့ မိုးကကော
မှားခဲ့ကြသလား။ တစ်မိုးအောက် တစ်ယောက်ထင် ချစ်ခြင်းနဲ့ တွယ်ငင်ခဲ့ကြတဲ့
မောင်နဲ့မိုးမှာ ဘာအပြစ်ရှိနေခဲ့သလဲ။ ချစ်ခြင်းရဲ့ ပန်းတိုင်ဟာ အတူတကွ
ဆုံစည်းရဖို့ပဲ မဟုတ်ဘူးလား။
သင်္ခါရကို အမြဲနှလုံးသွင်းနေနိုင်တဲ့
ဗုဒ္ဓဘာသာဝင် မိုးမိုးထွေးက အမေ့ကို ချစ်ပြီး အတူပြုစုစောင့်ရှောက်ချင်ခဲ့သလို
မောင်နဲ့လည်း ချစ်မက်မပြေ တစ်သက်တာ အတူတူ နေချင်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်သလို
ဖြစ်မလာတတ်တဲ့ လောကကြီးမှာ မိုးမိုးထွေးရဲ့ ပထမ နေရာက အမေ့အတွက်ပါပဲ။ မိခင်အစား
မရနိုင်ဘူးဆိုတဲ့ ယေဘုယျ ခံစားချက်ထက် ပိုနက်ရှိုင်းတဲ့ ခံစားမှုက အမေနဲ့
မိုးမိုးထွေးကို တစ်သားတည်းကျ ပေါင်းစည်းစေတယ်။ အမေက မိုးမိုးထွေးအတွက်
အသက်ရှင်နေသလို မိုးမိုးထွေးက အမေ့အတွက် အသက်ရှင်နေသူပါ။ အမေ မကျေနပ်ရင် မိုး ဘာမှ
မလုပ်ဘူး ကတိပေးပါတယ် အမေရယ်။
'မိုး... မောင့်ကို
တကယ်မချစ်ဘူးဆိုတာပဲ မောင် သိတယ်။ အခု တောင်ကြီးနဲ့ အင်းလေးတောင် တစ်လတစ်ခါ
မနည်းတွေ့နေရတာ။ လင်းခေးနဲ့ အင်းလေးဆိုရင် မောင်ကတော့ မိုးနဲ့ ပြတ်ပြီပဲ
သဘောထားလိုက်မယ်။ အကောင်းဆုံးကတော့ မိုး အင်းထဲကို လိုက်ခဲ့ပါ။ လှေဦးမှာ
ဆေးအိတ်တင်၊ မိုးကို မောင့်ရင်ခွင်ထဲထားပြီး လူနာတွေဆီ လှေလှော်ပို့မှာပေါ့
မိုး... မိုးရယ်။ မောင်နဲ့အတူတူ အင်းထဲ လိုက်ခဲ့ပါကွာ။ မောင့်ကို
တကယ်ချစ်တယ်ဆိုရင် မောင့်နောက်လိုက်ခဲ့ပါတော့။ အချိန်တွေ နှမြော တယ်'
အချိန်တွေ နှမြောတယ်။
အချိန်တွေ နှမြောတယ်။
အဖျားကျပြီး ချွေးတွေ ထွက်လာတဲ့
လူနာကို ရေပတ်တိုက်ပေး၊ အဝတ်အစား လဲပေးရင်းနဲ့ မိုးမိုးထွေး အတွေးတွေ
ယောက်ယက်ခတ်နေခဲ့တယ်။
ပရိုမိုးရှင်း သတင်းကိုကြားပြီး
မောင်ပြောခဲ့တဲ့ စကားလေးက မိုး နားထဲက မထွက်တော့ဘူး။
အချိန်တွေ နှမြောတယ်တဲ့။
ဘဝဆိုတာ လမ်းခွဲတွေနဲ့ ရက်ယှယ်ထားတဲ့
ခရီးကြမ်းလမ်းတစ်ခုပဲ ဖြစ်လိမ့်မယ်။ အဖြေသိပြီးသား မိုးက လမ်းခွဲတစ်ဖက်မှာ ရပ်ပြီး
ကျန်တစ်ဖက်ကို သံယောဇဉ်နဲ့ ငေးမျှော်နေမိ တော့တယ်။ ဒီလမ်းနှစ်သွယ်က ဘာဖြစ်လို့များ
တစ်သားတည်း မကျရတာပါလိမ့်။
မိုးတို့အဖြစ်ကို ညှိနှိုင်းလို့
မပြီးခင်မှာပဲ မိုးရဲ့ပရို မိုးရှင်းသတင်း ဝင်လာခဲ့တယ်။ ဒီသတင်းက မောင့်ကို
သွေးနွေးတက်ကြွစေတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ အီနားရှားသဘောတရားလို ဒီအတိုင်းပဲ
ရပ်တည်နေချင်တဲ့ မိုးအတွက် မောင်က တွန်းထိုးဆွဲငင်နေတဲ့ အားတစ်ခုပါပဲ။
အခုတော့ လင်းခေးခရီးဟာ ပိုမြင့်တဲ့
ရာထူးတစ်ခုကို လက်ခံဖို့အတွက်တင် မကတော့ဘူး။ စိတ်သောက ဒဏ်ရာတွေနဲ့အတူ
ပုန်းရှောင်ထွက်ပြေးရာ ထွက်ပေါက်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။
အထက်တန်း သူနာပြုသမီးကို
စိတ်မချနိုင်တဲ့ အမေက ကားပေါ်တက်ခါနီးအထိ တတွတ်တွတ် မှာတုန်းပေါ့။
သံယောဇဉ်ဆိုတာ မီးလို
ပူပြင်းလောင်မြိုက်သတဲ့။ ဖတ်ခဲ့ရဖူးတဲ့ စာသားတွေက မိုးရဲ့ဘဝမှာ လက်တွေ့ ထပ်တူ
ပြုနေတယ်။
မောင်ရေ... မိုးမိုးထွေးက လမ်းတစ်ဖက်မှာ
ရပ်ပြီး ကျန်တစ်ဖက်ကို ငေးမျှော်နေဆဲပါပဲ။ မိုးလည်း အမေ့လက်ကို တွဲပြီး
ဆက်လျှောက်မယ်။ မောင်လည်း ဆက်လျှောက်ခဲ့ပါ။ ဒီလမ်းခွဲ ကလေးဟာ တစ်ချိန်ချိန်မှာ
ပြန်ဆုံမှာဆိုတဲ့ အသိခံစားချက်ကလေးကို နှလုံးသားနဲ့ ခံစားရင်းပေါ့။
ဘယ်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့။
တစ်ချိန်ချိန်မှာ ဆုံနိုင်မယ့် လမ်းဆုံကလေးအတွက် မိုးတို့ စောင့်နိုင်တဲ့ ဝီရိယ၊
စောင့်ရဲတဲ့ သတ္တိတွေနဲ့အတူ အနာဂတ်ကို မျှော်ငေးပြီး ဆက်လျှောက်ရအောင်။ မောင်ကော
လျှောက်ခဲ့မယ် မဟုတ်လား။
▀
အဖြူရောင်
(အမှတ်
၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး ကျွန်မ ဘောလုံးကန်ချင်တယ် ဖေဖေနဲ့ ငါးမျှားထွက်ချင်တယ် မောင်လေးတွေနဲ့ ရေကူးပြိုင်ချင်တယ် ဒါပေမယ့် အပြောင်းအလဲဟာ ကျွန်မနဲ့လောကကို ကန့်လန်ကာ...
အရာရာသည် စနစ်တကျ မရှိလှစွာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် ထိုဇာတ်သိမ်းအတွက် ကျွန်မ အနည်းငယ်မျှပင် မခံစားလိုက်ရတာတော့ သေချာပါသည်
ညက တစ်ညလုံး အိပ်မရခဲ့။ မျက်လုံးနှစ်ဖက်က မျက်ရည်တို့ စိမ့်ထွက်ယိုစီးရင်း မနက်မိုးလင်းခဲ့ရသည်။ သူငယ်ချင်းဆိုတဲ့ အသိုက်အဝန်းလေးတစ်ခု၊ အခုတော့ သရီးအင်(န်)ဝမ်းက ဝမ်းအင်(န်)ဝမ်း အဖြစ် ကျန်နေခဲ့တော့သည်။