ရွှေအသစ်

လိပ်တို့၏ မာယာ

ခွန်ချို ၊အင်္ဂပူ၊

01 November 2026
လိပ်တို့၏ မာယာ
Share to

            တောမြိုင်ရဂုံအတွင်းက တိရစ္ဆာန်အပေါင်း အုတ်အော်သောင်းတင်းနဲ့ ရုတ်ရုတ်သဲသဲ ဖြစ် နေတယ်။ အစဉ်အလာကို ပြောင်းပြန်လှန်ပစ်လိုက်တာ။ ဖြစ်ပုံက ယုန်နဲ့လိပ် အပြေးပြိုင်ကြတာပါ။ ခုန်ပျံကျော်လွှားမှုနဲ့ အင်မတန် အပြေးလျင်မြန်တဲ့ ယုန်ဟာ အသွားနှေးတဲ့ လိပ်ကို အရှုံးပေးခဲ့ရလို့ပဲ။ ယုန်နဲ့လိပ် အပြေးပြိုင်ပွဲမှာ ယုန်ရှုံးတဲ့ သတင်းကြားကြတော့ တိရစ္ဆာန်အပေါင်းရဲ့ နှုတ်ဖျားက တအံ့တသြ စုပ်တသတ်သတ် ဖြစ်နေလေရဲ့။

            ဒီသတင်းကို ဘေးပတ်ဝန်းကျင် တောအနှံ့ အခြားတိရစ္ဆာန်တွေရဲ့ကြားမှာ ယုန် ရှုံးရတဲ့  အကြောင်းက ဟိုးလေးတကျော်ကျော်။ အချို့ကလည်း တောတကာ့တော လည်ပြီး အချင်းချင်း လက်တို့ပြီး ပြောနေရဲ့။ ဒီအထဲမှာမှ ယုန်တွေဟာ မျက်နှာမပြရဲလောက်အောင် အရှက်တကွဲ ဖြစ်ခဲ့ရပြီး သူများ အကဲ့ရဲ့ခံ ဘဝရောက်နေရပြီ။ တခြားတိရစ္ဆာန်တွေကလည်း ယုန်တွေဘက်ကနေ 'ဒီလိပ်ဆိုတဲ့ အကောင်နဲ့ ယုန်အပြေးပြိုင်တာ ယုန် ရှုံးသွားရတယ်ကြားတော့ ကိုယ့်နားကိုယ်တောင် မယုံချင်ဘူး။ ရာဇဝင်ရိုင်းပါဘိ' ဒေါမနဿဖြစ်ရတဲ့ သူတွေက တစ်မျိုး၊ မချိတင်ကဲနဲ့ အပြစ်တင်တဲ့သူက တစ်ဖုံ၊ ရှုံးလို့ အားမလို အားမရ ဖြစ်နေကြတဲ့ ယုန်တွေက တစ်သွယ် ပြိုင်ပွဲမှာ ရှုံးခဲ့တဲ့ ယုန်ကို ဝိုင်းပြီး ထိုးနှက်ကြပြီ။

            လိပ်နဲ့ အပြေးပြိုင်ခဲ့တဲ့ ယုန်ကတော့ ယုန်တွေကြားထဲမှာ မျက်နှာမမော်ရဲလောက်အောင်၊ မျက်နှာငယ်နဲ့ နေစရာမရှိလောက်အောင် ဖြစ်နေလေရဲ့။ 'တို့ယုန်တွေ အားလုံး အရှက်ဘယ်လောက်ရနေပြီ ဆိုတာ မင်း ခုလောက်ဆို သိရောပေါ့'။ ယုန်အပေါင်းက အရှုံးသမား ယုန်ကို ဝိုင်းပြီး အပြစ်တင်ကြပြီ။ ယုန်တွေက တစ်ကောင်တစ်မျိုး အမျိုးမျိုးပြောကြတာ။ 'ရှက်တတ်ရင်လေ မင်းမျက်နှာမင်း ဓားနဲ့လှီးပြီး သေဖို့သာ ကောင်းတော့တယ်'၊ 'ဒီအကြောင်းက တို့တိရစ္ဆာန်လောကထဲမှာတင် သတင်းပျံ့သွားတာ မဟုတ်ဘူး။ လူတွေက သူတို့ပညာရေးလောက ဒုတိယတန်း မြန်မာစာ ကျောင်းသင်ခန်းစာမှာတောင် ဒီဟာကို ထည့်ပြဋ္ဌာန်းပြီး ကျောင်းသားတွေကို သင်နေပြီလေ'

            'ကဲ... ဘယ်လောက်ထိ ရှက်ဖို့ကောင်းသလဲ။ ဒီပြိုင်ပွဲက သင်ခန်းစာကို လူတွေက ကောင်းကောင်းယူ ပြီပေါ့'၊ 'တို့ကလည်း အရှုံးထဲကနေ သင်ခန်းစာတစ်ခုခုတော့ ရအောင်ယူရမယ်'၊ 'အေးပေါ့ကွာ၊ ဝီရိယအကျိုး တစ်ဖက်က ခံစားသွားရသလို တို့တွေရဲ့ ယုန်ငပျင်းကလည်း အပျင်းထူရိုးကုန်ပါရောလား'၊ 'မအိပ်နဲ့ မဆိုပါ ဘူး။ ပန်းတိုင်ဝင်ပြီးတော့မှ သေအောင်အိပ်ပါတော့လား'၊ 'ဒီယုန်အကြောင်း ပြောနေရင်း ဒေါသထွက်လာပြီဗျာ။ ဒီကောင် လိပ်ကို လျှော့တွက်မိတာ အမှားပဲ'၊ 'ဝီရိယဆိုတာ ဘယ်တော့မှ ပိုတယ်ဆိုတာ မရှိဘူး။ လိုရင်သာ လိုမယ်။ ခြင်္သေ့ကို နမူနာကြည့်လေ။ သားကောင်ကြီးငယ် မရွေး ဒီလုံ့လဝီရိယနဲ့ပဲ ဖမ်းတာပဲ။ လျှော့ဖမ်းတယ်ဆိုတာ မရှိဘူး။ ဒါကို တို့အားလုံး သိတာပဲ'

            'ဒါကြောင့် ဘယ်သူမဆို တစ်ဖက်သားကို အထင်မသေးနဲ့။ အရမ်းကာရောလည်း အထင်စွတ်မကြီးနဲ့' ယုန်တွေ တစ်ကောင်တစ်မျိုး ပြောနေကြသလို မျက်နှာပျက်နေကြတဲ့ ယုန်တွေကလည်း တစ်မျိုးရှိနေကြတယ်။ တိရစ္ဆာန်တွေကြားထဲမှာ ယုန်တွေ သိက္ခာကျခဲ့တော့ကာ ဒီလိပ်ကိုမှ ရှုံးရလေခြင်း နောင်တအကြိမ်များစွာနဲ့ ယူကျုံးမရဖြစ်နေတဲ့ ကာယကံရှင် အရှုံးသမားယုန်ကတော့ တုံဏှိဘာဝေ။ ဒီအချိန် မှာ ယုန်တစ်ကောင်က...

            'ကဲ... ပြီးတာတွေ ပြီးသွားပြီ။ ဒီတောထဲမှာ တို့ယုန်တွေ မျက်နှာမပြရဲလောက်အောင် အရှုံးနဲ့ရင်ဆိုင်ခဲ့ရလို့ သိက္ခာကျခဲ့ရပြီ။ တို့ရဲ့သိက္ခာကို ဘယ်လိုပြန်ပြီး သိက္ခာတက်လာအောင် အဖတ်ဆယ် မလဲ။ အဲဒါ ဝိုင်းပြီး စဉ်းစားကြ'၊ 'ဒီအတိုင်း အရှုံးနဲ့ သေတဲ့အထိ နေသွားရင် သမိုင်းကြောင်း မကောင်းဖြစ်သွားမယ်'၊ 'ဟုတ်တာပေါ့။ တို့ရဲ့ နောက်မျိုးဆက်တွေ အလိုလို မျက်နှာငယ်ရဦးမယ်' လိပ်နဲ့ အပြေးပြိုင်ရာမှာ ရှုံးခဲ့တဲ့ယုန်က ယုန်တွေကြားထဲကို မဝံ့မရဲနဲ့ ဝင်ပြောတယ်။

            'ဒီ... ဒီမှာ နောင်တော် ယုန်အပေါင်းတို့။ ကျုပ်အတွက်ကြောင့် အားလုံးသော ယုန်အပေါင်း မျက်နှာပျက်၊ အရှက်ရ သိက္ခာကျခဲ့ရတယ်ဆိုတာ ကျုပ်သိပါတယ်။ ဟုတ်တယ်၊ ကျုပ်ကြောင့်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတယ်။ ဒီလိပ်ကိုလည်း အထင်သေးမိတာ အမှန်ပါ။ အပျင်းထူတာလည်း ဟုတ်ပါတယ်' စကားကို ခဏနားပြီးတော့မှ 'စောစောက နောင်တော်ယုန်တို့ ပြောခဲ့သလို ပန်းတိုင်ရောက်ပြီးမှ အိပ်ရင်ရသားပဲ။ ဒီအချက်ကို ကျုပ် လုံးဝမတွေးမိဘူးဗျာ။ လိပ်ကို အရှုံးပေးခဲ့ရလို့ ကျုပ်ကိုကျုပ် လုံးဝ ခွင့်မလွှတ်ဘူးဗျာ။ ကျုပ်ကြောင့် ယုန်လောကသား အားလုံးသိက္ခာကျခဲ့ရတာ ကျုပ် လုံးဝ စိတ်မကောင်းပါဘူး။ ကျုပ်တို့အားလုံးရဲ့သိက္ခာ ပြန်တက်အောင် ဆောင်ရွက်ဖို့ တာဝန်အရှိဆုံးက ကျုပ်ပဲ။ ကျုပ်တို့ ယုန်တွေ မျက်နှာမငယ်ရလေအောင် ကျုပ် အစွမ်းကုန် ဆောင်ရွက်ပါ့မယ်လို့ ကျုပ် ကတိပေးပါတယ်' တခြားယုန်များက တစ်စုံတစ်ရာကို တွေးနေလေရဲ့။

            ယုန်တစ်ကောင်ကနေ ဝင်ပြီး စကားစပါတယ်။ 'မင်းပြောတာတော့ ဟုတ်ပါပြီ။ တို့တွေ သိက္ခာတက်လာအောင် ဘယ်လိုဆောင်ရွက်ကြမလဲ။ ဒါကိုတွေးပြီး နည်းလမ်းရှာရမယ်' အခြား ယုန်တစ်ကောင် ဝင်ရောက် ဆွေးနွေးတာက 'နောက်တစ်ခေါက် ထပ်ပြီး အပြေးပြိုင်ပွဲ လုပ်ရရင် မကောင်းဘူးလား' ယုန်အများစုက ဒီအကြံ ကောင်းတယ်ဆိုပြီး ထောက်ခံကြတယ်။ ဒီအထဲကနေ ရှေ့နောက်တွေးတတ်တဲ့ ယုန်တစ်ကောင်ကနေပြီး...

            'မဖြစ်နိုင်ဘူး။ ဒီအကြံ လုံးဝမဖြစ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုရင် သေချာတာ တစ်ခုကတော့ ကျုပ်တို့ လိပ်တွေကို အပြေးပြိုင်ဖို့ သွားပြီး စိန်ခေါ်ရင် သူတို့ဘက်က လုံးဝပြိုင်မှာ မဟုတ်တော့လို့ ဘဲ။ တွေးကြည့်ကြလေ။ ယုန်ပြေးနှုန်းနဲ့ လိပ်ပြေးနှုန်းကို သဘာဝက သတ်မှတ်ပြီးသားဗျ။ သူတို့လိပ်တွေ ဘက်က ပြိုင်ပွဲမလုပ်ခင်ကတည်းက ရှုံးပြီးသားမဟုတ်လား။ ခု ကျုပ်တို့ယုန် ရှုံးတာ ဝီရိယနည်း၊ အပျင်းထူ၊ တစ်ဖက်သားကို အထင်သေးပေါ့ဆလို့။ ဖျင်းအားကြီးလို့။ ယုန်နဲ့လိပ် သာမန်အားဖြင့် အပြေးပြိုင်ရင် ဘယ်သူနိုင်မလဲလို့ မပြိုင်ခင်ကတည်းက ဘယ်သူ့ကို မေးမေး ဖြေစရာတောင် မလိုဘူး'

            ဒီယုန်ရဲ့ စကားကြောင့် လိပ်ကိုရှုံးခဲ့တဲ့ ယုန်ဟာ နေစရာမရှိလောက်အောင် ဖြစ်သွားသလို အခြားယုန်များကတော့ ငြိမ်ပြီး နားထောင်ကြတယ်။ ယုန်တစ်ကောင် ဝင်ပြောတာက 'ဒါဆိုရင် ဒီလိပ်တွေကို အနိုင်ယူဖို့ ဘယ်လိုနည်းနဲ့ ယှဉ်ပြိုင်မလဲ။ ကျုပ်တွေးမိရသလောက် ပြောရရင် အပြေးပြိုင်ပွဲက လွဲရင် တခြားဘာပြိုင်ပွဲမှ ပြိုင်လို့မရဘူး' ခပ်ငယ်ငယ် ယုန်တစ်ကောင် ဝင်ပြောတဲ့ စကားကြောင့် ဘေးမှာ နားထောင်နေကြတဲ့ အခြားတိရစ္ဆာန်များ အုန်းခနဲ ပွဲကျသွားလေရဲ့။ 'လိပ်တွေနဲ့ ကျုပ်တို့ယုန်တွေမှာ တူညီတဲ့ သဘာဝ အချက်တစ်ခုရှိတယ်။ ဒါဘာလဲဆိုရင် ကျုပ်တို့အားလုံး ကန်စွန်းရွက် ကြိုက်တာချင်းတူလို့' ယုန်အများရဲ့ ဆန္ဒကတော့ ဒုတိယအကြိမ် အပြေးပြိုင်ပွဲ ကျင်းပဖို့ပါပဲ။

            'ကဲပါဗျာ။ တခြား ဘာမှလည်း တွေးမနေကြနဲ့။ အပြေးပြိုင်ပွဲပဲ ထပ်ပြိုင်မယ်။ အားလုံးသဘောတူရဲ့လား' ရှေ့နောက်တွေးပြီး စဉ်းစားတတ်တဲ့ ယုန်ကလွဲပြီး ကျန်ယုန်များကတော့ 'တူပါ တယ်၊ တူပါတယ်။ မြန်မြန် ပြိုင်ပွဲ ကျင်းပပေးပါ' စောစောက ပြိုင်ပွဲကို အလျင်စလို မကျင်းပဖို့ သတိပေးထားတဲ့ ယုန်ကတော့ 'အေးပေါ့လေ၊ ခင်ဗျားတို့ အများဆန္ဒအရဆိုတော့ ကျုပ် ဘာမှမပြော တော့ပါဘူး။ အများရဲ့ဆန္ဒအတိုင်း ဆောင်ရွက်ပါ။ ကျုပ်ကို အခွင့်အရေးတစ်ခုတော့ ပေးပါ။ ကျုပ် ခရီးထွက် မလို့။ ဒီပြိုင်ပွဲ ကျင်းပဖြစ်ရင် ကျုပ်ရှိနေမှာ မဟုတ်လို့ပါ။ ဒီပြိုင်ပွဲ အောင်မြင်မှုနဲ့ အနိုင်ရပါရစေလို့ ကျုပ်ဘယ်နေရာ ရောက်ရောက် ဆုတောင်းနေမှာပါ'

            ကျန်ခဲ့မယ့် ယုန်အားလုံးကလည်း 'ရပါတယ်ဗျာ။ ကိုယ့်လမ်းကိုယ် စိတ်ချပြီးသွား။ ခုတစ်ခါပြိုင်ပွဲက ဘယ်သူမှ အားပေးစရာတောင် မလိုဘူး' ယုန်အပေါင်းဟာ ဒုတိယအကြိမ် ပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်တာ အဘက်ဘက်က အဆင်သင့် ဖြစ်နေပါပြီ။ ဒီပြိုင်ပွဲလုပ်ဖို့ ဘာမှမသိသေးတာက လိပ်တွေသာ ဖြစ်တယ်။ ဒီအချိန်အတောအတွင်းမှာပဲ ယုန်များဟာ လိပ်တွေထံကို လာနေပါ ပြီ။ လိပ်တွေထံ ယုန်တွေ ရောက်တဲ့အခါ လိပ်များက ခရီးဦးကြို နေရာထိုင်ခင်းများလည်း ပေးပါတယ်။ ယုန် အကြီးအကဲတစ်ကောင်ကနေစပြီး စကားပြောပါတယ်။

            'ဒီမှာ ကိုရွှေလိပ်တို့၊ ကျုပ်တို့ယုန်တွေ ခင်ဗျားတို့ထံ လာခဲ့ရခြင်းက တခြား ဘာမှထွေထွေထူးထူး ကိစ္စမဟုတ်ဘူး။ ယုန်နဲ့လိပ် ဒုတိယအကြိမ် ပြေးပွဲထပ်လုပ်ချင်လို့ပဲ' ယုန်က စကားကို တိုတိုပဲ ပြောလိုက်တယ်။ လိပ်တွေက အံ့အားသင့်သွားပြီး ရုတ်တရက် ဘာမှပြန်မပြောနိုင်ဘူး။ ခဏကြာမှ လိပ်တွေထံက စကားစလာပါတယ်။ 'ခင်ဗျားတို့ ကျုပ်တို့လိပ်တွေကို လာပြီး စော်ကားတာလား။ ခင်ဗျားတို့ စိန်ခေါ်တိုင်း ကျုပ်တို့က ပြိုင်ရမှာလား။ အရင်တစ်ကြိမ်တုန်းကလည်း ခင်ဗျားတို့က ကျုပ်တို့လိပ်ကို ကဲ့ရဲ့တယ်လေ။ ကျုပ်တို့လိပ်ကလည်း မခံချင်စိတ်နဲ့ အပြေးပြိုင်ခဲ့ပြီး သူ့ပန်းတိုင်သူရောက်အောင် သွားတာပဲ။ ခင်ဗျားတို့ယုန်ရှုံးတာ အပျင်းထူပြီး ဝီရိယမရှိဘဲ ကျုပ်တို့လိပ်ကို အသွားနှေးတာ သိနေပြီး အထင်သေးခဲ့လို့ပါ'

            အခြား လိပ်တစ်ကောင်ကလည်း 'တကယ်တော့ ပြိုင်ပွဲဆိုတာ ပန်းတိုင်က ရှိပြီးသား။ ဒီပန်းတိုင်ကို ရောက်ဖို့က စောရောက်တာနဲ့ နောက်ကျရောက်တာ နှစ်လမ်းပဲ ရှိတယ်။ စောစော ရောက်သင့်ပါလျက်နဲ့ စောစော မရောက်တာ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အားနည်းချက် ရှိနေလို့ပဲ။ ဒါကို ဘယ်လိုကျော်လွှားရမလဲဆိုတာ ကာယကံရှင်ကိုယ်တိုင် အသိဆုံးပဲ'၊ 'ဒီမှာ ကိုရွှေယုန်တို့ ခင်ဗျားတို့ကို ကျုပ်တို့ အရှုံးပေးပါတယ်။ မပြိုင်ပါရစေနဲ့၊ ပြန်ပါတော့' ယုန်တစ်ကောင်ကတော့ 'ခင်ဗျားတို့ လွယ်လွယ်အရှုံးပေးတိုင်း ကျုပ်တို့က အလွယ်တကူ အနိုင်မယူနိုင်ပါဘူး။ သမာသမတ်နဲ့ တရားမျှတတဲ့ ပြိုင်ပွဲပဲ လုပ်ချင်တယ်'

            စကား ခေတ္တပြတ်သွားနေရာကနေ ယုန်တွေကပဲ ဆက်ပြီး 'ခင်ဗျားတို့ လိပ်တွေ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ လုပ်ပါ။ ကျုပ်တို့ကတော့ အချိန်ကာလ ဒေသမရွေးဘူး။ ခုတစ်ခါ ကျုပ်တို့ယုန်တွေ ရှုံးခဲ့ရင် ဒီတောထဲမှာ ကျုပ်တို့ယုန်တွေ တစ်ကောင်မှ မမြင်စေရဘူး။ ဒီတောထဲကနေ အားလုံး ထွက်သွားမယ်' ယုန်များက လိပ်တွေကို အထင်သေးစွာနဲ့ မရမက အတင်းအကျပ် စိန်ခေါ်နေတော့ လိပ်တစ်ကောင်က စကားဝင်ပြောတယ်။ 'အေး...ကျုပ်တို့ ဘက်က အရှုံးပေးရက်သားနဲ့ ခင်ဗျားတို့က အတင်းအကျပ် စိန်ခေါ်နေမှတော့ ကျန်တဲ့လိပ်တွေ မပြိုင်ရင်နေ၊ ကျုပ်နဲ့ ပြိုင်မယ်ဗျာ။ ခင်ဗျားတို့ ပြောခဲ့တဲ့စကားတော့ အတိအကျ ကတိတည်နိုင်ရဲ့လား' တစ်ဖက်ယုန်တွေကလည်း 'စိတ်ချ၊ လုံးဝ ကတိတည်စေရမယ်'

            ပြိုင်ပွဲဝင်မယ့် လိပ်က 'အေး ကောင်းပြီ၊ ခင်ဗျားတို့ ယုန်တွေပြန်တော့။ ပြိုင်ပွဲကျင်းပမယ့် ရက်ကျရင် ကျုပ် ခင်ဗျားတို့ကို အကြောင်းကြားမယ်' ယုန်တွေအားလုံး ပျော်ရွှင်မြူးတူးစွာ ပြန်ကြပြီ။ ခုတစ်ပွဲမှာ အတိအကျ အနိုင်ရမယ်လို့ ယုန်တွေက တစ်ထစ်ချ တွက်ပြီးသား။ လိပ်တွေမှာတော့ မျက်နှာငယ်နဲ့ ပြိုင်ပွဲကို လက်ခံလိုက်တဲ့ လိပ်ကို အပြစ်တင်ကြပြီ။ ရှုံးမယ်ဆိုတာ သိရဲ့သားနဲ့ ပြိုင်ပွဲကျင်းပမယ်ဆိုတာ ဒီလိပ် မသိရော့သလား။ လိပ်တွေကြားမှာ သို့လော... သို့လောနဲ့။

            ပြိုင်ပွဲဝင်မယ့်လိပ်ကို 'ခင်ဗျားအနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်လိုလုပ် နိုင်ပါ့မလဲ။ ကျုပ်တို့ဘက်က ရာခိုင်နှုန်းပြည့် ရှုံးပြီးသားဆိုတာ မသိတော့ဘူးလား' အခြားလိပ်များက မေးတာကို ငြိမ်ပြီးနားထောင်နေတဲ့ ပြိုင်ပွဲဝင်မယ့် လိပ်ကတော့ အေးအေး ဆေးဆေးပဲ။ 'ဒီမှာ မိတ်ဆွေတို့၊ ဘယ်သူက အားသာချက်ရှိပြီး ဘယ်သူက အားနည်းချက် ရှိနေတယ်ဆိုတာ ကျုပ် သိပါတယ်။ ပြိုင်ပွဲမှာ ကျုပ်ရှုံးခဲ့ရင် ဘယ်သူ့ကိုမှ အောက်ကျပေး ဆက်ဆံဖို့ မလိုသလို ဒီတောထဲက ထွက်သွားဖို့လည်း မလိုဘူး။ နိုင်တာ၊ ရှုံးတာ အဓိက မဟုတ်ဘူး။ ယှဉ်ပြိုင်မှုကသာ အဓိက ဖြစ်တယ်။ ပြိုင်ပွဲရဲ့ ပန်းတိုင် ဘယ်လောက်ဝေးဝေး ကျုပ် ရောက်အောင် သွားမယ်။ နှစ်ကောင်တည်း ပြိုင်တာ ကျုပ်က ဒုတိယ ကျိန်းသေရပြီးသား။ ပန်းတိုင်ကို ရောက်မှနော်။ မရောက်ရင်တော့ ကျုပ်ရှုံးတာပေါ့။ ခင်ဗျားတို့ ကျုပ်အတွက် ဘာမှ မစိုးရိမ်ပါနဲ့။ စိတ်အေးအေးထားပြီး ကိုယ်လုပ်စရာရှိတာ လုပ်ကြပါ။ ခုလောလောဆယ် ကျုပ်တို့လုပ်ရမှာက နွေခေါင်ခေါင် တောမီးလောင်မယ့် အန္တရာယ်က လွတ်ဖို့ပဲ။ အားလုံး သတိထားကြပါ'

            ရာသီစက်ဝိုင်း တစ်ပတ်ပတ်လို့ သူ့အချိန် ရောက်လာတာနဲ့ ရာသီ အပြောင်းအလဲက ဖြစ်မြဲ။ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီနှောင်းပိုင်းရောက်လာတာနဲ့ သစ်ပင်အားလုံး ပုရစ်ဖူးထွက်ဖို့ အစွမ်းကုန် အားယူ နေကြပြီ။ အနောက်တောင်လေ တသုန်သုန်တိုက်လာတော့ မိုးတစ်ပြိုင်နှစ်ပြိုက်ရွာကာ အပူရှိန် လျော့လာပါ တယ်။ ရှေ့လျှောက် မိုးများလာပါပြီ။ ပတ်ဝန်းကျင်အားလုံးလည်း စိမ်းစိုပြီး အေးချမ်းလာပါတယ်။ လူနဲ့ တိရစ္ဆာန်အားလုံးအတွက် ရေရှားပါးခြင်းက လွတ်ကင်းကြပြီ။ ဒီအချိန်မှာပဲ ပြိုင်ပွဲဝင်မယ့် လိပ်က ရာသီအခြေအနေကို စိစစ်သုံးသပ်ပြီး အပြေးပြိုင်ပွဲ ကျင်းပဖို့ ယုန်တွေထံ အကြောင်းကြားလိုက်ပါတယ်။

            ယုန်တွေကလည်း အမြဲ တမ်း အဆင်သင့်ပဲလို့ အကြောင်း ပြန်လာတယ်။ ဒီပြိုင်ပွဲကို တိရစ္ဆာန်အပေါင်းက မျှော်လင့်စောင့်စားခဲ့တာ ကြာပါပြီ။ ပြိုင်ပွဲအတွက် ပန်းတိုင်ကို စမ်းချောင်းလေး တစ်ဖက်ကမ်းက သရက်ပင်ကို လိပ်ရဲ့ဆန္ဒအတိုင်း သတ်မှတ်တယ်။ ပြိုင်ပွဲကျင်းပမယ့်နေ့မှာ တိရစ္ဆာန်အပေါင်း စုပေါင်းရောက်ရှိလာပြီး တစ်ဖက်နဲ့တစ်ဖက် မျှမျှတတ အားပေးကြတယ်။ ယုန်တွေအားလုံးက တက်ကြွမှု အပြည့်ရှိပြီး လိပ်တွေ ဘက်မှာတော့ မျက်နှာသိပ်မကောင်းကြ။ ရင်ခုန်သံ တထိတ်ထိတ်နဲ့ မဝံ့မရဲ အားပေးရမှာ မဟုတ်ပါလား။ လိပ်နဲ့ယုန် အဆင်သင့် အနေအထားဖြစ်တော့ ပြိုင်ပွဲစပြီ။

            လိပ်နဲ့ယုန်ဟာ စပြီး တာထွက်ကတည်းက နှစ်ဦးစလုံး အားသွန်ခွန်စိုက် ပြေးပါတယ်။ ယုန်က ရှေ့ကနေ ဦးဆောင်ပြေးနေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး။ လိပ်ကလည်း နောက်က လိုက်တယ်။ နောက်ကလိုက်ပြီး အားပေးကြတဲ့ တိရစ္ဆာန်တွေဟာ ယုန်နဲ့လိပ် နောက်ကို အသီးသီးလိုက်သွားပါတယ်။ တစ်ရှိန်ထိုး ပြေးထွက်သွားတဲ့ ယုန်ဟာ ပန်းတိုင်ရောက်ခါနီး စမ်းချောင်းကလေးနား ရောက်တော့ ပြေးနေတာကနေ ခဏရပ်လိုက်တယ်။ နောက်ကြောင်း လှည့်ပြန်ကြည့်တော့ လိပ်ရဲ့အရိပ်အရောင်ကို မတွေ့ရသေးဘူး။

            ယုန်နောက်က လိုက်ပြီး အားပေးကြတဲ့ တိရစ္ဆာန်တွေက စမ်းချောင်းတစ်ဖက်ကမ်းကို ကူးပြီး ပန်းတိုင်အရောက်သွားဖို့ တိုက်တွန်းကြပါတယ်။ သို့သော် စမ်းချောင်းထဲမှာ ရေက အတန်အသင့်ရှိပြီး ရေက စီးနေတယ်။ ယုန်ရေမကူးတတ်။ ဟိုဘက်ကမ်းကို ဒီနေရာကနေခုန်ပြီး ကျော်ဖို့ မတတ်နိုင်။ ယုန်ခုန်နိုင်တဲ့ အကွာအဝေးထက် စမ်းချောင်းလေးက ကျယ်ပါတယ်။ ဟိုဘက်ကမ်းရောက်ရေးအတွက် ယုန်နောက်လိုက် ပြီး အားပေးကြတဲ့ တိရစ္ဆာန်ထဲက ဆင်ထံကို အကူအညီတောင်းပါတယ်။

            ဆင်က အကျိုးအကြောင်း ပြောပြီး ငြင်းပါတယ်။ မိမိရဲ့ကိုယ်စွမ်း ကိုယ်စနဲ့ မိမိကိုယ်မိမိ အားကိုးပြီး အနိုင်ယူဖို့၊ တစ်ပါးသူ အားကိုးနဲ့ အနိုင်ယူတာ အနိုင်ရတယ် မခေါ်ဘူးလို့ ဆင်ကပြောတော့ ယုန်ဟာ တစ်ဖက်ကမ်းရောက်ဖို့ နည်းမျိုးစုံ ကြိုးစားပါတော့တယ်။ ချောင်းကမ်းဘေး အထက်အောက်သွားပြီး မိမိ ခုန်ကူးနိုင်မယ့် ချောင်းကျဉ်းတဲ့နေရာကို ရှာပါတယ်။ ဒါပေမယ့် စောစောက နေရာထက် ကျဉ်းတဲ့နေရာ မရှိပါ။

            ယုန်တွေ စိတ်ဓာတ်ကျချိန်မှာ နောက်ကလိုက်လာတဲ့ လိပ်ကလည်း တရွေ့ရွေ့ နီးကပ်လာပါပြီ။ လိပ်နောက်ကလိုက်ပြီး အားပေးသူတို့ရဲ့ အသံကိုလည်း ကြားနေရပြီ။ ဒီအချိန်မှာ ယုန်တစ်ကောင်ကနေပြီး 'ကဲ... အချိန်မရှိတော့ဘူး။ ခဏနေ လိပ်ရောက်လာတော့မယ်။ ဟိုဘက်ကမ်းကို မရောက်ရောက်အောင် ခုန်ကူးတော့' အတင်းအကျပ် တိုက်တွန်းတော့ ယုန် မျက်နှာပျက်ကာ တုန်လှုပ်ချောက်ချားရပြီ။

            ယုန်က တွန့်ဆုတ်တွန့်ဆုတ်နဲ့ ခုန်ကူးဖို့ ကြောက်နေပါတယ်။ တိရစ္ဆာန်အများစုကလည်း အတင်းအကျပ် ခုန်ကူးဖို့ အားပေးနေချိန်မှာ ဆင်ကနေပြီး 'မင်း ရေထဲကျမှာကို မကြောက်နဲ့။ အစွမ်းကုန် ကြိုးစားပြီး ဟိုဘက်ကမ်းကို ခုန်ကူးပါ။ ရေထဲကျသွားရင် ငါဆယ်မယ်' ယုန်က မိမိကိုယ်မိမိ အားတင်းပြီး စမ်းချောင်းကမ်းနားကနေ နောက်ဆုတ်ပြီး အရှိန်ယူ အသင့်ပြင်ပြီး ခုန်ကူးဖို့ လုပ်နေချိန်မှာပဲ လိပ်ကလည်း အနားကို ရောက်လာပါတယ်။

            လိပ်အနား ရောက်တာနဲ့ ယုန်ဟာ တစ်ဖက်ကမ်းကို အသားကုန်ပြေးပြီး ခုန်ပါရော။ ဒါပေမယ့် ဟိုဘက်ကမ်းမရောက်။ ရောက်ဖို့ နှစ်တောင်လောက်အလိုမှာ ရေထဲကျသွားတယ်။ အားပေးကြတဲ့ သူတွေကလည်း ယုန်အတွက် စိုးရိမ်ပြီး ဝိုင်းအော်ကြတယ်။ ရေထဲမှာ မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ ယုန်ကို ဆင်က ဆင်းဆယ်လို့ အသက်ချမ်းသာရာ ရသွားပါတယ်။ လိပ်ကတော့ ချောင်းထဲဖြတ်ကူးပြီး တစ်ဖက်ကမ်းက ပန်းတိုင်ဖြစ်တဲ့ သစ်ပင်ဆီကို ရောက်သွားပါပြီ။

            ယုန်တွေ ရှုံးပြန်ပြီ။ ဒီတစ်ခါ ယုန်တွေရှုံးတာကို တခြားသူတွေရော ယုန်တွေကပါ အပြစ်မတင်ကြပါဘူး။ ပြိုင်ပွဲဝင်ခဲ့တဲ့ ယုန်ကလေး အပေါ်မှာတောင် သနားကရုဏာထားကြလေရဲ့။ ယုန်တွေကတော့ သူတို့ကတိအတိုင်း ဒီပြိုင်ပွဲမှာ ရှုံးရလို့ တောထဲက ထွက်သွားဖို့ပဲ စိတ်ထဲရှိနေတယ်။ ကိုယ့်ကတိကိုယ်တည်ရမယ် မဟုတ်လား။ ဒါပေမယ့် တိရစ္ဆာန် အပေါင်းနဲ့လိပ်တို့ရဲ့ ခွင့်လွှတ်ပေးမှုကြောင့် ဒီတောထဲက ထွက်မသွားရတော့ပါဘူး။

            ယုန်တွေဟာ ပြိုင်ပွဲရှုံးရခြင်းအကြောင်းကို ပြန်ပြီးသုံးသပ်ကြည့်ကြတယ်။ 'ငါတို့ မစဉ်းစား၊ မတွေး တောဘဲ တစ်ဖက်သားကို အနိုင်ယူချင်စိတ်နဲ့ မစဉ်းမစား လုပ်ခဲ့မိလို့ ခုတစ်ခါလည်း ရှုံးရပြန်ပြီ'၊ 'အေးပေါ့လေ၊ ဟိုးတုန်းကတည်းက ပြိုင်မယ့်အချိန်နေရာကို နှစ်ဦးသဘောတူ သတ်မှတ်ရမှာ။ ခုအနေ အထားက သူတို့ကြိုက်တဲ့ အချိန်နေရာမှာ တို့က ပြိုင်ရတော့ ကိုယ့်စကားနဲ့ ကိုယ်ခံရတာပေါ့ကွာ'၊ 'ဒါပေါ့ကွ၊ ကာလ၊ ဒေသ၊ ပယောဂ ဆိုတာ တို့တွေအတွက် သင်ခန်းစာတွေက ရပြီးချင်း ရချင်းပဲ'

            အခြား တိရစ္ဆာန်အချို့ကလည်း ဝင်ပြောကြတယ်။ 'ဒါကြောင့် အလေ့အထ၊ သဘာဝ အနေအထိုင်မတူတဲ့သူတွေ အချင်းချင်း တစ်ဦးကိုတစ်ဦး အထင်မသေးစေချင်ဘူး။ ဟိုးတစ်ခါတုန်းက ခြင်္သေ့နဲ့ဖား ပြိုင်တာလေ။ တို့တွေအားလုံး သိကြတယ်နော်။ မှတ်မိကြတယ် မဟုတ်လား။ ခြင်္သေ့ကြီး သေသွားခဲ့တာလေ။ သူ့နေရာနဲ့သူဆိုတာ တို့အားလုံး သိထားရမယ်။ မခန့်လေးစား မလုပ်သင့်ဘူး'

            လိပ်တွေကတော့ အနိုင်ရလို့ ပျော်ရွှင်ဝမ်းသာပုံလည်း မရှိကြဘူး။ ပုံမှန်အတိုင်းပါပဲ။ ဒီပြိုင်ပွဲမှာ ယုန်ရေကူးတတ်ရင် သူတို့ကိုယ်သူတို့ ရှုံးမယ်ဆိုတာ သိပြီးသား။ ခုလို အနိုင်ရတာကို အရှုံးထဲက အနိုင်ရလို့ပဲ ထင်ကြတယ်။ ပန်းတိုင် အရင်ရောက်သွားတဲ့လိပ်ကိုလည်း အထင်မကြီးကြ။ သူတို့သိထားတာက ယုန် ရေမကူးတတ်လို့ အနိုင်ရတာ၊ ဒါပါပဲ။ တချို့ကတော့ လိပ်ကို အားရဝမ်းသာ ဂုဏ်ပြုပါတယ်။

            အနိုင်ရခဲ့တဲ့ လိပ်ကို တချို့ကလည်း လုံးဝ အထင်မကြီး။ လိပ်ကလည်း အနိုင်ရလို့ မော်ကြွားပလွှားမှု လုံးဝ မရှိ။ ခါတိုင်းလို ပုံမှန်ပဲ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်တယ်။ အခြားတိရစ္ဆာန်တွေက လိပ်ကို ဝိုင်းပြီး ချီးကျူး ဂုဏ်ပြုကြတဲ့အခါ လိပ်က...

            'မိတ်ဆွေတို့ ကျုပ်ဟာ ဒီပြိုင်ပွဲကို ပုံမှန်ယှဉ်ပြိုင်ရင် ရှုံးမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကျုပ် အနိုင်ရဖို့ အတွက် အမျိုးမျိုးစဉ်းစားပြီးမှ ပြိုင်တာပါ။ ဒီပြိုင်ပွဲကို ကျုပ် မတရားသဖြင့် အနိုင်မယူခဲ့ဘူးနော်။ ခင်ဗျားတို့ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ' စကားရပ်ပြီး ဆက်ပြောတာက 'ယုန်တွေပြောခဲ့တဲ့ စကားတွေထဲမှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ကျုပ်တို့သဘောအတိုင်း အချိန်မရွေး ပြိုင်မယ် ဆိုတာလေ'

            ကျန်တဲ့သူများ ငြိမ်ပြီး နားထောင်ကြတယ်။ 'ဒါဟာ ကျုပ်အတွက် အနိုင်ရဖို့ မဟာအခွင့်အရေးပါ။ ကျုပ်ကြိုက်တဲ့ အချိန်နေရာမှာ လုပ်ခွင့်ရလို့ အနိုင်ရခဲ့တာ။ ဒါ မာယာဆိုတဲ့ လှည့်စားခြင်း တစ်မျိုးပါပဲ။ ဒီမယ်... မိတ်ဆွေတို့ကို ကျုပ်တစ်ခုပြောမယ်။ လောကမှာ အောင်မြင်ကျော်ကြားပြီး အမြင့်ဆုံး တန်ဖိုးအရှိဆုံး နေရာတစ်ခုကိုရဖို့ အတွက် လောကသုံးပါးရဲ့ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ ဗုဒ္ခက အရည်အချင်းလေးပါးနဲ့ ပြည့်စုံရမယ်လို့ ဟောကြားခဲ့တယ်။

            'အဲဒါတွေက ဘာလဲဆိုတော့ ကာလသမ္ပတ္တိဆိုတဲ့ အချိန်အခါနဲ့ ပြည့်စုံခြင်း၊ ဂတိသမ္ပတ္တိ ဒေသအခြေအနေ ပြည့်စုံရမယ်။ ဥပသမ္ပတ္တိဆိုတဲ့ ကိုယ်ကိုယ်တိုင် ကာယဉာဏ ဝီရိယဇွဲလုံ့လနဲ့ ပင်ကို အရည်အသွေး ပြည့်စုံရမယ်။ နောက် ပယောဂသမ္ပတ္တိဆိုတဲ့ စီစဉ်ဆောင်ရွက်မှု ထိရောက်နေရမယ်။ ဒီအချက် လေးချက် ညီညွတ်ခဲ့ရင် အောင်မြင်မှု မုချရမယ်ဆိုတာ ကျုပ်ရဲ့ပြိုင်ပွဲက မိတ်ဆွေတို့ လက်တွေ့ကြုံခဲ့၊ မြင်ခဲ့ရပြီ မဟုတ်ပါလား'

            တိရစ္ဆာန်များက လိပ်ကို မှတ်ချက်တစ်စုံတစ်ရာ ပေးပြီး 'ဟုတ်ပါ့ဗျာ၊ အတုယူ မှတ်သားလောက်ပါတယ်။ ဒါဟာ လောကထဲမှာ ရှိနေကြတဲ့ သက်ရှိအားလုံးအတွက် ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင်ပါပဲ'

▀

ခွန်ချို ၊အင်္ဂပူ၊

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အလွဲများစွာရဲ့ဆုံမှတ်
စွမ်းရယော်ဓာ

ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး

ရွှေအသစ်
...
တတိယလူကိုမှန်သောမြား
ညီငယ်လေး

လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့

ရွှေအသစ်
...
မြစ်တစ်စင်နဲ့ ချစ်ခြင်းမေတ္တာ
ကိုကောင်းသော်၊ကျောက်ဆည်၊

ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော