ရသစာတမ်း

နွေဦးပေါက်ရွာကလေး

လေးကိုတင်

01 November 2026
နွေဦးပေါက်ရွာကလေး
Share to

၁။

            နွေဦးပေါက်ပြီဆိုလျှင် ကျွန်တော်သည် ရုံးရွာကလေးကို သတိရနေပါသည်။ ထိုအခါများတွင် ရွာရိပ်ဝန်းကျင်နှင့်အတူ ရွာသူရွာသားများကိုလည်း ပြန်လည် မြင်ယောင်လာသည်။ အကယ်၍ ကျွန်တော့်အနီး အနားတစ်ဝိုက်တွင် ရောင်စုံဆေးဘူးတစ်ဘူးနှင့် ပုံဆွဲစက္ကူတစ်ရွက်များ ရှိနေလျှင် အမှတ်မထင် ခဲတံကလေးဖြင့် ကောက်ကြောင်းကလေးများ ဆွဲခြစ်ရေးချပြီး ဆေးသားတွေတင်ကာ ရွာ၏ ရှုခင်းကားချပ်ကို စိတ်ရှိတိုင်း ရေးဆွဲနေမည် ဖြစ်ပါသည်။

            ခုတော့ ကျွန်တော့်မှာ ပြတင်းပေါက်နံဘေးတွင် ခြေစုံရပ်လျက်၊ နောက် ဆေးပေါ့လိပ်တိုကို လက်ကြားညှပ်လျက် နွေဦးပေါက်ရှုခင်း ကားချပ်ကြီးကို ငေးမောရီဝေစွာ ကြည့်နေမိလျက်သား ဖြစ်နေသည်။ အတွေးစိတ်ကူးတွေကလည်း ဇဝေဇဝါဖြစ်ကာ လေရူးတွေနောက် ရွက်ခြောက်တွေ လွင့်ပါသွားသလိုမျိုး ဟိုရောက်သည်ရောက် ဖြစ်နေပြန်သည်။ ခါတစ်ရံ လွမ်းမောဖွယ် ဥသြသံများကြားမှာ ကျွန်တော့်အာရုံတွေ ထွေပြားရာမှ ကျောက်ပန်းတောင်းနှင့် ရေနံချောင်းမြို့နယ်ကြားက ရုံးရွာကလေးဆီ ရောက်သွားတတ်သည်။ မြေနီသားများဖြင့် ခင်းကျင်းဝန်းရံထားသော အညာရွာကလေး။ ထနောင်းဆူးခက် တွေဖြင့် ခြံစည်းရိုးကာထားသော အညာရွာကလေး။ အပြာရောင် ကောင်းကင်အောက်ဝယ် စိမ်းညို့ညို့ တောတန်းကလေးများနှင့် ထန်းပင်၊ ထန်းရွက်၊ ထန်းလက်တွေ တဝေဝေ ဖြစ်နေသော အညာရွာကလေး။ ကျွန်တော် သတိရလိုက်ပုံများ ပြောရလျှင် အညာပြန်ရောက်နေသည်နှင့်တူပ။

            လွန်ခဲ့သော အနှစ် ၂ဝ လောက်က အညာဘုရား ဖူးသွားရာမှ မမျှော်လင့်ဘဲ ကျောက်ပန်းတောင်းမြို့ ရောက်သွားခဲ့သည်။ ထိုမှကျောက်ပန်းတောင်းသား သူငယ်ချင်းရှိရာ ရုံးရွာကလေးဆီ 'ထရေလာ' ခေါ် ထွန်စက်ခေါင်းဖြင့် လူစီးတွဲ ပက်လက်ကလေး ချိတ်ထားသော ထွန်စက်ကားကလေးပေါ် အညာသူ၊ အညာသားများနှင့် အတူလိုက်ပါသွားရသည်။ တဖုတ်ဖုတ်စက်သံနှင့် မောင်းနှင်နေသော ထရေလာပေါ်တွင် ကျွန်တော်သည် ရှေ့နောက်ဝဲယာကို ကြည့်ကာ လိုက်ပါလာရာ ထန်းတောတွေ စီရရီ၊ ဖုန်တွေ တသောသော၊ နီကြင်ကြင် ယာခင်းတွေ အနှံ့အပြား ဟိုမှာ သည်မှာ မြင်နေရသည်။ အလို ထနောင်းဆူးခက်တွေ ကြားအဖြတ် ခေါင်းတွေ ပုဝင်သွားကြပုံများ၊ ချိုင့်ဝှမ်းထဲ အကျ၊ ကုန်းကမူပေါ်အတက် လူတွေခမျာ ဆန်ကောထဲက ဆီးသီးများလို လူးလိမ့်သွား ကြပုံများအားလုံးကို ကျွန်တော် မှတ်မိနေသည်။

            ကျွန်တော် ရောက်သွားချိန်မှာ ဆောင်းလယ်လများ ဖြစ်နေ၍ အညာဆောင်း၏ ဒဏ်ကို ရိုးတွင်းချဉ်ဆီခိုက်အောင် ခံနေရသည်။ ရွာအရောက်တွင် 'နွေထနောင်း၊ ဆောင်းမန်ကျည်း' ဆိုသည့်အတိုင်း မေးဖျားချင်း ရိုက်နေအောင် ချမ်းနေခိုက် မန်ကျည်းပင်ကြီးအောက်မှာ အနွေးဓာတ်ရယူပုံကအစ အောက်မေ့စရာတွေနှင့် ရုံးရွာကလေး ဖြစ်ပါသည်။

□

            ၂။

            အရုဏ်ကျင်းစမှာပင် ကြက်တွန်သံ ကြားရသည်။ ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံလည်း ကြားရသည်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်မှာ ပခုက္ကူ ဖျင်ကြမ်းစောင်များ ကိုယ်စီဖြင့် ဒူးကွေး၍ မနွေးနွေးအောင် အိပ်စက်နေကြရသည်။ မိုးသောက်မလင်းနိုင်ဘု ဖြစ်နေကြရသည်။ အညာဆောင်း၏ သားကောင်များ ဖြစ်နေသည်။ နောက်တော့လည်း အိပ်ရာမှထ၍ မျက်နှာအသစ်မှာ ဆောင်းလေအေးအေး မြောက်လေသွေးခိုက် မေးချင်းရိုက်ကြပြန်သည်။ ပြီးမှ မနက်စောစောမှာပင် ရွာလူကြီး ဦးလေးသိန်းအိမ်သို့ ရောက်လာကြသည်။ နံနက်စောစော ထမင်းကြမ်းစားလေ့ရှိသော ရွာဓလေ့အတိုင်း ထမင်းကြမ်းစား၊ ရေနွေးသောက်နှင့် စကားစမြည် ပြောဖြစ်ကြလေသည်။ ဟင်းတွေ ကြည့်စမ်း။ ပဲပြားနှပ်၊ နှမ်းဖတ်ချဉ်သုပ်၊ အမဲခြောက်ကြော်၊ မြေပဲကြော် စုံလင်လှသည်။

            ကျွန်တော်တို့ ဆိုသည်မှာ သူငယ်ချင်း ကျောက်ပန်းတောင်းသား အောင်ဝင်း၊ ပြီးတော့ အောင်ဝင်းသူငယ်ချင်း နတ်မောက်သား သောင်းမြင့်တို့ ဖြစ်ကြလေသည်။ သူတို့သုံးယောက်မှာ ရုံးရွာတွဲဖက် အလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စာသင်အပြ လုပ်နေကြသော တွဲဖက် ကျောင်းဆရာများ ဖြစ်သည်။ တစ်တန်းလျှင် ကျောင်းသား ၁၄ ယောက်၊ ၁၅ ယောက်လောက်ရှိသော မူလတန်းနှင့် အလယ်တန်းများကို စာသင်နေကြရသည်။ ရွာဦးဘုန်းကြီးကျောင်း ပရိဝုဏ်ထဲတွင်ရှိသော ကျောင်းထဲ၌ အတန်းတွေခွဲ၍ စတုတ္ထတန်းအထိ တစ်သုတ်၊ နောက် ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ တစ်သုတ် နှစ်သုတ်ခွဲ၍ ဘာသာစုံ သင်ပြနေကြရသည်။ သောင်းမြင့်က ဒိုင်ခံတွဲဖက် ကျောင်းဆရာ၊ အောင်ဝင်းနှင့် ကျွန်တော်က ဧည့်သည်တော် တွဲဖက်ကျောင်းဆရာများ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်တွေကို ကိုယ်သန်ရာ ခွဲ၍ သင်ပြကြလေသည်။ မူလတန်းပြဆရာတစ်ယောက် ရှိသေးသည်။ သူက ရွာခံကျောင်းဆရာ။ ရွာခံတပည့်များနှင့် တခြားရွာမှ တပည့်များအပေါ် သြဇာရှိသူ။ စာသင်ရသည်ထက် ကလေးထိန်းရသည်က များသည်။ ကျောင်းအုပ်ဆရာမကြီးကတော့ အလယ်တန်းအားလုံးတွင် သင်္ချာပြသည်။ ကျောင်းအုပ်ချုပ်သည်။ အပျိုကြီး၊ ပုပ္ပါးသူ။ ကျောင်းဝင်းထဲတွင် တပည့်ကျောင်းသူများနှင့် အိမ်တစ်အိမ်ရ၍ နေနေသည်။

            မနက်စောစော ထမင်းစားသောက်ပြီးကြသော ကျွန်တော်တို့ သုံးယောက်သည် နံနက် ၉ နာရီထိုးတွင် ကျောင်းရောက်လာသည်။ ဆရာမကြီးက ခေါင်းလောင်းထိုးသည်။ ကျောင်းတက်ပြီ ဆိုပါတော့။ ကျွန်တော်တို့လည်း ကိုယ့်အတန်းကိုယ်ဝင်၊ တပည့်တွေ စာသင်နှင့်ဖြစ်သွားကြသည်။ မွန်းတည့် ၁၂ နာရီထိုးတော့ မုန့်စားလွှတ်သည်။ ရွာခံတပည့် ကျောင်းသူ၊ ကျောင်းသားတွေက ရွာထဲ ပြန်သွားကြပြီး နံနက်စာ ထမင်းစားကြသည်။ တခြားရွာမှ တပည့်တွေက ထမင်းချိုင့်ကိုယ်စီဖြင့် မန်ကျည်းပင်ကြီးအောက်ဝယ် ဝိုင်းဖွဲ့စားသောက်ကြသည်။

            ကျွန်တော်တို့ကတော့ ဦးလေးသိန်းအိမ် ပြန်သွားကြသည်။ ဦးလေးသိန်းဇနီး ဒေါ်လေးထိုက်မေ ချက်ပြုတ်ထားသော အညာထမင်းဝိုင်းတွင် ခေါင်းမဖော်ကြတော့ပေ။ ပြီးလျှင် ဦးလေးသိန်းနှင့် ဝိုင်းဖွဲ့စကားပြောရင်း ရေနွေးကြမ်းသောက်၊ ထန်းလျက်၊ လက်ဖက်မြည်းရင်း ပြည်တွင်းပြည်ပ ဗဟုသုတတွေ ပြောဖြစ်ကြသည်။ ဦးလေးသိန်းက အာဂရွာလူကြီး၊ စက်မှုသိပ္ပံခေတ်ကြီးကို သဘောကျသူ။ ယာခင်းများအလယ်တွင် နွားညို၊ နွားပြာတွေအစား ထွန်စက်များဖြင့် နေရာယူချင်သူ။ (သူက ရွာကောင်စီလူကြီး ဖြစ်ခဲ့၍ မြို့တွေပေါ်မှာ သင်တန်းတွေတက်ရင်း ရုရှားတို့၊ တရုတ်တို့ စက်မှုလယ်ယာတွေ အကြောင်း ဗဟုသုတအဖြစ် ရရှိခဲ့သူ) ရွာတွင် အကျိုးဆောင်လူကြီးလည်း ဖြစ်ပြီး ရွာထဲရှိ ကျောင်းသားလူငယ်များကို ပညာတတ်စေချင်သဖြင့် တွဲဖက်ကျောင်း ဝေယျာဝစ္စတွေကို လိုက်လံ လုပ်ဆောင်ပေးလေသည်။

            တစ်နေ့ ကျွန်တော်သည် စာသင်နေရင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်နေခိုက် 'ဟဲ့နွား' ဆိုကာ နွားငေါက်သံတစာစာ၊ နှင်တံတဖျတ်ဖျတ်နှင့် ရေစည်တိုက်လာသော အညာသူမလေးကို မြင်လေသည်။  အသားမည်းမည်း၊ ဆံပင်နက်နက်၊ နားသန်သီး တခါခါ၊ (တစ်ခါတစ်ရံ) မျက်နှာသုတ်ပဝါကြီး ခေါင်းမှာပေါင်းလျက် ရွာပြင်ထွက် ရေခပ်လာပြီး ကျောင်းဝင်းဘေးမှအဖြတ် မြင်နေကျ ရှုခင်းဖြစ်သည်။ လှည်းပေါ်တွင် သစ်သားရေစည်ပိုင်းတင်၊ နွားတစ်ရှဉ်းပြင်၊ နှင်တံကိုင်ကာ ရေစည်တိုက်လာသော အညာသူမလေးသည် ပိတ်အင်္ကျီထူထူနှင့် ဖျင်ကြမ်းထဘီ ဝတ်ထားသည်။ အညာနေ အညာလေဒဏ် နှစ်ထွေကို ခံနိုင်ရည်ရှိအောင် ဝတ်စားထားခြင်း ဖြစ်သည်။

            ကျွန်တော် စဉ်းစားကြည့်သည်။ တစ်ချိန်က ရွာသူမလေးမှာ ရွာဦးကျောင်းထွက် ကျောင်းသူမလေး ဖြစ်မည်။ မူလတန်း ပညာသင်အပြီး ကျောင်းထွက်ခဲ့မည်။ အိမ်မှာ နွားစာစဉ်း၊ ရေစည်တိုက်၊ ထင်းခွေ၊ မီးဖိုဆောင်ဝင်၊ ပြီးတော့ ယာထဲဆင်း၊ မြေပဲဆွတ်၊ နှမ်းစိုက်နှင့် အချိန်တန် ရည်းစားထားရင်း အိမ်ထောင်ကျခဲ့မည်။ နောက် သားသမီးတွေရမည်။ ကျွေးမွေးသုတ်သင်ပြီး ကျောင်းထားရဦးမည်။ အညာသူမလေး၏ ကိုယ်ရေးရာဇဝင်ကလေး ဖြစ်မည်။ ကျွန်တော်၏ စဉ်းစားခန်းရပ်ကာ အတန်းထဲမှ တပည့်များ မျက်နှာတွေ ကြည့်နေမိပြန်သည်။ ထိုမျက်နှာတွေထဲမှ ရွာစည်းရိုးကျော်ကာ မြို့ပေါ် ကတ္တရာလမ်းများပေါ် မည်သူတွေ ရောက်သွားမည်နည်း။ လက်ငါးချောင်း ပြည့်ပါ့မလား။ ကိစ္စမရှိ။ သိပ္ပံမောင်ဝ၏ ဆရာစော ကျောင်းဝလေးကို သတိရလိုက်လေသည်။

□

            ၃။

            ဆောင်းနှောင်းလေပြီ။ လေရူးတွေ ဝေ့ဝဲတိုက်ခတ်လာချေပြီ။ ယာခင်းတွေအလယ်မှာ ပဲခင်းတွေ၊ နှမ်းခင်းတွေ ငုပ်လျှိုးပျောက်ကွယ်သွားပြန်ပြီ။ နွေဦးကာလ မြူထချိန်ဖြစ်သွားသည်။

            တစ်ညနေ ရွာထဲက တပည့်တစ်ယောက်အိမ်တွင် ထန်းရည်ပွဲကလေး ဖြစ်သွားသည်။ အမြည်းတွေက စုံလှသည်။ ပဲကြော်ရွရွ၊ အမဲခြောက်ကြွပ်ကြွပ်၊ လက်ဖက်ဆီရွှဲရွှဲတို့ဖြင့် ထန်းရည်ခါးခါးကို တစ်ခွက်ချင်း ငှဲ့သောက်ကြရသည်။ နေကျော်ထန်းရည်များမှာ မြူအိုးထဲတွင် အချဉ်ပေါက်ကာ ခါးသက်သက်ဖြစ်နေလေသည်။ ကျွန်တော်တို့သည် ဆက်ရက်မင်း စည်းစိမ်ရကာ ကြက်သားကာလသားချက်ဖြင့် ညနေစာ ထမင်းစားလိုက်ကြတော့သည်။ ညရောက်လျှင်တော့ ထန်းရည် တန်ခိုးတွေ ပျောက်ပြီး စာကျက်ရန် ရောက်လာသော တပည့်တွေကို စာမေး စာထောက် လုပ်ရပြန်သည်။ စာမေးပွဲကြီး နီးပြီ။ စတုတ္ထတန်းနှင့် အဋ္ဌမတန်း တပည့်များကို အစိုးရစစ် စာမေးပွဲ ဖြေနိုင်ရန် ကြိုတင်ပြင်ဆင်ရသည်။ ညဘက်မို့ ရေနံဆီမီးခွက်နှင့် ဖယောင်းတိုင်တို့အစား ရေနံမြေနှင့်နီး၍ ဓာတ်ငွေ့ပိုက် မီးညှိပြီး ထတောက်လာသော အလင်းရောင်တို့ဖြင့် ဝိုင်းဖွဲ့ စာကျက်ကြရသည်။

             ရုံးရွာကလေးသည် ရေနံချောင်း၊ ကျောက်ပန်းတောင်းနှင့် နတ်မောက်မြို့နယ်၊ သုံးပွင့်ဆိုင် ရွာကလေးဖြစ်ရာ ရေနံချောင်းတစ်ဝိုက်မှ  ဓာတ်ငွေ့ပိုက်များ ရှိနေသည်။ ထိုပိုက်များတွင် အပေါက်ကလေးများရှိ၍ မီးညှိလိုက်ရာ အပြာရောင် မီးတောက်များ တဖြာဖြာနှင့် လင်းလက်သွားကြလေသည်။ ထိုထိုသော ဆောင်းညများဆိုလျှင် အနွေးဓာတ်တွေက တဝေဝေ ဖြစ်နေပြန်သည်။

            ဆောင်းအကုန် နွေအကူး စာမေးပွဲကြီးတွေ ရောက်ချိန်ဖြစ်သည်။ ရုံးရွာ တွဲဖက်အလယ်တန်းကျောင်း မှ အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသားတွေ ရွာမှ မြို့တက်ရန် အချိန်ကျလာသည်။ မြို့တက်စာမေးပွဲ ဖြေသွားမည့် မြင်ကွင်းမှာ ရုပ်ရှင်ကား ရိုက်နေသော မြင်ကွင်းဖြစ်နေသည်။

            အရုဏ်ကျင်းစမှာပင် ရွာမှ ကျောက်ပန်းတောင်းမြို့ သွားရမည့်ကျောင်းသူ၊ ကျောင်းသား နှစ်ဆယ် လောက်သည် အထုပ်အပိုးတွေ ကိုယ်စီနှင့် ရွာထိပ်စည်းရိုး တံခါးရှေ့ ရောက်နေကြသည်။ မြို့လိုက်မည့် ရွာခံ လူတချို့က ချက်ပြုတ်ကျွေးမွေးရန် အိုးခွက်တွေ၊ တောင်းတွေ၊ ထင်းစည်းတွေ ကိုယ်စီနှင့်။ ရွာလူကြီး ဦးလေးသိန်း၊ ဆရာမကြီးနှင့် ကျွန်တော်တို့ ဆရာသုံးယောက်မှာလည်း ကိုယ့်အလုပ်နှင့်ကိုယ်။ ရွာထိပ်တွင် စုရပ်နေကြသည်။ သိပ်မကြာပေ။ ထရေလာစက်တပ်လူစီးတွဲ ပက်လက်ကလေး ရောက်လာသည်။ ရွာထဲမှ ကျောင်းသူ၊ ကျောင်းသားများ၏ မိဘဆွေမျိုးတွေကလည်း မီးတုတ်တွေ တကိုင်ကိုင်နှင့် နှုတ်ဆက်ကြသည်။ မှာစရာရှိ မှာကြသည်။ ထရေလာစက်သံ တညံညံကြားဝယ် နှုတ်ဆက်သံတွေ လွင့်ပါးသွားတော့သည်။

            ရွာစည်းရိုးကိုကျော်၊ တောင်ကုန်းကမူပေါ်အတက် ဦးမော့သွားသော ထရေလာစက်ခေါင်းပေါ်တွင် ထိုင်နေကြသည့် ဆရာမကြီးနှင့် ကျွန်တော်တို့ ဆရာသုံးယောက်မှာ ရုံးရွာကလေးဆီ သမင်လည်ပြန် ပြိုင်တူကြည့် မိလိုက်ကြသည်။ ရောင်နီပျိုးစ ရုံးရွာကလေးသည် ပန်းနုရောင် ဇာပဝါခြုံထားရှာသည်။ နွေဦးကာလ နံနက်ခင်းက ဇာပဝါကို လှစ်ခနဲ ဆွဲချလိုက်ရာ ဝိုးတဝါးသာ မြင်နေရတော့သည်။ လေတစ်ချက်အဝှေ့တွင် တမာနံ့ သင်းသင်းက ပျံ့နှံ့ဝေ့ဝဲသွားသည်။ ထနောင်းနံ့လည်း လိုက်ပါဝေ့ဝဲလာသည်။ ကျွန်တော်တို့ စီးနင်းလာသော ထရေလာသည် မြေနီတောလမ်းပေါ်မှာ ပုရွက်ဆိတ်တစ်ကောင်လို သွားနေရှာ သည်။ ရုံးရွာကလေးသည် အဝေးတွင် ကျန်ရစ်ခဲ့သည်။

            မကြာခင် ရထားလမ်းဘေးမှ မင်းပုန်းတောင်၊ တောင်နီတောင် အမြင့်အမားကြီးတွေ လှမ်းမြင်နေရသဖြင့် နွေဦးပေါက် ရုံးရွာကလေး ပျောက်ကွယ်သွားတော့လေသည်။

▀

လေးကိုတင်

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရသစာတမ်း
...
ကဗျာဆရာကွယ်လွန်ခြင်း
အောင်ဝေး

ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ရသစာတမ်း
...
ဘဝရဲ့ သမားရိုးကျနေ့ရက်များထဲမှ ထိုတစ်နေ့
ဝင်းထွဋ်ဇော်

ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'

ရသစာတမ်း
...
ဝန်ချတောင်
မောင်ရင့်မာ ၊ကျောင်းကုန်း၊

အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်