ရွှေဝတ္ထုရှည် စ/ဆုံး

ပန်းပျိုးလက်သို့ ဆူးတစ်ချောင်း

ကိုလှိုင်ကြည်ဝင်း

01 November 2026
ပန်းပျိုးလက်သို့ ဆူးတစ်ချောင်း
Share to

တုန်ယင်သောလက်ဖြင့် ပတ်စာကို ကပ်လိုက်သည်။ နောက် ပတ်စာရေစာ ပြည့်ဝအောင် အသံညှိနေသည်။ သည်ပွဲဟာ သူ့အတွက်၊ သူ့ဘဝအတွက် အသက်တမျှ အရေးကြီးနေသည်မို့ တစ်ဆံချည်မျှင်မျှ အတိမ်းအစောင်း မခံနိုင်ပါ။ တစ်ဖန် ပတ်စာကို ရေဝအောင်ပေးရင်း စိတ်တိုင်းမကျမချင်း ပတ်လုံးကလေးများကို ဘယ်ညာကူးချည် အသံကို ထပ်ညှိပြန်သည်။

'တိန်...တိန်... ပူတိန် ပူတိန်'

            ကရောင်းရိုက်အပြီး တီးသွားသော ဝိုင်းတော်သားတို့၏ ကြေးသံ၊ နှဲသံ၊ မောင်းသံတို့အား ပတ်စာရေစာ စမ်းနေရင်းကနေ လက်ဖျားဖြင့် ပတ်ရင်း၊ ပတ်လယ်၊ ပတ်ဖျားမကျန် သံစဉ်ကိုက်အောင် နားအသိဖြင့် ညှိလိုက်သည်။ ပထမဆုံး ဆိုင်းပဏာမ တီးကွက်အပြီးတွင် ဝိုင်းတော်သားတို့ ခေတ္တမျှ ငြိမ်သက်သွားသည်။ ဝိုင်းတော်သားအားလုံး၏ အာရုံများက သူတို့၏ ဝိုင်းခေါင်းဆောင် ရွာစား စိန်မြင့်မောင်အပေါ်တွင် စုစည်းထားကြသည်။ စိန်မြင့်မောင်၏ လက်ဖျားဆီက ထွက်ပေါ်လာမည့် တီးကွက် ဂီတသံကို စောင့်နေကြသည်မှာ ဒိုင်လူကြီး၏ ပွဲစတင် ခရာမှုတ်သံကို နားစွင့်နေသည့် ဘောသမားနှယ် ရှိနေပေမည်။

            စိန်မြင့်မောင် တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ သည်နေ့ တီးရမှာက ယခင် တီးရိုးတီးစဉ် ရိုးရိုးဧည့်ခံ ဗလာဆိုင်းပွဲမဟုတ်။ အလှူအတန်းတွင် တီးနေကျ သာမန်ဆိုင်းဧည့်ခံ မဟုတ်။ တီးရမည့် အနေအထားကို ကြည့်စမ်းပါ။

            'ဆိုင်းပြိုင်' တဲ့။

            ဆိုင်းပြိုင် တီးရပြီဆိုကတည်းက သူနိုင်၊ ကိုယ်နိုင် အပြိုင်တီးရတော့မည်။

            'ဆိုင်းပြိုင် တီးသည်' ကို ကြားဖူးနားဝသာရှိပြီး မတွေ့မမြင်၊ မကြုံဖူးသူတို့အတွက် အထူးအဆန်းဖြစ်နေသောကြောင့် ပရိသတ်မှာ စည်ကားများပြားလှသည်။ ကွယ်ပျောက် တိမ်ကောစ ပြုနေသော ရိုးရာဓလေ့ကလေးတစ်ခု ပြန်လည်အသက်သွင်းခြင်းနှင့်အတူ လူသားနှစ်ယောက်၏ အတ္တမာန်မာန ပြိုင်ပွဲတစ်ခု ဆိုလိုက်သော် မမှားတန်ရာပေ။ ယခု အလှူရှင်က ပိုက်ဆံလည်းချမ်းသာ၊ မိတ်သင်္ဂဟ အပေါင်းအသင်းများလှသည်။ ရွာဆက်၊ မြို့ဆက် ဖြစ်သည်။ ရွာမှာ ယာချောင်းထန်းအပြင် မြို့ပေါ်မှာပဲ၊ နှမ်း၊ ထန်းလျက် အညာကုန်မျိုးစုံ ပွဲရုံထောင်ထားသည်။ အဝေးပြေးကားတစ်စီးနှင့် မြို့နှင့်ရွာ ဆွဲပြေးနေသော ဒိုင်နာတစ်စီး ရှိသည်။ ရှင်ဘုရင့်ပုဆိုး ပိုးချည်းဆိုသကဲ့သို့ပင် အရာရာ ပြည့်စုံကုံလုံကြွယ်ဝနေသူမို့ သူ၏အလှူကိုလည်း သာမန် လှူရိုးလှူစဉ်ထက် ထူးကာ ဆိုင်းပြိုင် ထည့်လှူခြင်းပင်။ 'ဆိုင်းပြိုင်' ထည့်ရာတွင်လည်း မြေလတ်အညာ၏ ထိတ်ထိတ်ကြဲ ဆိုင်းနှစ်ခု ဖြစ်သည့် တိုင်းကျက်သရေဆောင် ရွာစားစိန်မြင့်မောင်ဆိုင်းနှင့် ဆိုကရေးတီး ရွှေတံဆိပ် သုံးဆုရှင် လူငယ် မြင့်မောင်မောင်တို့၏ ဆိုင်းဖြစ်သည်။ ကိုယ့်ဂူနှင့် ဂူအောင်းနေသော ခြင်္သေ့နှစ်ကောင်တို့၏ တစ်ခုတည်းသော 'သရဖူလုပွဲ'မို့ အမှား မခံနိုင်သည့်ပွဲ ဖြစ်နေတော့သည်။

            စိန်မြင့်မောင်က သည်ဒေသတစ်ကြောတွင် ဆိုင်းဘုရင်အဖြစ် မင်းမူလာခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်၍ ငွေရတုပင် တိုင်တော့မည်။ စိန်မြင့်မောင်နုစဉ်က လျှမ်းလျှမ်းတောက် ခဲ့သကဲ့သို့ ယခုအချိန်ထိလည်း အရောင်မှိန်မသွားသေးပါ။ မြင့်မောင်မောင် ဆိုတာက တက်လူ။ နာမည် သတင်းမွှေးစ ပြုလာသည်မှာ တစ်နှစ်ကျော်ကျော်ပင် ရှိသေးသည်။ သို့သော် အချိန်နှင့်မမျှ စန်းက ကြီးလှသည်။ ယခုတစ်နှစ်စာ ပြည့်နေသည်သာမက နောင်ရာသီအကြိုအတွက်ပါ ဆိုင်းလက်ခံနေရသည့် အနေအထား။

            သည်တော့ စိန်မြင့်မောင် ရင်ခုန်နေပေပြီ။

            ဇရာကို သမ္ဘာဖြင့် ထိန်းရင်း သည်ပွဲကို နိုင်အောင် တီးရမည်မို့ စိန်မြင့်မောင်တစ်ယောက် ယခုမှ ပွဲစတင်တိုးရမည့် လက်သင်ဆိုင်းဆရာပေါက်စလေးအလား ရင်တွေ ထပ်ကာထပ်ကာ ခုန်နေမိသည်။

            ထိုရင်ခုန်သံနှင့်အတူ ...။

□

            'စည်းနဲ့ဝါး... စည်းနဲ့ဝါး... စည်းလေးလေး... ဝါးလေ့လေ့... စည်းနဲ့ဝါး... စည်းနဲ့ဝါး...'

            'အေးဟုတ်ပြီ၊ ဒါပေမယ့် အခြေခံညက်လို့ တီးပြီဆိုရင် ကြက်တူရွေးသံစဉ်နဲ့ မတီးနဲ့ကွ လူလေးရ။ ကြက်တူရွေးသံစဉ်ဆိုတာ ပုံစံခွက်ထဲကအတိုင်း သင်ပေးသလိုသာ တီးတာမျိုးကွ။ ကိုယ့်ရဲ့ရင်ထဲခံစားချက်ပါ ထည့်ပြီး တီးနိုင်မှ အောင်မြင်တဲ့ အနုပညာသမား ဖြစ်မှာ။ လူလေးကို အဖေ မျှော်လင့်တယ်ကွာ'

            စိန်မြင့်မောင်က စည်းဝါးကိုင်ရင်း သားတော်မောင်အား ပတ္တလားကို အခြေခံသင်ရိုးကစ၍ သင်ကြားပေးနေရင်းကနေ ပါးစပ်ကပါ ပညာပေးနေသည်။ သံစဉ်၊ ဂီတ၊ ရိုးရာယဉ်ကျေးမှုများနှင့် ရှေးဂီတ ဂန္ထဝင်ဆရာကြီးများအကြောင်းကိုပါ ပြောနေသည်။ ပြောဖြစ်သမျှတိုင်း သူ စံထားပါဝင်နေသော မပါမပြီး ပုဂ္ဂိုလ်နှစ်ယောက်ကတော့ ရွာစားကြီး စိန်ဗေဒါနှင့် ဆရာမြို့မငြိမ်းတို့ပင် ဖြစ်သည်။

            'ဆရာကြီး စိန်ဗေဒါ တော်တာလည်း မပြောနဲ့တော့ လူလေးရ။ ပြိုင်စရာ လူမရှိရင် သူ့ကိုယ်သူ ပြန်ပြိုင်နေတာလေ။ ဒီနေ့ စိန်ဗေဒါကို မနက်ဖြန် စိန်ဗေဒါက သာရမယ်ဆိုတဲ့ လူစားမျိုး မဟုတ်လား။ အေး... အနုပညာဆိုတာက အစပဲ ရှိတယ်။ အဆုံးမရှိတဲ့ ပညာလေ'

            စိန်မြင့်မောင်က အနုပညာအကြောင်း၊ ဆိုင်းလောကအကြောင်း၊ ဆရာ့ ဆရာ၊ ဆရာကြီးများ အကြောင်း ပြောရလျှင် မောသည်၊ ပန်းသည် မထင်တော့။ စိန်ဗေဒါကြီး၏ တီးလုံးတီးကွက်များကို အားလျှင် အားသလို တီးပြရင်း ပညာယူစေသည်။ နောက်ဆုံး အခြေခံသင်ရိုးကစ၍ မဟာဂီတအလယ် မြို့မငြိမ်း အဆုံးထိ နှံ့စပ်လှသည်။ သူ ဝမ်းစာရှိသလောက် စုဆောင်း မှတ်သားလေ့လာနာယူလာ ခဲ့သည်တို့ကို သားဖြစ်သူအား ဆရာစားမချန် ပြသပညာပေးသည်။

            'အေး... အနုပညာဆိုတာ အတုပညာ မဟုတ်ဘူး။ ရင်ထဲက ခံစားချက်ကိုပါ ထည့်ပြီး ဖန်တီးပြနိုင်ရင် အကောင်းဆုံးပဲ။ တကယ့် ပညာသည်အကြိုက် ရင်ထဲက တကယ်ခံစားပြီး ဖန်ဆင်းတဲ့ အနုပညာသာ ရေရှည်မှာ ကျန်ရစ်မယ်။ အဲ... အဖေတို့ ငယ်စဉ် ပြည်တော်သာ ခေတ်ကပေါ့ကွာ။ ဟိုနေရာ ကြည့်လည်း ပြည်တော်သာရမယ်၊ ဒီနေရာကြည့်လည်း ပြည်တော်သာရမယ် ဖြစ်နေ တဲ့အချိန်မှာ ခေတ်အကြိုက် ခေတ်အလိုက် အုပ်စိုးသူ မင်းအကြိုက်လိုက်ပြီး ဂီတပညာရှင်တွေ သီချင်းတွေ ရေးကြ၊ စပ်ကြပေါ့ကွာ။ ပေါ်လစီ သီချင်းဖြစ်တဲ့အပြင် နာမည်၊ ငွေကြေးလည်း ထိုက်ထိုက် တန်တန် ရမှာကိုး။ ရေးကြတဲ့ သီချင်းရေးဆရာဆိုတာ နည်းရော့လား။ အဲဒီအထဲမှာ ဆရာမြို့မငြိမ်းလည်း ပါသပေါ့ကွာ။ သူ့သီချင်းမှာ ပြည်တော်သာရမယ်ဆိုတဲ့ အကဲဖြတ်အကြိုက်၊ ပေါ်လစီ အကြိုက်၊ မင်းအကြိုက် မပါဘူး။ သူရေးတာက လူချွန်လူကောင်းတဲ့။ ဆုမရဘူး။ ဒါပေမယ့် ခုအချိန်ထိ ဒီသီချင်းဟာ ပျောက်မသွားဘူး။ ကွယ်မသွားဘူး။ ဆုရတဲ့ သီချင်းကတော့ ပြည်တော်သာခေတ်၊ ပြည်တော်သာ စီမံကိန်းနဲ့အတူ ချုပ်ငြိမ်းသွားပေမယ့် ဆရာ့သီချင်းကတော့ ရိုးမသွားဘူး။ ဟောင်းမသွားဘူး။ ဂန္ထဝင်ဖြစ်နေတယ်။ ဒီနေ့အထိသာမက ထာဝရ တည်နေမယ့် ဂန္ထဝင် အနုပညာပစ္စည်းပဲ။ အေး... ဂန္ထဝင်အနုပညာရှင်၊ အနုပညာပစ္စည်း ဖြစ်စေချင်ရင် အနုပညာ အရည်အသွေး မြင့်မားရုံနဲ့ မရဘူး။ အဓိက ရိုးသားရမယ်'

            စိန်မြင့်မောင်က ပြောရင်း မောသွားဟန်တူ၏။ အနားရှိ မီးသေနေသော ဒေသထွက် 'ပဒေသာ ဆေးပေါ့လိပ်'တိုကို ကောက်ကိုင်ရင်း သူ့လက်စွဲတော် ကြေးဝါမီးခြစ်အိုကြီးဖြင့် မီးညှိသည်။ စိန်မြင့်မောင်က ရှေးရိုးအစွဲသမား။ သူ့တပည့် တပန်းများက အကောင်းစား ဇစ်ပို (Zippo) မီးခြစ်၊ ဈေးကြီးသော ၅၅၅ စီးကရက်ဘူးတို့ဖြင့် ဝယ်ကန်တော့သည့်တိုင် သူ လက်မခံ။

            'ဟ...မောင်တွေရ၊ ဒီကြေးဝါ မီးခြစ်ကြီးကို အထင်မသေးနဲ့ကွ။ သက်တမ်းက မင်းတို့ဘိုးအေထက်တောင် ကြီးဦးမယ်။ ငါတို့ အဘိုးလက်ထက်ကတည်းက မီးခြစ်ကွ။ အဘိုးကလည်း သူ့အဖေဆီကတဲ့။ အဲသလို လက်ဆင့်ကမ်းလာတာ။ အရောင်မှိန်သလို ဖြစ်လာရင် မန်ကျည်းမှည့်ပျစ်ပျစ်ကလေးနဲ့သာ ပွတ်လိုက်။ အဲ... မင်းတို့ အခေါက်တို့၊ ဆယ့်ခြောက်ပဲရည်တို့တော့ သာတာပေါ့ကွာ။ နောက် သက်တမ်းသာကြာလာတာ ဆီ၊ ကျောက်သာ ကောင်းပါစေ။ ဝမ်းခြစ် ဝမ်းတောက်ပဲ။ ခြစ်ရ၊ ကိုင်ရတာလည်း အားရသဟေ့။ မင်းတို့ ကန်တော့တဲ့ ဟာတွေက ပေါ့သလို၊ ဟာသလိုနဲ့ ဘာလိုနေမှန်း မသိဘူး။ ဈေးကလည်း ကြီးဘိကွာ။ ပြန်သာယူသွားတော့။ မင်းတို့ စေတနာကိုတော့ ငါ အသိအမှတ်ပြုတယ်။ ငါ့အတွက် ဒီလောက်တန်ဖိုးကြီးတဲ့ဟာတွေက အလိုသုံး မဟုတ်ဘဲ အပိုသုံးဖြစ်နေတယ်။ တိုင်းခြားဖြစ်ကြေးကြီးတိုင်း မင်းတို့က တန်ဖိုးထား မြတ်နိုးဂုဏ်ယူကြတာကိုးကွ။ မင်းတို့ ညကြေးလေးက ဘာမှရတာ မဟုတ်ဘူး။ သားစာ၊ မယားစာ ပါအောင်သာ စုကြ၊ ဆောင်းကြကွာ။ ပြန်သာယူသွား။ မင်းတို့ လက်အုပ်ချီကန်တော့တာနဲ့ ဆရာသမားအပေါ် လေးစားကြည်ညိုတဲ့ သဒ္ဒါစိတ်ကိုပဲ ငါ လက်ခံလိုက်တယ်။ အေး... သာဓု... သာဓု...သာဓု။ အခုလို ဆရာသမားအပေါ် လေးစားကြည်ညို ရိုသေမာန်လျှော့ကန်တော့ရသော အကျိုးကြောင့် ငါ့တပည့်များသည် အဝေရာ ဟောတု ဘေးရန်မရှိကြပါစေနဲ့။ အဗျာပဇ္ဈာဟောတု သောက ကင်းဝေးငြိမ်းအေး နိုင်ပါစေ။ အနိင်္ဃာဟောတု ဆင်းရဲကင်းကြပါစေ။

            'သုခိအတ္တာနံ ပရိဟရန္တု၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းသောလိုအင်ဆန္ဒများကို ဝီရိယနှင့်တူသော အကျိုးနှင့်ထိုက်ညီစွာ ခံစားနိုင်ကြပါစေသတည်း'

            စိန်မြင့်မောင် ဆိုတာက အဲသည်လို စိန်မြင့်မောင်။ ရှေးရိုးသမား။ ကံဆိုတာ အလုပ်လို့ ခံယူထားတဲ့လူ။ တပည့်တွေ ဆုပေးတာတောင် 'ကောင်းသော လိုအင်ဆန္ဒများကို ဝီရိယနှင့် တူသော အကျိုးနှင့်ထိုက်ညီစွာ ခံစားနိုင်ကြစေသတည်း' တဲ့။ မလုပ်ဘဲနှင့် ပြည့်စေ၊ ရစေသတည်းဆိုပြီး ဆုပေး တတ်တဲ့သူ မဟုတ်ဘူး။

            သူကိုယ်တိုင်လည်း စိန်ဗေဒါကြီးကို အတုယူတယ်။ နံနက်မိုးလင်း မျက်လုံးပွင့်တာနဲ့ တူရိယာပစ္စည်း တစ်ခုခု တီးခေါက်လိုက်ရမှ ကျေနပ်တဲ့သူ။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုတဲ့ အနုပညာ ပစ္စည်းမှန်သမျှ မသိမတတ် မရှိအောင် လေ့လာတယ်။ သင်ယူတယ်။ သဟာကြောင့်လည်း စိန်မြင့်မောင်ဆိုတာ သည်နယ်မှာတော့ ဆိုင်းဘုရင် တစ်ဆူပင် ဖြစ်ခဲ့သည်။ သူ့သားတော်မောင်ကိုလည်း သူကဲ့သို့ပင် ဖြစ်စေချင်သည်။ နောက်ဆုံး အတိဇာတသား တစ်ယောက် ဖြစ်စေလိုလှသည်။

            'အေး... ဘယ်အလုပ်ကိုပဲ လုပ်လုပ် ယောင်ဝါးဝါး မလုပ်နဲ့။ အောက်ခြေက စလုပ်။ အခြေခံနိုင်အောင်လုပ်။ အောက်ခြေက မစရင် မရဘူး'

            သည်မှာတင် စိန်မြင့်မောင်စကားကို အနားတွင် ရှိနေသူ လက်ရင်းတပည့် ဆိုင်းနောက်ထ ပေါ်လာက 'ဆရာကလည်း ဘယ်အလုပ် မဆိုအောက်ခြေက စလုပ်ဆိုတာ သေချာရဲ့လား။ ဒီလိုဆိုရင် အိမ်သာကျင်းတူးတာ ကျတော့ရော ဆရာ'ဟု ဝင်နောက်သည်။

            စိန်မြင့်မောင်က သူ စကားကောင်းကောင်း ပြောနေစဉ် ဝင်နောက်ရမလားဟု ဒေါပွကာ အနားတွင်ရှိနေသော ပစ္စည်းနှင့် ဆွဲပစ်လိုက်သည်။ ပန်းကန်ပြားပျံအလား ပျံသန်းလာသော 'လင်းကွင်းပျံ'ကြောင့် ပေါ်လာတစ်ယောက် နောက်ကျတဲ့ခြေထောက် သစ္စာဖောက် လုပ်နိုင်၍သာ ကံကောင်းသွားသည်။

□

            မြင့်မောင်မောင်ဆိုတာက စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်တို့၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည်။ ဘမျိုးဘိုးတူသာမက အဖေတူသား ပီသလှသည်။ အဖေ၏ အတီးပညာနှင့် အမေ၏ အဆိုပညာတို့ကို ခြေရာ ထပ်ချပ်မကွာ နင်းနိုင်သည်။

            စိန်မြင့်မောင်က ရွာစားကြီး စိန်မြမောင်၏ သားဖြစ်သကဲ့သို့ ပန်တျာသဇင်မြင့်ကလည်း ရှေးနာမည်ကြီး အငြိမ့်မင်းသမီး သြဘာစိန်၏ သမီးဖြစ်သည်။ စိန်မြမောင်တစ်ခေတ်၊ သြဘာစိန် တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူများ ဖြစ်သည်။ အနုပညာ ရေစီးကြောင်းသည် မြင့်မောင်မောင်လေးအထိ ရေသေမဟုတ်ဘဲ အရှိန်ကောင်းစွာ စီးနေဆဲပင်။

            စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်တို့ နဖူးစာ ဂဟေဆက် ဇာတ်လမ်းကလေးကလည်း ရိုးရိုးကလေးပင်။ ပန်တျာသဇင်မြင့်က ပန်တျာကျောင်းဆင်း၊ ကျောက်ပန်းတောင်းသူ။ ရှေးနာမည်ကြီး မင်းသမီး သြဘာစိန်၏သမီး ပီပီ အနုပညာရေသောက်မြစ်က ရှင်သန်ကြီးထွားပြီးသား ဖြစ်သည်။ မင်းသမီးတို့ တတ်အပ်သော ပညာမှန်သမျှ ပြီးပြည့်စုံသူပီပီ ပန်တျာကျောင်းဆင်းအပြီး ဇာတ်ကြီး တစ်ဇာတ်တွင် သုံးနှစ်လိုက် ဖူးသည်။ ပြဇာတ်ရော နောက်ပိုင်းပါ ပန်တျာသဇင်မြင့်က နာမည်ထွက်လာ သည်။ နောက် မြေလတ်ဗလာဇာတ်လောကတွင် ခေါင်းဆောင်မင်းသမီးအဖြစ် လျှမ်းလျှမ်းတောက်နေဆဲကာလ မိခင်ဖြစ်သူ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်လောကမှ ခေတ္တအနားယူကာ ဘိသိက်မင်းသမီးအဖြစ် လုပ်ခဲ့သည်။ ဘိသိက်မင်းသမီးဘဝမှာပင် ဧယင်ကျူး မင်းသမီးအဖြစ်ပါ ထင်ရှားလာသည်။ ဘိသိက်နှင့် ဧယင်ကျူး မင်းသမီးဘဝက ဇာတ်မင်းသမီး၊ အငြိမ့်မင်း သမီးဘဝထက် များစွာလွတ်လပ် သက်သာသည့်အပြင် ငွေကလည်း နာမည်ရလာ သည်နှင့်အမျှ ဝင်လာမစဲ၊ တသဲသဲ ဆိုသကဲ့သို့ ဖြစ်လာသည်။ နာမည်ကြီးဆိုင်းဆရာနှင့် နာမည်ကြီး ဘိသိက် မင်းသမီးတို့ တစ်ခုသော အလှူတွင် ဆုံတွေ့ရင်း ဇာတ်ပန္နက်ရိုက်ခဲ့ရာကစ၍ နောက်သုံးလေးပွဲ အပြီးမှာတော့ ဇာတ်ပေါင်းခန်း ဖွင့်ကြလေသတည်း ဖြစ်ခဲ့သည်။

            စိန်မြင့်မောင်နှင့်ရအပြီး ဆိုင်းအဆိုတော်ဘဝသို့ ကူးခဲ့ရပြန်သည်။ အိမ်ထောင်သက် ဆယ်နှစ်အကျော်မှာတော့ သားလေးမြင့်မောင်မောင်ပင် ရှစ်နှစ်ပြည့်ပြီးခဲ့လေပြီ။ 'တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး' ဆိုသကဲ့သို့ ဆိုင်းဗုံ၊ ပတ်သံအကြား သံစဉ်များနှင့် ကြီးပြင်းခဲ့ရသူပီပီ ငယ်ငယ်ကတည်းက 'ဇကလေး' ပြခဲ့သည်။ ငါးနှစ်သားလောက်မှာပင် ပတ္တလားကို နိုင်နင်းစွာ ဆော့ကစားလာခဲ့သည်။ ကျောင်းအားရက်နှင့် တိုက်ဆိုင်ပါက အဖေနှင့်အတူ ဆိုင်းပွဲလိုက်သည်။ ခုနစ်နှစ်သားလောက်တွင် ဝိုင်းထဲမှာ လူရိုသေ၊ ရှင်ရိုသေဖြစ်အောင် တီးနိုင်နေပြီ။ အခြေခံသင်ရိုးမှစ၍ ကြီးလာရသူပီပီ မောင်း၊ ကြေးဝိုင်း စထိုင်ရင်း ရှေ့ပြေး ဧည့်ခံဆိုင်းဝိုင်း ထိုင်ခွင့်ပါရလာသည်။ ပရိသတ်ကလည်း ပွဲကျ သဘောကျသည်။ အလှူပွဲချီတွေက စိပ်သထက် စိပ်လာသည်။

            နောင် တစ်နှစ်စောင့်ချင် စောင့်ရပါစေ။ စိန်မြင့်မောင် ဆိုင်းရမှသာလျှင် လှူမည်ဆိုသော အလှူရှင်တွေက များလာခဲ့သည်။

            'တစ်မိပေါက် တစ်ယောက်ထွန်း'တဲ့။

            တကယ့်ကို တစ်ယောက်ထွန်းဆိုရလောက်အောင်လည်း စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်မှာ သားကလေး မြင့်မောင်မောင် တစ်ယောက်သာ ထွန်းကားခဲ့သည်။ ထိုတစ်ယောက်တည်းသော သားဖြစ်သည့် မြင့်မောင်မောင်ကလည်း တစ်ယောက်ထွန်း ပီသခဲ့သည်။ အဖေ့လက်ကျလက်နအပြင် အမေ့ရဲ့အဆိုအမွေကိုပါ ကောင်းကောင်းရသည်။ အလှူပွဲ၌ ဧည့်ခံဆိုင်းတီးရာတွင် ပရိသတ်အကြိုက်ဆုံး၊ ပွဲအတောင်းခံရဆုံးက သားအမိ၊ သားအဖ သုံးယောက်၏ 'ဂီတတြိဂံ'ပင် ဖြစ် သည်။

            ဆိုင်း၊ မောင်း၊ အဆို သုံးပါးတွင် မြိုင်ဆိုင်လှသော နောက်ထများကြောင့် ပွဲကလေးမှာ အသက်ဝင်လာသကဲ့သို့ ကြည်နူးစရာ ကောင်းလှလွန်းသည်။ ပန်တျာသဇင်မြင့်၏ အဆိုအကြားတွင် သားအဖနှစ်ယောက် ဆိုင်းနှင့်မောင်း အပြိုင်နွှဲကြသည်။ အဆိုကို ဆိုင်းနှင့် စိန်မြင့်မောင်က လက်ကွက်မကျန် သံစဉ်၊ ဂီတ ပီသစွာ တီးနိုင်သလို မြင့်မောင်မောင်ကလည်း မောင်းနှင့်အပီအပြင် ဘဝင်ခိုက်အောင် တီးပြနိုင်သည်။ အတီးနှင့်အဆို၊ အဆိုနှင့် အတီးအကြား တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလူးအထပ်၊ အကွန့်အညွန့်၊ အလှိမ့်အဆွဲများကြားတွင် မောင်းသံစဉ်၊ ဆိုင်းသံစဉ်များက ပရိသတ်ကို ကောင်းကောင်းကြီး ဖမ်းစားနိုင်ခဲ့သည်။ အတီးရှေ့ကပြေးသော် အဆိုက အမီလိုက်နိုင်သကဲ့သို့ အဆိုရှေ့က သွားသော် အတီးက မကျန်စေရမို့ လက်ခုပ်သံက တဖြောင်းဖြောင်း ပင်။ အဆိုအတီးအကြား တဝါးဝါးနှင့် ပွဲကျစေသူများကတော့ စိန်မြင့်မောင်၏ ငယ်မွေးခြံပေါက် ဆိုင်းနောက်ထ နှစ်ယောက်ဖြစ်သည့် ပေါ်လာနှင့် ဆိုရှယ်တို့ပင် ဖြစ်သည်။ အသက်ကလည်း နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ နှစ်ယောက်စလုံး သူတို့အမေတွေက လူရွှင်တော်လုပ်စားဖို့ မွေးပေးလိုက်သည်ဟု ပြောယူရလောက်အောင်ပင် ပါးစပ်မဟခင်ကတည်းက ပရိသတ် ရယ်ရပြီးသား ရုပ်တွေဖြစ်သည်။ ဆိုရှယ်က အတည်ပေါက်ပြက်လုံးမှာ ကောင်းသလို ကျပန်းကောက် ပြက်လုံးတွေမှာ ကောင်းလှသည်။ စိန်မြင့်မောင်ဆိုတာကလည်း အသက်အစိတ်ကျော်ဝန်းကျင်။ လူက ညိုချော၊ မျက်ခုံး၊ မျက်လုံး၊ ကိုယ်နေဟန် အရပ်အမောင်းကအစ ပြောစရာ မရှိ။ ဆိုင်းဆရာမလုပ်ဘဲ မင်းသားလုပ်စားလျှင်ပင် ရနိုင်သည်။ အထူးခြားဆုံးကတော့ မျက်လုံးများဖြင့် ရယ်ပြနိုင်ခြင်းပင်။ သူ့မိန်းမ ပန်တျာသဇင်မြင့် မနာလို အူတိုရလောက်အောင်ပင် မိန်းကလေး ပရိသတ် အခိုင်အမာရှိသည်။ စိန်မြင့်မောင် ဧည့်ခံဆိုင်းတီးပြီဆိုလျှင် ဆိုင်းရှေ့ဖျား နှစ်ဖျာ၊ သုံးဖျာလောက်တွင် မိန်းမပရိသတ်က အပြည့်။

            သည်လိုပါပဲလေ။ ပန်တျာသဇင်မြင့်ရဲ့ ပုရိသ ပရိသတ်ကလည်း စိန်မြင့်မောင်ထက် မသာတောင် မနည်းလှပေ။ ကျောက်ပန်းတောင်းသူ ဖြစ်သော်လည်း အသားက ဖြူစင်ဝင်းလဲ့၍ တင်၊ ရင်၊ ခါး အလုံးအထည်ကအစ မယ်ဗမာ၊ မယ်ဒဂုံ အလား ဝင့်ကြွားလှသည်။ ဇာတ်အငြိမ့်လောက,ကလာ သူပီပီ ပန်တျာသဇင်မြင့်၏ အကြည့်တစ်ချက်အကြားတွင် အသက်ရှူမှားသွားသူတွေ ဒုနှင့်ဒေးပင်။ သည်လို အဖေနှင့် အမေ၏ အလှတို့ စုဝေးရာ မြင့်မောင်မောင်၏ ပရိသတ်ကလည်း မနည်းလှပေ။

            အလှူ၊ မင်္ဂလာပွဲတို့၏ ဆိုင်းဧည့်ခံည။

            ပန်တျာသဇင်မြင့်၏ အဆို၊ ရွာစားစိန်မြင့်မောင်၏ ဆိုင်းလက်သံ၊ မြင့်မောင်မောင်၏ မောင်းဆိုင်းတူရိယာ သံတို့သည် မြူးကြွပေစွတကား။

□

            'ဆိုရှယ်'

            'ဘာတုန်းကွ ပေါ်လာရ'

            'ဟောဒီ အလှူမင်္ဂလာပွဲကြီးမှာ အလှူရှင်၊ အလှူ့အစ်မတို့ရဲ့ တောင်းဆိုချက်အရ ဂီတတြိဂံဆိုတဲ့ အစီအစဉ်လေး စကြရအောင်လားကွာ။ ပန်တျာသဇင်မြင့်ရဲ့အဆို၊ ရွာစားဆရာစိန်မြင့်မောင်ရဲ့ ဆိုင်းလက်သံ အဲ... သူတို့ရဲ့ရင်သွေး ထွန်းသစ်စ မြင့်မောင်မောင်တို့ရဲ့ မောင်းလက်သံ သောင်းထိုက်ကျော် လျှံတက် အထက်ဘဝဂ်အထိ လွှင့်ပျံကြပါစို့'

            အဲသည်လို စလိုက်ပြီဆိုကတည်းက ပရိသတ်က လှုပ်လာသည်။ ပြီး ငြိမ်လာသည်။ ထို့နောက် မဏ္ဍပ်အတွင်းမှာ များလာသည်။ ဆိုင်းနောက်ထ ပေါ်လာနှင့် ဆိုရှယ်တို့က အပြောဖြင့် ပရိသတ်ကို ဖမ်းစားထားသည်။

            'ကဲ...ကဲ... ပရိသတ်ကလည်း မျှော်တော်ဇောနဲ့ မောလှပြီကွာ။ ဂီတတြိဂံ ဆိုရာမှာလည်း သုံးနားညီ ဂီတ တြိဂံဆိုရင် ပိုလို့တောင် လိုက်ဖက်လိမ့်မယ်။ ဟောဒီ အလှူပွဲကြီးမှာ စိန်မြင့်မောင်နဲ့ သူ့ရင်သွေး မြင့်မောင်မောင်တို့က ဆိုင်းနဲ့မောင်း၊ မောင်းနဲ့ဆိုင်း ဟတ်ဖ်တိုင်းမပေးဘဲ အပြိုင်နွှဲကြပါတော့မယ်။ အဲဒီလို ဆိုင်းနဲ့မောင်း၊ မောင်းနဲ့ဆိုင်း ပြိုင်ပွဲမှာ ကျွန်တော့်မိန်းမက ကျွန်တော့်မိန်းမက...'

            ပေါ်လာက ထိုနေရာတွင် စကားဖြတ်ထားသည်မို့ ဝိုင်းထဲက စိန်မြင့်မောင်က ပေါ်လာကို မျက်စောင်းထိုးကြည့်ပုံကို ပရိသတ်က ပတ်တုတ်မရအောင် ပွဲကျသွားသည်။ စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်ဆိုတာ လင်မယားမှန်း သည်နယ်တစ်ကြောက သိပြီးသားမို့ ဖြစ်သည်။

            'ဆိုင်းဆရာရယ်၊ ရွာစားရယ် ဆုံးအောင် နားထောင်တော်မူပါဦး။ ကျွန်တော့်စကား မဆုံးသေးပါ ဘူး။ ဆရာနဲ့ ဆရာ့ရင်သွေး မြင့်မောင်မောင်တို့ မောင်းနဲ့ဆိုင်း၊ ဆိုင်းနဲ့မောင်းအပြိုင် တီးကြမယ့်ပွဲမှာ ကျွန်တော့် မိန်းမက ဆိုင်းဆရာဝိုင်းရှေ့နားက ကပ်ကြည့်ချင်လို့ပါ။ ပန်တျာသဇင်မြင့်ကိုလည်း အနီးကပ် မြင်ချင်တာကိုး။ သွပ်ပြားပြောတာကိုတော့ ဆုံးအောင် နားမထောင်ဘူး။ ဒေါနချည်းပဲ။ ဟင့်... လူကြီးကိုက'

            ပေါ်လာက တောင်ရှည်ကို မိန်းမဟန်ဆွဲ၍ ညာလက်ဖြင့် ဆံပင်ကိုသပ်ရင်း နှာသံ ပါပါ ကြာအမူအယာဖြင့် ပြောလိုက်သောကြောင့် ပို၍ ပွဲကျသွားပြန်သည်။

            'ဟေ့ကောင်... ပေါ်လာ၊ ဒီမှာ ပရိသတ်ကလည်း မျှော်လှပြီ။ လူတွေ အလုပ်လုပ်တော့မလို့'

            ဆိုရှယ်၏ လေသံမာမာ ပြောလိုက်သံကြောင့် ပရိသတ် ကြောင်သွားခိုက် ပေါ်လာက 'ကိန်...ကိန်'ဟု ခွေးသံလုပ်ပြလိုက်ရာ မဏ္ဍပ်အတွင်း ဝါးခနဲ အသံက လွှမ်းသွားပြန်သည်။ ပေါ်လာနှင့် ဆိုရှယ်ဆိုတာက ထိုကဲ့သို့ အထာကျပြီးသား၊ အတွဲအစပ်မိပြီးသားမို့ နှပ်ပြီးသား ဇယန်းလက်ဖက်ကဲ့သို့ အိနေသည်။

            'ကဲ...ကဲ ပေါ်လာရာ၊ ဒီလောက်အူရ၊ ဟောင်ရ တော်ရောပေါ့။ ကဲ..ပရိသတ်ကြီးခင်ဗျား၊ ရွာစားစိန်မြင့်မောင်ရဲ့ သားတော်မောင် မြင့်မောင်မောင်တို့ ဆိုင်းနဲ့မောင်း အပြိုင်တီးကြမယ့်ပွဲမှာ ကျွန်တော့်ချစ်ချစ် အဲ... ယောင်လို့ ကန်တော့နော် ရွာစား။ ပန်တျာသဇင်မြင့်က ဒိုင်လူကြီးလုပ်မယ်။ ဒိုင်လူကြီး ပန်တျာသဇင်မြင့်ရဲ့အဆိုမှာ အပိုမပါစေရပါဘူး။ အဆိုနဲ့သံစဉ်ကိုက် အတီးက လိုက်နိုင်ရပါမယ်။ အဆို အတီးမှာ ဘယ်လိုခရီးဆက်ကြပါလိမ့်။ ဒီပြိုင်ပွဲမှာ ငါက ရွာစားစိန်မြင့်မောင်ဘက်က နေမယ်။ မင်းက မြင့်မောင်မောင်ဘက်ကနေပြီး လောင်းကြေး ထပ်ကြစို့လား'

            'ဘယ်လို လောင်းကြေးများပါလိမ့်'

            ဆိုရှယ်စကားကို ကာရန် အလိုက်သင့် ပေါ်လာက ဝင်ထောက်လိုက်သည်။

            'ငါ့ဆရာ ရွာစား စိန်မြင့်မောင်က နိုင်ရင် မင်းနှမ ငါ့ပေး'

            'အေး... ငါက ရှုံးတာကိုး။ ယူစေဗျား'

            'တကယ်လို့ ရွာစား စိန်မြင့်မောင်က ရှုံးခဲ့ရင် မင်းကြီးတော်ကြီး ငါယူလိုက်မယ်'

            'ဘယ်လို၊ ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာ အိုဗျ... စဉ်းစဉ်းစားစားကလေးလည်း ပြောစမ်းပါဦး။ နင့်ဘက်က တော်တော်နာသွားပါဦးမယ် ဆိုရှယ်ရယ်'

            'အလကား စတာပါကွာ။ ကဲ...ကဲ... ရှုံးတဲ့သူ နှမပေးကြေးမို့ သားလေးဆိုပြီးလည်း မညှာလိုက်ပါနဲ့ ဆရာစိန်မြင့်မောင်။ ဆရာ့ဘက်က ကျွန်တော် လောင်းကြေးထပ်ထားတာမို့ ပန်တျာသဇင်မြင့်ရဲ့ တေးသွားကို အပြေးအလွှားလေး ဆရာ လိုက်ပြစမ်းပါဦး ခင်ဗျာ'

            ပြောပြောဆိုဆို ဆိုရှယ်က ဝါးလက်ကို မြူးမြူးကြွကြွကိုင်ရင်း စည်းဝါးတေး ချက်အလိုက် ဝါးလိုက်ရိုက်ကာ အားပေးသည်။ အဆိုနှင့် အတီးက တစ်ထပ်တည်း ကျသလို စိန်မြင့်မောင်၏ လက်ကျလက်နက ပီပြင်လှသည်။ အဆိုအတီးတစ်ကျော့ပြီးအသွားတွင် ဆိုရှယ်က ဝါးလက်ကို ထမ်းကာ အောင်နိုင်ဝင့်ကြွားသော အမူအရာဖြင့် ကိုင်း...ဘာတတ်နိုင်တုန်းဟူသော ပုံစံဂိုက်ပေးနေ သည်ကို ပရိသတ်က ဘဝင်ခွေ့နေသည်။

            'ဒီလောက်ကလေးနဲ့ ဘဝင်လေဟပ်မနေပါနဲ့။ ကဲ... ကဲ... မြင့်မောင်မောင် ကလေးရေ... ဂီတသွေးတွေ အပီပြ၊ ငါ့အဖေကွဆိုပြီးလည်း မညှာနဲ့။ လာခဲ့ဟေ့... စိန်ခေါ်၊ တိမ်ပေါ်ကို ခုန်တက် ပြလိုက်စမ်းကွာ'

            သည်တစ်ခါမှာတော့ မြင့်မောင်မောင်၏ မောင်းလက်သံနှင့် ပန်တျာသဇင်မြင့်တို့၏ ဆိုတီးအလှည့်ဖြစ်သည်။ အတီးနှင့် အဆိုတို့သည် စည်းကိုက်ဝါးကိုက် အပိုလိုမရှိ ကွက်တိပင် ဖြစ်သည်။ နောက်တစ်ကျော့တွင်မူ ပန်တျာသဇင်မြင့်၏ အဆိုကို မောင်းနှင့်ဆိုင်း အပြိုင်တီးသည်။ မောင်းရှေ့က ပြေးသော် ဆိုင်းနောက်က လိုက်သည်။ ဆိုင်းရှေ့က ပြေးသော် မောင်းက မီအောင်လိုက်သည်။

            အဆို၊ ဆိုင်း၊ မောင်း အကြား အပြေးအလွှား ကစားနေသော သံစဉ်ဂီတအကြားတွင် ပရိသတ်က တငြိမ့်ငြိမ့်၊ တသိမ့်သိမ့်။ အားရကျေနပ် နှစ်သိမ့်ကြည်နူးခြင်းနှင့်အတူ တိုင်ပင်မထားသော လက်ခုပ်သံက တဖြောင်းဖြောင်း။ အပီ အပြင်၊ အပြိုင်အဆိုင် သားအဖနှစ်ယောက် နင်လား၊ ငါလား တီးနေသည်မို့ မီးစပေါ့လိုက်အောက်၌ မျက်နှာပြင်ပေါ်က ချွေးသီးချွေးပေါက်များကိုပင် မြင်နေရသည်။ နောက်ထနှစ်ယောက်ကလည်း သူ့ဘက်ကိုယ့်ဘက် ဝါးလက်ကို မြူးကြွစွာ ရိုက်ရင်း အားပေးနေသည်မှာ အားရတက်ကြွစရာပင်။ ပရိသတ်ကလည်း အပြိုင်အဆိုင် အားပေးဆုချကြသည်။ နောက်ဆုံး အလှူရှင် အလှူ့မကိုယ်တိုင် တစ်ဖက်စီက နေ၍ အားပေးဆုချနေသည်မို့ မဏ္ဍပ်အတွင်း စည်ကားသိုက်မြိုက် ဆူညံလှပ နေပေသည်။

            ဆိုင်းနောက်ထ နှစ်ယောက်ကလည်း အားကျ မခံပင်။

            'ရွာစားရေ... လျှော့တော့ မတီးလိုက်ပါနဲ့ဗျာ။ ဆရာရေ... ဆရာက ငါ အဖေကွဆိုပြီး အလျှော့ပေးရင် အိမ်က နှမလေး ခွေးနဲ့ပေးစားရမှာမို့ ချွေးနဲ့ ကြိုးစားလိုက်ပါဦး'

            ထိုကဲ့သို့ တစ်နည်း။

            'ကိုင်းကိုင်း... ကလေးရေ... မြင့်မောင်မောင် ကလေးရေ... အဖေဆိုတာ ဘေးချိတ်၊ ဟိုကောင့် နှမလေးနဲ့ ပြေးအိပ်နိုင်ဖို့ မင်းမောင်းသံဂီတ ပီပီသသ၊ ကြည်ကြည်မြမြလေး လုပ်ပြလိုက်ပါဦး ကလေးရေ'

            ဤသို့ တစ်သွယ် အားပေးရင်း ပွဲပြီးသော်လည်း မီး မသေဘဲ ကျန်ခဲ့သည်က စိန်မြင့်မောင်၊ ပန်တျာတင်တင်မြင့်၊ မြင့်မောင်မောင်တို့ရဲ့ ဂီတတြိဂံပြိုင်ပွဲကလေးပင်။

□

            မြင့်မောင်မောင်၏ စန်းက မြင့်သထက် မြင့်လာသည်။

            ကျောင်းနေစဉ် အာစရိယပူဇော်ပွဲ၊ ပညာရည်ချွန် ဆုပေးပွဲ၊ မိဘဆရာ ကျောင်းသား စုံညီပွဲတော် ဘာပွဲတွေလုပ်လုပ် မြင့်မောင်မောင် မပါလျှင် မပြီး၊ သူပါမှသာ ပွဲကစည်ခဲ့သည်။

            ဆိုကရေးတီး ပြိုင်ပွဲတွင် ကျောင်း၊ မြို့နယ်၊ တိုင်းမှတစ်ဆင့် ဗဟိုအထိ တက်လှမ်းကာ ရွှေတံဆိပ် သုံးဆုရှင် ဖြစ်လာခဲ့သည်။ အဋ္ဌမတန်း အောင်ပြီးသောအခါ ပွဲချီစိပ်လာသည်မို့ ပညာရေး လမ်းစကို ဖြတ်ကာ အနုပညာဘက်သို့ လုံးလုံးလျားလျား ကူးရင်း ဖခင်နှင့်အတူ ပွဲချီတိုင်း နွှဲခဲ့သည်။

            ဤသို့ ရှိနေခိုက် မိခင်နှင့် ဖခင်အကြား တိုက်ခတ်သွားသော အိမ်ထောင်ရေး မုန်တိုင်းကြားတွင် မြင့်မောင်မောင်က မြေဇာပင် ဖြစ်ခဲ့ရသည်။ အိမ်ထောင်ရေး အက်ကြောင်းအစ ပန်တျာသဇင်မြင့်၏ သဝန်တိုမှုက အဓိက ကျနေပေသည်။ သူ့ယောကျ်ား စိန်မြင့်မောင်ကို ဝိုင်းထဲက လက်ထောက် ဆိုင်းအဆိုတော် အင်ကြင်းနှင့် အထင်မှား၊ အမြင်မှား ဖြစ်ခဲ့ရာမှ ဇာတ်လမ်းအစ မဟုတ်သော နိဂုံး၊ ပြည်ဖုံးကား ချစေခဲ့သည်။ တကယ်ဆို အင်ကြင်းက စိန်မြင့်မောင်ဖခင် ရွာစားကြီး စိန်မြမောင် လက်ထက်ကတည်းက တွဲလာခဲ့သော နှဲဆရာကြီး ဇေယျာထွန်း၏ သမီးရင်းဖြစ်သည်။ ဇေယျာထွန်းဇနီးက အင်ကြင်းမွေးအပြီး မီးတွင်းမှာပင် တိမ်းပါးသွားခဲ့သည်။ မိတဆိုးသမီးမို့ ဖအေ့ရင်ခွင်ပိုက် နို့ဘူးတိုက်ရင်း ပိုးမွေးသလို မွေးလာခဲ့သည်မှာ စိန်မြမောင်ဆုံးပြီး သူ့ဆရာသားနှင့် မခွဲ မခွာဘဲ နေလာသည်အထိ ဖြစ်သည်။ ဇေယျာထွန်းက ပညာပြည့်သူမို့ ဟိုဆိုင်း၊ သည်ဆိုင်းက အသုံးညကြေး ပိုပေးကာ ခေါ်သူမရှားခဲ့သော်လည်း စိန်မြင့်မောင် လက်ထက်အထိ သစ္စာရှိလာ ခဲ့သူဖြစ်သည်။ တစ်ခုသော အလှူပွဲအကူး ဆိုင်းကား မှောက်ရာ၌ ဆေးရုံပေါ်တွင် သေအံ့မူးမူးအချိန် သမီးဖြစ်သူ အင်ကြင်းအား စိန်မြင့်မောင်လက်သို့ အပ်နှံခဲ့သည်။ သူ့သမီး အင်ကြင်းအား နှမလေး အရင်းအခြာထား၍ စောင့်ရှောက်ပါရန် မှာကြား တောင်းပန်ခဲ့သည်။ သည်မှာတင် စိန်မြင့်မောင်က မိဘမဲ့ကလေး အင်ကြင်းအား နှမရင်းသဖွယ် စောင့်ရှောက်လာခဲ့ရသည်။ တကယ်တော့ အင်ကြင်းဆိုတာ ပန်တျာသဇင်မြင့်၏ တပည့်ဆိုသော်လည်း မမှားတန်ရာ။ အဆိုပညာကို ဆရာစားမချန်ဘဲ ကကြီးမှ အအဆုံး သင်ပုန်းကြေ သင်ပေးခဲ့သည်ပင်။ စိန်မြင့်မောင်ကလည်း ဆရာ တပည့်တစ်ဖုံ၊ နှမရင်းနှယ် တစ်သွယ် အနေအထိုင်၊ အသွားအလာကအစ သွန်သင်ဆုံးမ စောင့်ရှောက်လာခဲ့သည်မှာ ယခုအချိန်အထိပင်။

            အလှသွေးကြွယ်စ အပျိုမကလေး အင်ကြင်းနှင့် စိန်မြင့်မောင်တို့၏ ရိုးသားဖြူစင်မှုမေတ္တာ အတိမ်အနက်နှင့် နောက်ကြောင်းရာဇဝင်ကို မသိဘဲ အမြင်ကို အထင်ဖြင့်တွေးရင်း ပြောဆိုလာ ကြသော ပတ်ဝန်းကျင်စကားကြောင့် သံသယကြီးထွားရင်း နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့ရသူက ပန်တျာသဇင်မြင့် ဖြစ်ခဲ့သည်။ တစ်နေ့ စိန်မြင့်မောင်နှင့် အင်ကြင်းသီချင်းတိုက်ရင်း စိန်မြင့်မောင် မျက်စိထဲသို့ ပိုးကောင် ဝင်သွားခဲ့သည်။ ဤသည်ကို အင်ကြင်းက အဖြူရောင် အရိုးခံ နှလုံးသားဖြင့် မျက်စိထဲမှ ပိုးကောင်ထွက်သွားစေရန် လေဖြင့် မှုတ်ပေးနေစဉ် အမှတ်မထင် ပန်တျာသဇင်မြင့် မြင်တွေ့ရာမှ အိမ်ထောင်ရေး မုန်တိုင်းလေး တိုက်ခတ်သွားခဲ့သည်။ နဂိုကတည်းက အမြင်မကြည် သံသယဝင်နေသူမို့ မောဟလွှမ်းကာ ကြမ်းတမ်းသော စကားကို ဆိုမိခဲ့သည်။

            'ကြောင်တောင် နှိုက်တယ်'

            ဤစကားလေးက အင်ကြင်း၏အရှက်၊ မျက်ရည်စတို့အပြင် စိန်မြင့်မောင်၏ သိက္ခာတရားကို ထိပါးသွားခဲ့သည်။

            အမုန်း၊ သံသယ၊ အာဃာတတို့နှင့်အတူ အိမ်ထောင်ရေး ဖယောင်းတိုင်ကလေးသည် သံသယလေပြင်းကြောင့် ဖယောင်းသား ကျန်ပါလျက် ငြိမ်းခဲ့ရသည်။ ပန်တျာသဇင်မြင့်က သားလက်ကို ဆွဲကာ ကျောက်ပန်းတောင်းကို အပြီးပြန်သွားသကဲ့သို့ စိန်မြင့်မောင်ကလည်း ငါမှန်သည်ဟူသော မာနဖြင့် တင်းခံကာ သူ့ဘူမိ နက်သန်မြေဖြစ်သော မြေလတ်မှာပင် နေရစ်ခဲ့သည်။ စိန်မြင့်မောင်ဆိုတာက မြေလတ်သည်တစ်ကြောတွင် 'ဆိုင်းကောင်းလျှင် ဆိုင်းဘုတ် ထောင်စရာ မလိုပါဘူး' ဟု ပြောစမှတ်ပြုရလောက်အောင် မိုးကောင်းခဲ့သည်။ အရှိန်အဝါ ကြီးခဲ့သည်။ သို့သော် မြင့်မောင်မောင် မပါ၍ ဟာသလိုလိုတော့ ဖြစ်သွားခဲ့သည်။ ပရိသတ် အများစုကတော့ သားအမိ၊ သားအဖ သုံးယောက်၏ ဂီတတြိဂံလေးကို အောက်မေ့တသ လွမ်းနေဆဲပင်။

            ငါးနှစ်ခန့် အကြာတွင်မူ စိန်မြင့်မောင်ဆိုင်းကို ပခုံးချင်းယှဉ်လာသည့် ဆိုင်းတစ်ဖွဲ့သည် ကျောက်ပန်းတောင်းဘက်မှ ခြေစကြာဖြန့်ကာ မြေလတ်အထိ နာမည်ဟိန်းထွက်လာခဲ့သည်။

            'ပန်တျာသဇင်မြင့်၏ ရင်သွေး၊ ဆိုကရေးတီး ရွှေတံဆိပ် သုံးဆုရှင် ထွန်းသစ်စ မြင့်မောင်မောင်' ဟူသော ဆိုင်းဘုတ်ပိုစတာ ဘုတ်ထောင်များက ပလူပျံလာသည်။

            မြင့်မောင်မောင် ဆိုတာက ငယ်ဂုဏ် ရုပ်ကလေးနှင့်ပါ ပရိသတ်ကို ဖမ်းစားလာနိုင်ခဲ့သည်။ အခြေခံသင်ရိုး ညက်သည့်အပြင် ခေတ်အကြိုက် ဆိုင်းဝိုင်းတွင် အော်ဂင်တွဲဖက်ကာ စွဲမက်စရာတွေကို ခေတ်လူငယ်အကြိုက် လုပ်ပြနိုင်ခဲ့သည်။ အနောက်တိုင်းဂီတနှင့် မြန်မာ့ဂီတ တွဲဖက်ကာ အဆို၊ အတီးပညာ၊ ရုပ်၊ အသံတို့ ဖြင့် ခေတ်ရေစီးကြောင်းတွင် အရှိန်ကောင်းလာခဲ့သည်။ ဖခင်၏ အတီးပညာ လက်ကျ လက်နအပြင် မိခင်ထံမှ အဆိုပညာကို ကောင်းမွန်စွာ ဆက်ခံနိုင်ခဲ့သူပီပီ ခေတ်အကြိုက် တစ်မျိုးတည်းသာမက အရွယ်သုံးပါးစလုံး လက်ခံအောင် တီထွင်ဆန်းသစ် ဖန်တီးပြနိုင်ခဲ့သည်။ ညဆိုင်းဧည့်ခံတွင် အမြူးအသွက် အဆိုအတီးတို့ဖြင့် ပတ်စာခွာ ဖျာသိမ်းမှ ပရိသတ် ထပြန်စေသည်အထိ လုပ်ပြနိုင်ခဲ့သည်။ နေ့ပွဲကြီး ရှင်ပြုဘိသိက် ခံ့ခံ့ညားညား တီးရပြီဆိုလျှင်လည်း အဖွဲ့သားအားလုံး လည်ကတုံး ရှပ်အဖြူ၊ တိုက်ပုံအဖြူ၊ ယောလုံချည် ပိုးတွဲ ကြက်သွေးရောင်တို့ဖြင့် ဆင်သရင်း မောင့်ကျက်သရေ ခေါင်းပေါင်းကိုယ်စီဖြင့် အော်ဂင်ကို ဖြုတ်ကာ သီချင်းကြီး၊ သီချင်းခံ၊ ဘွဲ့၊ ယိုးဒယား၊ ပတ်ပျိုး၊ တေးထပ်၊ ဘောလယ်မကျန် ခံ့ညားစွာ တီးပြနိုင်ခဲ့သည်။ အရပ်သားကြိုက်၊ ပညာသည်အကြိုက် စုံအောင် အလုပ်လုပ်ပြနိုင်ခဲ့သည်။

            ယခု ကြူချောင်းကျေး ရွာအလှူ့ဒါယိကာကြီး ဦးမောင်ကြည်နှင့် အလှူ့ဒါယကာမ ဒေါ်သန်းစိန်တို့၏ အလှူပွဲကြီးတွင် သားအဖနှစ်ယောက်၏ တွေ့ဆုံခန်းသည် လူအများ စိတ်ဝင် စားစရာ ဖြစ်ခဲ့ရသည်။ ဤစိတ်ဝင်စားစရာ ဇာတ်လမ်းကလေး၏ စတင်ခန်းသည် အလှူဒါယိကာကြီး ဦးမောင်ကြည်၏ မိသားစု အသိုက်အအုံမှ စတင်ခဲ့သည်။ လှူပြီ၊ တန်းပြီ၊ လုပ်ကြမည်ဟု သဘောတူညီမှု ရပြီးနောက် ဆိုင်းငှားရာတွင် သဘောကွဲ လွဲခဲ့ကြသည်။ ဦးမောင်ကြည် မိဘများနှင့် ယောက္ခမကြီး များက စိန်မြင့်မောင်မှ စိန်မြင့်မောင်။ အလှူ့ဒါယိကာမ ဒေါ်သန်းစိန်နှင့် ညီမ၊ မွေးချင်း သားသမီးများက မြင့်မောင်မောင်ကို မဲပေးခဲ့သည်။ လူကြီးများက မြင့်မောင်မောင်ကို မကြိုက်။ လူငယ်များက စိန်မြင့်မောင်ကို မနှစ်သက်ဖြစ်နေကြသည်။ လူကြီးများက ရိုးရာဆိုင်းတွင် အော်ဂင်ချိတ်လာသော မြင့်မောင်မောင်ကို ကလက်သည်၊ အော်ဂင်သံ တဂွီဂွီကို နားကလောသည်။ လူငယ်များက စိန်မြင့်မောင် ဒိတ်အောက်သွားပြီ။ ပရိသတ် ငိုက်ကုန်လိမ့်မယ်ဆိုရင်း ဟိုဆိုင်းငှားပါ၊ သည်ဆိုင်းငှားပါကို ကြားနေ အလှူ့ဒါယိကာကြီး ဦးမောင်ကြည်၏ အကြံပြုချက်အရ ဆိုင်းပြိုင်ငှားဖြစ်၍ ဆိုင်းပြိုင် တီးကြပေတော့ မည်။

            စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်တို့နှစ်ယောက်၊ ဆန့်ကျင်ဘက် လမ်းလျှောက်ခဲ့စေကာမူ ကမ္ဘာကြီးလုံးဝန်း သည်ဟူသော ဝေါဟာရကြောင့်...။

□

            'ဟော... အလှူပွဲကြီး စပါပြီ'

            ညနေ နေမစောင်းမီကတည်းက အလှူမဏ္ဍပ် ပတ်ဝန်းကျင်တွင် အပ်ချစရာပင် မရှိတော့။ ရွာနီးရွာစပ် ခုနစ်ရွာ အုပ်စုအပြင် ရပ်နီးရပ်ဝေး မြို့ပေါ်လက်လှမ်း မီသမျှ မကျန်လာကြသည်။

            စက်ဘီး၊ လှည်း၊ ကား၊ ဆိုင်ကယ်၊ ထွန်စက်နှင့် ထရော်လာဂျီပါမကျန် ယာဉ်မျိုးက စုံလှသည်။ အလှူရှင် ကိုယ်တိုင်ကလည်း တောဆက်၊ မြို့ဆက် ခြေတံ လက်တံ ရှည်လှသည်ကိုး။

            ယခုခေတ် လူငယ်တွေက ဆိုင်းပြိုင်တီးသည်ကို ကြားဖူးသော်လည်း မတွေ့မကြုံ၊ မမြင်စဖူးမို့ မြင်လိုစိတ်နှင့် လာကြသည်။ လူကြီးများကလည်း ရှေးခေတ်ဟောင်း အလွမ်းပြေအနေနှင့် အလွမ်းဖြေလိုစိတ်နှင့် လှမ်းလာခဲ့ကြသည်။ နောက် ပို၍ စိတ်ဝင်စားသည်က စိန်မြင့်မောင်နှင့် ပန်တျာသဇင်မြင့်တို့၏ နောက်ကြောင်းရာဇဝင် သမိုင်းကို တစ်စွန်းတစ်စ သိရှိထားခြင်းပင်။

            အလှူမဏ္ဍပ်က သာမန်အလှူမဏ္ဍပ်ထက် နှစ်ဆမက ကျယ်ဝန်းလှသည်။ မဏ္ဍပ် အပြင်အဆင် အငှားစရိတ်ပင် သုံးလေးသိန်းကျော် ကုန်ကျသည်ဆိုပဲ။ ဆိုင်းပြိုင် တီးကြမည်မို့ မဏ္ဍပ်အတွင်း လက်ဝဲ၊ လကျ်ာ ဆိုင်းဝိုင်းနှစ်ဝိုင်းက ဝံ့ကြွားစွာ နေရာယူထားကြသည်။ လကျ်ာဘက်တွင် စိန်မြင့်မောင်နှင့် လက်ဝဲဘက်တွင် မြင့်မောင်မောင်၏ ဆိုင်းအဖွဲ့တော်သားတို့က နေရာယူထားကြသည်။ ရွာစား စိန်မြင့်မောင်နှင့် ဆိုင်းအဆိုတော် အင်ကြင်း၊ မြင့်မောင်မောင်နှင့် ဆိုင်းအဆိုတော် ပန်တျာသဇင်မြင့်ပေမို့ တက်လူနှင့် သမ္ဘာညီမျှစွာ တွဲဖက်ထားသည့်အလား ချိန်ခွင်လျှာကတော့ ညီနေသည်။ ဆိုင်းပြိုင် မတီးမီ ဧည့်ခံဆိုင်းကို နာရီဝက်မျှ တစ်လှည့်စီ အသုံးခံနေကြသည်။

            ပညာ၊ သမ္ဘာ၊ ဝါကွာပင် ကွာခြားသော်လည်း အကျနှင့်အထ၊ တက်လူနှင့်ကျလူ၊ ငယ်ဂုဏ်၊ ရုပ်၊ စန်းတို့ဖြင့် မြင့်မောင်မောင် ရိုးရာဆိုင်းနှင့် အနောက်တိုင်း တွဲဖက်ကာ ခပ်သွက်သွက် ခပ်မြူးမြူးလေး တီးပြသွားသည်။

            မဟာဆန်သူ၊ မာနရှင်၊ တုန်ဘူးဆို ပက်မှသည် ရက်ပ်... ပေါ့ပ်...ဟော့... ပါမကျန် တီးပြရင်း လူငယ်ပိုင်း၏ လက်ခုပ်သံကို သိမ်းကျုံးယူသွားသည်။ ပန်းကုံး ဆုတော်ငွေတွေ ဖွေးဖွေးလှုပ် သွားသည်။

            'ဒါကြောင့်မို့ ပြောတာပေါ့ ညှပ်စိရ။ ဒီနေ့ဟာ လူငယ်ခေတ်ပါလို့။ လူငယ်ကသာ အနာဂတ်ကို ချုပ်ကိုင် ဖန်တီးနိုင်မှာမို့ ရှေ့သို့ တက်ဖို့ လှေကားထောင်... ရှေ့သို့ တက်ဖို့ လှေကားထောင်...၊ ရွှေလက်သံ ပြောင်ပြောင်ကလေးကို ကောင်လေး မြင့်မောင်မောင်ရေ... နှစ်ထပ် ကြည့်မှ မှတ်မိမှာမို့ ပတ်ရှိသမျှ ထပ်ဖိပြလိုက်ပါဦး ကလေးရေ'

            မြင့်မောင်မောင်၏ ဆိုင်းနောက်ထ ညှပ်စိက တတ်သိသမျှနှင့် အပို့ကောင်းသည်မို့ ဆိုင်းမှာ မြိုင်ဆိုင်မြူးကြွ သွက်လက်နေသည်။

            'ဟေ့... အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည် ဆိုတာလို အဖိုးမချာစေဖို့ ရိုးရာဂီတဆိုတာ ဒါမျိုးခေါ်သကွလို့ မြူးကြွတဲ့ ဆရာ့လက်သံ ရှေးမူဟန်မပျက်စေဘဲ ခက်ခဲတဲ့အနုပညာကို ဖော်ထုတ်ဖို့ ဆရာ့ရဲ့ ရွှေလက်များကို ပတ်လုံးကလေးများနဲ့ ဂဟေဆက် ထားလိုက်ပါဦး ခင်ဗျာ'

            စိန်မြင့်မောင်ကလည်း အင်ကြင်းနှင့်တွဲဖက်၍ တစ်မျိုး၊ ကိုယ်တိုင်ဆိုတီး တစ်ဖန်၊ စိန်ဗေဒါ၊ စိန်ဘမောင် မကျန် တီးလုံးတီးကွက်များ၊ အခန့်များကို အပီအပြင် လုပ်ပြရင်း လူကြီးများဆီမှ ဣန္ဒြေရရ လက်ခုပ်သံများနှင့်အတူ ဆုငွေ၊ ပန်းကုံး တစ်ကိုယ်လုံး မြုပ်မတတ်ပင် ဖြစ်သွားရပြန်သည်။

            ပန်တျာသဇင်မြင့်ကလည်း သားတော်မောင်နှင့် တွဲဖက်ကာ ပညာခန်းကို အစွမ်းကုန် ဖော်ထုတ်အလုပ် လုပ်ပြရင်း အနိုင်ရဖို့ ကြိုးစားခဲ့သည်။ ရုပ်ကလည်း အရွယ်တင်သည့်အပြင် မိတ်ကပ်၊ မီးရောင် စလိုက်တို့၏ ဖေးမမှုအောက်တွင် မြင့်မောင်မောင်နှင့် မောင်နှမလားဟု မသိသေးသူများ ထင်လောက်အောင်ပင် လှသွေးကြွယ်နေသလို အသံလုံး၊ အသံသြဇာကလည်း စူးရှထက်မြက်လှပါဘိ။ ပန်တျာသဇင်မြင့်၏ အမုန်းနှင့် အာဃာတ မျက်လုံးစိမ်းများသည် စိန်မြင့်မောင် ရင်ခွင်သို့ စူးဝင်နေသည်။ ပန်တျာသဇင်မြင့် မသိသေးသော အချက်က အင်ကြင်းနှင့် စိန်မြမောင်တို့၏ အနေအထားသည် ယခင်နှယ် ဖြူစင်သန့်ရှင်းနေခြင်းပင်။ အင်ကြင်းကလည်း နှမလေးသဖွယ် ယခုချိန်ထိ စိန်မြင့်မောင်အား ဆရာလိုတစ်မျိုး၊ ဖခင်နှယ်တစ်သွယ်၊ အစ်ကိုကြီးနှယ်မခြား ရှိနေဆဲပင်။

            ဖခင်နှင့် မိခင်အကြား မြေဇာပင် မြင့်မောင်မောင်ကတော့ အနန္တော အနန္တငါးပါးတွင် နှစ်ပါး ပါဝင်နေသော သူ့ဖခင် စိန်မြင့်မောင်ကို ဖခင် သင်ပေးသော ပညာနှင့်ပြန်လည် အန်တုနေရသူ ဖြစ်နေ သည်မို့ လိပ်ပြာမလုံဖြစ်ရင်း ရင်နင့်နေရသည်။

            ဆိုင်းပြိုင်ကလေးကား ဂိုးမရှိ သရေကျနေသည့် ဘောပွဲနှယ် ရှိနေခဲ့သည်မို့ အချိန်ပို ကန်ရပေဦးတော့မည်။

            ဆရာသမားလည်း ဟုတ်၊ မိဘလည်းမည်သော စိန်မြင့်မောင်ကို ကြည့်ရင်း မျက်ရည်များ မြင့်မောင်မောင် မျက်နှာပြင်ဝယ် တွဲခိုနေသည်။ မြင့်မောင်မောင် အလှည့်တွင် တစ်ခါက သူ့ဖခင် စိန်မြင့်မောင်ကိုယ်တိုင် ရေးစပ်ပေးခဲ့သော သီချင်းလေးကို ဆိုတီး တီးခဲ့သည်။

            'အနန္တော...အနန္တငါးပါး ဂုဏ်ရည် နေ့စဉ် ရိုကျိုး... ရှိခိုးပါ၏ ဘုရား'

            အဆိုအတီးကား ငြိမ့်ညောင်းစွာပင်။ ပီသကြည်မြသော လက်သံတွင် ရင်ထဲက လှိုက်လှဲစွာ ခံစားသီဆိုလိုက်သော အဆိုကြောင့် ပရိသတ်မှာ ငြိမ်သက်နေသည်။

            'မိခင် ဖခင် ကျေးဇူးရှင်နှင့် သွန်သင်လမ်းညွှန်... ဆရာမွန်တို့ကို နေ့စဉ် ရိုကျိုး ရှိခိုးပါ၏ဘုရား'

            ဆိုတီး တီးနေရင်းကနေ သူ့အဖေ ရှိရာသို့ မကြာမကြာ ခိုးဝှက်ကြည့်မိသည်။ အတီး မပျက်၊ အကြည့်မပျက်ဘဲရှိစဉ် နှလုံးသားချင်း စကားပြောမိကြသည်။

            ဆိုင်းပြိုင်၊ အဖေ၊ ဆရာ သမားဟူသော အတွေးများက ကပ်ငြိလိုက်ပါရင်း သူ့ စိတ်လိပ်ပြာကို ခြောက်လှန့်နေသည်။ ဆိုတီး တီးနေရင်းကနေ၍ သူ့ဖခင်ရှိရာသို့ ဦးတည်ကာ လက်အုပ်ချီ ဦးခိုက်စဉ် မြင့်မောင်မောင်အား စိန်မြင့်မောင်က ပြုံးပြုံးကလေး ကြည့်နေသည်။

            ပန်တျာသဇင်မြင့်ပင် ကြောင်သွားသည်။ ခွင့်လွှတ်သောအပြုံး၊ အနိုင်ယူလိုသူကို အရှုံးပေးက နှလုံးအေးသည်ဟူသော အပြုံးများဖြင့် သဇင်မြင့်ကိုပါ ကြည့်သည်။ သားကို အပြိုင်ဟု သဘောမထားဘဲ အနိုင်ပေးသည်ထင့်။

            ပြုံးပြုံးကလေး မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ အပြုံးတရားသည် အမုန်းများကို တစ်စတစ်စ တိုက်စားနေသည်။

            စိန်မြင့်မောင် တစ်ယောက် မျက်တောင်မခတ်၊ မမှိတ်မသုန် ပြုံးပြုံးကလေး ကြည့်ရင်းကနေ အသက်မရှူဘဲပါ ကြည့်နေပါသည်။

            နောက် သူ၏ ဆိုင်းဝိုင်း ပတ်လုံးကလေးများပေါ်သို့ တဖြည်းဖြည်း ခေါင်းစိုက်၍ သွားသည်။

            'အဖေ'

            'ဆရာ...အဖေ' ဟူသော သူ့သား မြင့်မောင်မောင်၏ ခေါ်သံကို သူ ကြားသွားသလားဆိုတာ ကာယကံရှင် စိန်မြင့်မောင်ကိုယ်တိုင်မှသာ သိပေတော့မည်။

▀

တပည့်လေး ဗိုလ်ဟိန်း (အောင်ပြည့်စုံဆိုင်း)သို့ အမှတ်တရ

ကိုလှိုင်ကြည်ဝင်း

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
ဗေဒင်ဆရာနဲ့ စိတ်တွင်းပဋိပက္ခဖြစ်ခြင်း
မြူမြူ

ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။

ရွှေဝတ္ထုရှည် စ/ဆုံး
...
ဂီလာနဂီတ
နေဝင်းမြင့်

ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့

ရွှေဝတ္ထုရှည် စ/ဆုံး
...
အမနုဿ
ကြူးနှစ်

လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်