အတ္ထုပ္ပတ္တိအခန်းဆက်

ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ အပိုင်း (၁၄)

လူထုဒေါ်အမာ

01 November 2026
ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ အပိုင်း (၁၄)
Share to

 ဦးလှနဲ့ စာအုပ်စာပေ

ကိုယ်ကြိုက်နှစ်သက်တာ ကိုယ်ဝါသနာပါတာကို တစ်သက်လုံး လုပ်သွားခွင့်ရတဲ့လူဟာ ကံကောင်းတဲ့လူပဲလို့ လူ့ဘောင်မှာ သတ်မှတ်တယ်ဆိုရင် ဦးလှဟာ ကံကောင်းတဲ့လူပါ။ သူက စာရေးချင်တယ်။ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာ ထုတ်ဝေချင်တယ်။ ပြီးတော့ သူထုတ်ဝေတာတွေကို သူများ ဖတ်စေချင်တယ်။ ခင်မင်တဲ့မိတ်ဆွေတွေကို စာအုပ်လက်ဆောင် ပေးချင်တယ်။ အဲဒီ သူလုပ်ချင်တာတွေ အားလုံးကို သူတစ်သက်လုံး လုပ်သွားနိုင်သူပါပဲ။

            ဦးလှက စာပေနယ်ကို ပထမသူရိယသတင်းစာ၊ ညနေဈေးနှုန်း သတင်းစာတို့မှာ သတင်းဆောင်းပါး ဝင်ရေးပေးရင်း စဝင်တယ်။ အဲဒီလိုနဲ့ အရေးအသား လေ့ကျင့်တယ်။ အဲဒါ သူ ၁ဝ တန်းအောင်ခါစ

၁၉၂၉-၃ဝ လောက်။ အသက်က ၁၉ နှစ်- ၂ဝ လောက်မှာပါ။ အရေးအသား စလေ့ကျင့်တာကတော့ ရန်ကုန်ဟိုက်စကူးမှာ ၉ တန်း- ၁ဝ တန်း  ကျောင်းသားဘဝကတည်းက ကျောင်းမဂ္ဂဇင်းမှာ စပြီး

အရေးလေ့ကျင့်တာပါ။ ကျောင်းကထွက်တော့ သူရိယ သတင်းထောက်ကြီး ဦးပုကလေးတို့လို သတင်းစာသမားတွေနဲ့ တွေ့ဆုံရင်းနှီးပြီး သတင်းစာအရေးအသားတွေ လေ့ကျင့်ခွင့်၊ ဝင်ရောက်ရေးသားခွင့် ရလာတာပါ။

            နောက် လူငယ်များကြီးပွားရေးအသင်းက သူတို့ စာစောင်ကလေး ဆက်လက်ထုတ်ဝေနိုင်တဲ့ အခြေအနေမရှိတော့လို့ ရပ်စဲလိုက်မယ်ဆိုတဲ့အခါ သူကိုယ်တိုင်က တက်ကြွတဲ့အသင်းသားတစ်ယောက်၊ အမှုဆောင်တစ်ယောက်ဖြစ်နေခိုက် သူ့ကို ဒီစာစောင်နာမည်ပေးပါ၊ သူ့ဘာသာ ဆက်လက်ထုတ်ဝေပါ ရစေလို့ တောင်းတယ်။ အသင်းကပေးတဲ့အခါ သူပိုင် 'ကြီးပွားရေးမဂ္ဂဇင်း'အဖြစ်နဲ့ ၁၉၃၃ ခုနှစ် အောက်တိုဘာလမှာ စတင်ထုတ်ဝေတယ်။ ဒီကြီးပွားရေးမဂ္ဂဇင်းကို ၁၉၄၁ ခု ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံထဲ ချဉ်းနင်းဝင်ရောက်လာမှ ရပ်စဲလိုက်တယ်။ မဂ္ဂဇင်းကို သူလူပျိုဘဝနဲ့ ၁၉၃၉ ခုနှစ်ကုန်အထိ ရန်ကုန်မှာ ထုတ်ဝေခဲ့ပါတယ်။

            ကြီးပွားရေးမဂ္ဂဇင်းဟာ စောင်ရေလည်းကောင်းတယ်။ နိုးကြားတက်ကြွတဲ့ လူငယ်လူရွယ်တိုင်းလည်း ကြိုက်နှစ်သက်တယ်။ ထွက်နေသမျှ မဂ္ဂဇင်းတွေထဲမှာ အမျိုးသားယဉ်ကျေးမှု၊ အားကစားနဲ့ လွတ်လပ်ရေးအတွက် တိုးတိုးတက်တက် အရေးသားဆုံးမဂ္ဂဇင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်  တက္ကသိုလ်က လူငယ်ခေတ်စမ်းသမားတွေလည်း သိပ္ပံမောင်ဝနဲ့အတူအားလုံး သူ့မဂ္ဂဇင်းမှာ ဝင်ရေးနေကြတာပဲ။ ကြီးပွားရေးမဂ္ဂဇင်းက စောင်ရေကောင်းပါတယ်။ နို့ပေမယ့် မြတ်တဲ့စွန်းတဲ့ မဂ္ဂဇင်းတော့ မဖြစ်လာဘူး။ အမြတ်အစွန်းတွေ မရတာက ဦးလှက စီးပွားရေးပုံစံနဲ့ လုပ်တာမဟုတ်လို့ပါ။ ယုံကြည်ချက်တူညီပြီး သူငယ်ချင်းတွေ ဝိုင်းလုပ်ဝိုင်းစား သဘောမျိုးနဲ့ လုပ်နေတာကလား။ ပြီးတော့ ဦးစီးဦးကိုင်ကိုယ်၌က မဂ္ဂဇင်းရိုက်လို့ပြီးပြီ၊ ချုပ်နေပြီ၊ ဖြစ်နေပြီဆိုရင် ပြီးတဲ့အထဲက မဂ္ဂဇင်း ၄-၅-၁ဝ စောင် နှိုက်သွားပြီး ကြော်ငြာရှင်ကိုလည်းပေးတယ်။ သူ့မိတ်ဆွေအပေါင်းအသင်းတွေ၊ ရေးဖော်ရေးဘက်တွေကိုလည်း လိုက်ပေးပါတယ်။ သူက အလုပ်ဝတ္တရားအရ ရန်ကုန်မြို့ပေါ်က အဆောက်အအုံသစ် ဆောက်လုပ်တိုင်း သူတာဝန်ကျရာ အလုပ်က အဆောက်အအုံသစ်တွေကို အခွန်စည်းကြပ်ဖို့ လိုက်ကြည့်ရတယ်။ အဟောင်းထဲက အခွန်ကောက်ယူနေတာကများလို့ လျှော့ပေါ့ကောက်ပါလို့ လျှောက်ထားသူတိုင်းကိုလည်း ဟုတ်မဟုတ် လိုက်ကြည့်ရတယ်။ အဲဒီတော့ ရုံးဖွင့်တဲ့နေ့တိုင်း တစ်ပတ် ၅ ခေါက် ထက်မနည်း မြို့ပတ်ရသူ၊ သူသွားရာ တွေ့တဲ့လူ၊ သူပေးချင်သူတွေကို ကိုယ်တိုင်လက်ဆောင်ပေးတာ တစ်နေ့ မဟုတ်ဘူး။ သူ့မဂ္ဂဇင်းထွက်ရင် အတော်ကြာကြာ နေ့တိုင်းလုပ်နေ တာ။ အဲဒီတော့ တိုက်မှာရှိတဲ့ ကလောင်ပျံ ကိုဘကိုးတို့၊ သဇင်ခင်တို့လိုလူတွေကတောင် အလကားပေးလွန်းလို့ သူ့အပေါ် မကြည်ချင်ဘူး။

            ကျွန်မနဲ့အိမ်ထောင်ကျလို့ မန္တလေးကိုပြောင်းလာပြီး မန္တလေးမှာ မဂ္ဂဇင်းထုတ်ဝေတော့လည်း ဒီပုံစံပါပဲ။ သူ့ဆီ အလည်လာတဲ့သူတိုင်း သူ့တိုက်က ပြန်ထွက်သွားရင် စာအုပ်ကလေး ချိုင်းညှပ်ပြီး ပြန်ထွက်သွားကြတာချည်းပါ။

            သူနဲ့ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မက ကျောင်းထွက်ကတည်းက အဖေဖွင့်ပေးတဲ့ စက္ကူဆိုင်မှာ စက္ကူရောင်းနေရတာ။ သူ့မဂ္ဂဇင်းကို ဝင်လုပ်ပေးနိုင်တာ မဟုတ်ဘူး။ သူ့ 'ကြီးပွားရေးတိုက်' နဲ့ ကျွန်မ 'မြန်မာစက္ကူဆိုင်' တို့က မျက်နှာချင်းဆိုင်၊ ၈၄ လမ်းပေါ်က ၃၂ လမ်းနဲ့ ၃၃ လမ်းကြားမှာပါ။ ခု ဝင်းလိုက်ရုံရဲ့ အနောက်ပေါက်တံခါးကြီး မြောက်ဘက်က သက်သာချောင်ချိရေးဆေးခန်း (အခု ဝင်းလိုက် အအေးဆိုင်) ဖွင့်ထားတဲ့နေရာဟာ ကြီးပွားရေးမဂ္ဂဇင်းတိုက် ဖွင့်ခဲ့တဲ့နေရာပဲ။ ကျွန်မ စက္ကူဆိုင်က အဲဒီနဲ့မျက်နှာချင်းဆိုင် တိုက်ခန်းမြောက်စွန်ဆုံးအခန်း ခုလူငယ်ခြံလုပ်ငန်း ဖွင့်ထားတဲ့နေရာပါ။

            စက္ကူဆိုင်မှာ အချိန်ပြည့်ထိုင်ရတော့ ကြီးပွားရေးမဂ္ဂဇင်းမှာ ဆောင်းပါးရေးပေးတာ၊ ဘာသာပြန်စာအုပ် ရေးပေးတာလောက် ကူနိုင်တာပါ။ နို့ပေမယ့် ကျွန်မ စက္ကူရောင်းတဲ့အတွက် သူသုံးဖို့စက္ကူကို ကုလားဆိုင်က မဝယ်ရတော့ဘူးပေါ့။ လမ်းကိုကူးပြီး လိုသလောက်ယူလို့ရတယ်။ ငွေမပြေ လည်သေးရင်လည်း အကြွေးရတယ်လေ။

            ဦးလှ မဂ္ဂဇင်းထုတ်နေရာက ၁၉၃၈ ခုနှစ်ရောက်တော့ ရန်ကုန်မြူနီစီပယ်မှာ သူလုပ်နေတဲ့ ရာပြတ်ဌာနကအပြီး အလုပ်ထွက်လိုက်ပြီး အဲဒီကရတဲ့ စုငွေနဲ့ စာအုပ်ထုတ်ဝေရေးကို စလုပ်ပါတယ်။

            စာအုပ်ကို ဦးလှက ဘာသာအမှားအမှန်ကြည့်တဲ့လူ။ သူကိုယ်တိုင် ၂ ကြိမ်ကြည့်တာ။ ကျွန်မအဖော်ရတော့ ကျွန်မပါ တစ်ယောက်တစ်ရွက်စီ ဂရုစိုက်ခိုင်းပြီး ကြည့်ရတာ။ သူ့စာအုပ်ဖြစ်ဖြစ်၊ ကျွန်မစာအုပ်ဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက် ဂရုစိုက်ကြည့်ကြတာပါ။

            စာအုပ်ကလေးစီတာ ရိုက်တာပြီးပြီ၊ ဖောင်စုံပြီဆိုရင်ပဲ သူက စာအုပ်အထူအပါးကလေးကို လက်နဲ့ဖိကြည့်လိုက်၊ ထောင်ကြည့်လိုက်လုပ်လာပြီ။ ချုပ်နေပြီ၊ အဖုံးကပ်ပြီးဖြစ်ပြီ ဆိုရင်တော့ သူ့လက်ထဲ ပထမဆုံးရောက်တဲ့ စာအုပ်ကလေးကို သူ့စာပွဲပေါ်မှာတင်ပြီး တကြည့်ကြည့်လုပ်နေတော့တာ။ အဝေးထားကြည့်၊ အနီးထားကြည့်လည်း လုပ်ပါသေးတယ်။

            အဲဒီအချိန်မှာ သူခင်မင်တဲ့လူလာရင်တော့ ဒီလူကို ဒီစာအုပ်က စမဖြန့်ရသေးလို့ မထွက်သေးတဲ့ ချုပ်ပြီးစ ပူပူနွေးနွေး လက်ဆောင်ရပြီသာမှတ်တော့။ အဲဒီမှာ ကျွန်မက သူ့ကိုမျက်စောင်းထိုးချင်တာ။ ကျွန်မက ရောင်းဟယ် ဝယ်ဟယ်လုပ်တဲ့ ဈေးသည်ရဲ့သမီး၊ စာအုပ်မှ ဈေးဦးမပေါက်သေးဘူး၊ ကောက်ကောက်ပြီး အလကားပေးမယ်ဆိုတာကို နည်းနည်းမေမကြိုက်ဘူး။ နို့ပေမယ့် ဦးလှက အဲဒီ ဈေးဦး မပေါက်သေးတာဆိုတာကို တစ်စွန်းတစ်စလေးမှ သူ့စိတ်ထဲ ဝင်မလာစဖူးဘူးနဲ့တူတယ်။ ဘယ်စာအုပ်ဖြစ်ဖြစ်၊ ဘယ်တော့မဆို စာအုပ်ဖြတ်နေရင်းတန်းလန်းမှာ တောင်းတောင်းပြီး လက်ဆောင်ပေးတာပဲ။ ကျွန်မကြိုက်သလား၊ မကြိုက်သလားဆိုတာ လုံးဝသတိမရတာလား၊ သတိရပေမယ့် မြင်မှာစိုးလို့ ကျွန်မကို တမင်မကြည့်ဘဲ နေသလားတော့မသိဘူး။ တောင်းပြီးပေးတယ်၊ အနားမှာ တောင်းစရာလူမရှိရင် ဘာသာထယူတယ်။ သူက ဒီစာအုပ်ကလေးကို သူများ သိပ်ဖတ်စေချင်တာကိုး။ သူ့မှာ ရိုက်ပြီး မဖြစ်သေးလို့ အပြီးစောင့်နေရတာကလား။ ကျွန်မကလည်း ပေးချင်တာပါပဲ၊ မပေးရဘူး မဆိုပါဘူး။ ဒါပေမယ့် ရောင်းပြီး ဈေးဦးပေါက်မှသာ အလကားပေးတာကို စစေချင်တယ်။ သူနဲ့ကျွန်မ ပဋိပက္ခက ဒါပါပဲ။ နို့ပေမယ့် ကိုယ့်ဘက်ကသာ ပဋိပက္ခနေရတာပါ။ သူကတော့ သေတစ်ပန်သက်ဆုံး ဒီအတိုင်း လုပ်သွားတာပါပဲ။

            သူ စာအုပ်လက်ဆောင်ပေးတာဟာ တစ်ခါတစ်ရံမှလာတဲ့ မိတ်ဆွေကိုတော့ အများကြီး တစ်မျိုး တစ်အုပ် ပေးတာပါနော်။ အဲဒီမိတ်ဆွေဟာ စာအုပ်ထုပ်ကြီးနဲ့ ပြန်ရတာ၊ အမြဲလာနေသူတွေသာ အုပ်ချင်းရကြတာပါ။

            ဦးလှရဲ့ နောက်ဆုံးစာအုပ်အလှူကလေးကို မှတ်မိနေပါသေးတယ်။ သူနဲ့ကျွန်မ တိပိဋကနိကာယက ထုတ်တဲ့သာသနာပြု ပထမသုံးနှစ်ခရီးစာအုပ် ရန်ကုန်သွားယူပြီး သြဂုတ်လ ၂ ရက်နေ့မှာ ရန်ကုန်ကနေ ရထားစီးပြီး ပြန်ခဲ့ကြတော့ မီးရထားပေါ်က ကျွန်မတို့ ထိုင်တဲ့နောက်ခုံမှာ တရုတ်ကပြား သားအမိ သားအဖ သုံးယောက် (သားကလေးက ၅ နှစ်-၆ နှစ်သားလောက်) စီးလာကြပါတယ်။ ရထားထွက်လို့ ခရီးတစ်ဝက်လောက် ရောက်လာတော့ အဲဒီကလေးကို ဦးလှက ပုံပြင်စာအုပ် လက်ဆောင်ပေးပါတော့တယ်။ ပေးတဲ့အခါ ထုံးစံအတိုင်း ကလေးနာမည်လေးမေးပြီး သူ့စာအုပ်မှာ ရေးသေးတယ်။ သူက စာအုပ်လက်ဆောင်ကို အမြဲတမ်း သူပေးရမယ့် လူနာမည်ရေးပြီး သူ့လက်မှတ်ထိုးပြီးမှ ပေးတာပါ။ အဲဒီကလေးကို ပေးခဲ့တဲ့ စာအုပ်လက်ဆောင်ဟာ သူ့ နောက်ဆုံးလက်ဆောင်ပါပဲ။

            အဲဒီနောက် ၅ ရက်နေတော့ သူဆုံးရှာတာပဲ။ ဒီကလေးကို ပုံပြင်စာအုပ်ပေးခဲ့တာဟာ သူ့နောက်ဆုံး စာအုပ်အလှူပါ။

            ဦးလှခရီးထွက်ရင် ဘယ်ခရီးထွက်ထွက် သူ့နောက် ဆုံးထုတ်စာအုပ် ၁ဝ အုပ်ထက်မနည်း အမြဲယူလာသူ ဖြစ်ပါတယ်။ ဂျာနယ်နဲ့သတင်းစာ ထုတ်ဝေတော့လည်း ဒီအတိုင်းပါပဲ။ အလကားပို့ပေးနေတဲ့ မိတ်ဆွေတွေ၊ စာကြည့်တိုက်တွေ၊ ဆရာတော် သံဃာတော်တွေ အများကြီးပါ။ သူအခမဲ့ ပို့ပေးရတဲ့စာရင်းဟာ တခြားတိုက်တွေထက်များမှာ သေချာပါတယ်။ သူက သူရေးသားထုတ်ဝေတာကို သူများ သိပ်ဖတ်စေချင်တာကိုး။ ဒိပြင်စာအုပ်စာပေက မြတ်ဖို့စွန်းဖို့က သူ့မှာ အဓိကမဟုတ်ပါဘူး။ ကျွန်မကတော့ မရှိရင်ရှာရသူ။ ငွေရေးကြေးရေးကို ကျွန်မပဲ ကိုင်တွယ်ရသူဆိုတော့ စာအုပ် စာတမ်းထုတ်ဝေရာက မမြတ်ရင်ရှိမယ်၊ အရှုံးကြီးတော့လည်း အမြဲတမ်းမခံနိုင်ဘူးဆိုတာ သိနေတော့ ငွေလိုကြေးလိုလည်း တွက်မိတာပေါ့။

            နို့ပေမယ့် ဦးလှကတော့ သူ့ဝါသနာ၊ သူ့စေတနာကို တစ်သက်လုံး မစွန့်ပါဘူး။ သူက သူရေးသားထုတ်ဝေတဲ့ စာအုပ်စာတမ်းမှ မဟုတ်ပါဘူး။ သူကြိုက်တဲ့စာအုပ်နဲ့ သူကြိုက်တဲ့ဆောင်းပါးပါတဲ့ နိုင်ငံခြားမဂ္ဂဇင်းကိုလည်း တွေ့ရင်တွေ့တိုင်းဝယ်ထားပြီး သူ့မိတ်ဆွေ သူဖတ်စေချင်တဲ့သူတွေကို လက်ဆောင်ပေးနေတာပါပဲ။

            သူရှိစဉ်တုန်းက သူလုပ်တာတွေကို မကျေနပ်ခဲ့ဘူး။ သူမရှိတဲ့အခါ ကျွန်မက လိုက်လုပ်နေတာများကို ခုနှယ် သူမြင်ရင်တွေ့ရင် ဘာပြောမှာပါလိမ့်လို့ အောက်မေ့မိတယ်လေ။ ဟိုတုန်းကတော့ ကိုယ့်စေတနာ မပေါက်ရခင် သူက ပေးကမ်းလှူဒါန်းနေနှင့်တာ၊ ခု သူမှ မရှိတော့ပဲ၊ ကျွန်မလည်း စေတနာမဲ့သူမှ မဟုတ်တာ။ အဲဒီတော့ စာအုပ်ပေးကမ်းလှူဒါန်းတာကို ကျွန်မပဲ လုပ်ရတာပေါ့။ စာအုပ်အလကားပေးတာကို သိပ်မကြည်ခဲ့တဲ့ ကျွန်မနေရာကိုတော့ အခု သမီးငယ်က ယူနေရရှာတယ်။ မှတ်မိနေသေးတယ်။ ဦးလှက ကြီးပွားရေး စာအုပ်တိုက်ဆိုပြီး စာအုပ်တွေထုတ်တော့၊ စာအုပ်က ရိုက်တော့ သုံးထောင်မှာ ထွက်စ တစ်ထောင်လောက်ပဲကုန်တာ ဟုတ်လား။ ကျန်တာတွေက ထုပ်ပိုးပြီး အိမ်မှာ သိမ်းထားရတာ၊ နောင်မှ ဖြည်းဖြည်းချင်း ရောင်းစားရတာ။ စာအုပ်ထုပ်တွေ အိမ်ကို သယ်သယ်လာရင် ကျွန်မအဒေါ်က 'အမာရယ်၊ ညည်းတို့အလုပ်ကလည်းအေ... ဟုတ်ရဲ့လား'တဲ့။ သူ့ခမျာက ကျွန်မတို့ကို သူ့အိမ်ပေါ်တင်ပြီး အလကားကျွေးထားတဲ့အပြင် စီးပွားလည်း ဖြစ်စေချင်သေးတာ။ စာအုပ်က ဘယ်လောက် ရောင်းရတယ်တော့ မသိ၊ အိမ်မှာ သိမ်းထား လှောင်ထားရတာတွေက အများသားဆိုတော့ စိတ်ပူပြီး မေးရှာတယ်။ ကမ္ဘာစစ်မီး မြန်မာပြည်ကို ရောက်လာပြီး မန္တလေးမြို့ကို ဂျပန်က ဗုံးစကြဲတာခံလာရတော့ ကျွန်မတို့လည်း အလုပ်ရပ်နားပြီး တောဘက်ကို ပြေးကြရပါတယ်။ ကျွန်မတို့ ရိုက်နှိပ်ထုတ်ဝေထားတဲ့ စာအုပ်ကလေးတွေ၊ ကြီးပွားရေး မဂ္ဂဇင်းကလေးတွေ၊ ဦးလှ စုဆောင်းဝယ်ယူထားတဲ့ စာအုပ်စာတမ်းတွေကို ကျွန်မတို့ အိမ်ထောင်ဦးပစ္စည်း ခုတင်၊ ဗီရို၊ ကုလားထိုင်ခုံ၊ မှန်တင်ခုံတို့နဲ့အတူ တောဘက် မြွေရွာကို ရွှေ့သယ်သွားပါတယ်။ စာရိုက်တဲ့ ခြေနင်းစက်ကလေး ၂ လုံးနဲ့ စာခုံတွေလည်း ပါသပေါ့။ အဲဒါ ကျွန်မတို့ ချမ်းသာသမျှ ရှိပစ္စည်းအကုန်ပါပဲ။ စာအုပ်ကတော့ အမှုအခင်း၊ စန္ဒမာလာ၊ ကိုပြူးနဲ့ မပြုံး၊ ဆိုဗီယက်ရုရှား၊ ထိပ်ဆုံးသို့၊ နေသူရိန်ရဲ့ မကြောက်တရားဆိုတဲ့ ထုတ်ဝေပြီး စာအုပ်တွေပေါ့။

            ဒီပစ္စည်းတွေကို လှေတွေ လှည်းတွေနဲ့တင်ပြီး မန္တလေေရဲ့မြောက်ဘက် စဥ့်ကူးနယ်ထဲက မြွေ ၁၂ ရွာမှာပါတဲ့ မြွေပုသိမ်ကုန်း ဘုန်းကြီးကျောင်းကြီးထဲ ထားရတယ်လေ။

            ကျွန်မတို့စစ်ပြေးရတာကတော့ အများကြီးပါ။ အထူေသဖြင့် ကျွန်မတို့သားအမိ ကျွန်မနဲ့ နှစ်လသားရှိသေးတဲ့ သားကြီးမောင်စိုးဝင်းနဲ့၊ ပထမဆုံး မမဦးတို့ (၁) အမရပူရက ကပ်ကျော်၊ နောက်တော့ မတ္တရာလမ်းမပေါ်က (၂) ဒဟတ္တော၊ နောက်တော့ (၃) မြွေရွာ၊ နောက်တော့ (၄) မတ္တရာနားက ပင်းယ၊ နောက် မန္တလေးအရှေ့ဘက်က (၅) ဝါခင်းကုန်း ဘုရား၊ နောက် (၆) ကပိုင် တောင်ငူစုကျောင်း၊ နောက် (၇) ကံကြီးရွာ၊ နောက် (၈) ကပိုင်တောင်ငူစုကျောင်း၊ နောက်မှ မန္တလေးပြန်ခဲ့ကြတာ။

            လူကသာ အဲဒီလောက်ပြောင်းတာပါ။ စက်တွေနဲ့ စာအုပ်တွေကတော့ မြွေရွာရယ်၊ ကပိုင်တောင်ငူစုကျောင်းရယ်၊ ပြီးတော့ မန္တလေးရယ် ဒါပါပဲ။ လူတွေက မလုံခြုံဘူးထင်တိုင်း ပြောင်းရွှေ့နေခဲ့ပေမယ့် စာအုပ်တွေနဲ့ စက်တွေ၊ အိမ်ထောင်မှုပစ္စည်းတွေကိုတော့ လူရွှေ့တိုင်း မရွှေ့ရဲဘူး။ တစ်ခါတစ်ခါရွှေ့ရင် လှည်းအစီး ၂ဝ လောက်နဲ့ ရွှေ့ရတာဆိုတော့ လှည်းခမတတ်နိုင်ဘူးလေ။

            ကပိုင်တောင်ငူစုမှာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ခိုကိုးရတော့ ဦးလှက အဲဒီမှာ သူ့ပုံနှိပ်စက်တွေကို ဆင်ချင်တယ်။ စာအုပ်ရိုက်ချင်သတဲ့။ စာအုပ်ဆိုင်ကလေးကိုလည်း မန္တလေးက ဈေးချိုတော်မှာ ကျွန်မကျောင်းနေဖက်သူငယ်ချင်း ကို မောင်မောင်တင်က ဖွင့်ပေးလို့ စာအုပ်ဆိုင်လေးလည်း ဖွင့်ထားတယ်။ အဲဒီမှာ စာရေးကိရိယာလေးတွေ၊ မင်အိုး၊ မင်တံကလေးတွေလည်း ရောင်းတယ်။ ဦးလှနဲ့ သူ့တပည့်ကို ချစ်တင်တို့ တစ်ခါတစ်ခါ ရန်ကုန်ဆင်းပြီး ဆိုင်မှာရောင်းဖို့ စာအုပ်ဝယ်ကြ၊ ပစ္စည်းဝယ်ကြရတယ်။

            ဦးလှက ပုံနှိပ်စက်ကို ဘုန်းကြီးကျောင်းထဲ တဲထိုးပြီး ဖွင့်ချင်လာတာ၊ စာအုပ်ရိုက်ချင်လာတာပါ။

            ကျွန်မတို့နေရာ ကပိုင်တောင်ငူစု ကျောင်းကြီးထဲက တောင်ဘက်က နှစ်ထပ်တိုက်ဖြူကြီး၊ ဆရာတော် ဦးကေသရ သီတင်းသုံးကျိန်းစက်တဲ့နေရာရဲ့ ခြေရင်းက အခန်းတစ်ခန်းမှာ။ စက်ဖွင့်ဖို့တဲက တိုက်ကြီးရဲ့အနောက်ဘက် ကွက်လပ် သရဖီပင်အောက်မှာ။ ၃ ခန်း- ၂ ခန်း တဲရှည်တစ်လုံး သက်ငယ်မိုး ကပ်ကာနဲ့။ တဲရဲ့ နောက်ဘက်အပေါက်နဲ့ တည့်တည့်မှာ တစ်ဆစ်ချိုးတူးထားတဲ့ ကာကွယ်ရေးကျင်းနဲ့ ကျင်းပေါက်။

            'လေယာဉ်ပျံဟေ့' လို့ ဆိုတာနဲ့တစ်ပြိုင်နက် တိုက်ထဲက ထွက်ခဲ့၊ တဲကို ဖြတ်ပြီး အေးကျင်းထဲ ဆင်းကြတာပဲ။ သမီး သန်းယဉ်မာကို အဲဒီတဲထဲမှာ မွေးခဲ့ရတာပါ။ သားကြီး ၃ နှစ်ပြည့် မွေးနေ့လက်ဆောင်စာအုပ် 'ဆုထူးပန်ယောကျ်ား' ကိုလည်း အဲဒီတဲထဲမှာ စီခဲ့ ရိုက်ခဲ့ရတာပါ။

            ဦးလှက စစ်ကြီးဖြစ်နေတုန်းမှာလည်း စာပဲရေးချင်၊ စာအုပ်ထုတ်ဝေတာပဲ လုပ်ချင်နေတာပဲ။ သူ ရန်ကုန်က မန္တလေးကို ပြောင်းလာတော့ သူ့တပည့်နှစ်ယောက် တစ်ပါတည်း သူနဲ့အတူပါလာတယ်။ တစ်ယောက်က ဘိုကလေးသား ကိုကံရှိန်၊ သူ့စာရေး။ တစ်ယောက်က ကိုချစ်တင်။ ကိုချစ်တင်ကတော့ စာစီစာရိုက်အားလုံး တာဝန်ယူနိုင်သူပါ။ အဲဒီ ကိုချစ်တင်က စစ်ပြေးရာလည်း သူနဲ့တစ်ပါတည်း ပါနေတော့ သူလုပ်ချင်တဲ့ စာအုပ်အလုပ်က လုပ်လို့ဖြစ်နေတာပေါ့။

            ဂျပန်စာရေးဆရာ အရှီဟေးဟီးနိုးရဲ့ စာအုပ်ကတော့ ဦးလှ ရန်ကုန်မှာ စာအုပ်အဟောင်းတွေ အစုလိုက် အပြုံလိုက်ဝယ်ရာက ပါလာတဲ့စာအုပ်၊ War and Soldier (စစ်နဲ့ စစ်သား)ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ပြီး ရန်ကုန်မှာတင် ရိုက်တဲ့စာအုပ်ပါ။ ဒီစာအုပ် ကျွန်မတို့ လက်ထဲရောက်လို့ ဖတ်ကြည့်လိုက်တော့ စာအုပ်က ဘာသာပြန်ချင်စရာ ကောင်းနေတယ်။ ဒါနဲ့ ဦးလှက သူတစ်ဝက် ဘာသာပြန်မယ်၊ ကျွန်မ တစ်ဝက်ပြန်ဆိုပြီး (၁) ရွှံ့နဲ့ စစ်သားနဲ့ (၂) ပန်းနဲ့ စစ်သားကို သူဘာသာပြန်ပြီး စာအုပ်ထုတ်ပါတယ်။ ဒီစာအုပ်ဟာ ရန်ကုန်မှာ ရိုက်တာပါ။ ရိုက်တဲ့ကာလက စောလို့ လက်ကျန် news print သတင်းစာစက္ကူမျိုးတွေ ရန်ကုန်မှာ ရှိသေးတာနဲ့ ရိုက်နေကျစက္ကူမျိုးနဲ့ ရိုက်ပြီး ရောင်းချခဲ့ ကြပါတယ်။ ကျွန်မ ပြန်ရမယ့်အပိုင်းရောက်တော့ အချိန်အခါက မကောင်းတော့ဘူး။ ဒါကြောင့် 'ဂျုံနဲ့စစ်သား' ကို ဆုံးအောင် မပြန်နိုင်ဘဲ စာအုပ်ပိုင်းကလေးပဲ ရိုက်နိုင်ထုတ်ဝေနိုင်ပါတော့တယ်။ စတုတ္ထအပိုင်းဖြစ်တဲ့ ပင်လယ်နဲ့ စစ်သားကိုလည်း လုံးဝ မပြန်နိုင်တော့ပါဘူး။

            အရှီဟေးဟီးနိုးရဲ့ စာအုပ်ကို ဘာသာပြန်တဲ့အတွက် ဆုရတဲ့ပိုက်ဆံတွေကိုတော့ ဦးလှက မြန်မာ့တပ်မတော်ကို အားလုံးလှူဒါန်းလိုက်ပါတယ်။

▀

ဆက်လက်ဖော်ပြပါမည်

လူထုဒေါ်အမာ

(အမှတ် ၂၀၈၊ မတ်လ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ
လူထုဒေါ်အမာ

ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၁၂)
လူထုဒေါ်အမာ

ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့ သူ့ဘဝလူထုဦးလှ အပိုင်း (၁၁)
လူထုဒေါ်အမာ

ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထ...