မောင်ဘစီ
၁။
အသစ်ထွက်စာအုပ်များကို
ဖတ်ပြီး ‘အီ’သွားသောအခါ စာအုပ်ဟောင်းများဘက်ဆီသို့ မကြာခဏ ကျွန်တော် ‘အာရုံလှည့်’
တတ်ပါသည်။ တကယ်တော့ စာဖတ်သမားတွေ စာဖတ်ကြသည်ဆိုရာ၌ စာအုပ်အသစ်ကိုမှ၊ အဟောင်းကိုမှ ဖတ်ကြသည်တော့
မဟုတ်ပါလေ။ ကိုယ်အနီးက တောင်လိုမြင့်မောက်နေသော စာအုပ်ပုံကြီးထဲ
လက်ထိုးဖွလိုက်သောအခါ သင့်ရာ စာအုပ်တော့ ပါလာစမြဲဖြစ်သည်။ ထိုစာအုပ်က ကိုယ်ဖတ်ပြီး
ကြိုက်ခဲ့သည့် စာအုပ်ဆိုလျှင် ပြန်ဖတ်ချင်စိတ်က နိုးကြွလာတတ်ကိုး။ တစ်ခါတလေကျ
ကိုယ့်ငယ်စွဲ စာအုပ်တစ်အုပ် ဖြစ်နေတတ်သေးသည်။ ထိုအခါတွင်မူ စဉ်းစားမနေတော့၊
ဖတ်လက်စ စာအုပ်သစ်များကို ခေတ္တချကာ
ငယ်စွဲငယ်ကြိုက်စာအုပ်ကို ဟိုလှန်သည်လှန် ဖတ်မိတတ်ပြန်သည်။ အချိန်မရလျှင်
စာအုပ်ထဲက ကိုယ်ကြိုက်နှစ်သက် စွဲလန်းဖူးသည့် အရေးအသားတွေ၊ ဖြစ်ရပ်တွေကို
ဟိုကျော်သည်ခွ ဖတ်သည်။ အချိန်လေးလည်းရ အာရုံကလည်း ဆိုခဲ့သလို
နိုးကြွလာပြီဆိုလျှင်မူကား အစမှအဆုံးတိုင် တစ်ခေါက် ပြန်ဖတ် ဖြစ်သည်။ ဤသို့နှင့်
ကျွန်တော်တို့ စာဖတ်သမားတွေ၏
စာဖတ်ခရီးတွင် အကြိမ်ကြိမ်ပြန်ဖတ်မိသော စာအုပ်တွေ၏ အရေအတွက်မှာ မနည်းတော့။
တစ်ခါတလေကျ
တစ်နှစ်တစ်ခေါက် ပြန်ဖတ်ဖြစ်သော စာအုပ်ပင်
ရှိချေသေးသည်။
စာအုပ်ဆိုသည်ကလည်း
မကြာခဏ ပြန်ဖတ်လေမှ ယခင်တစ်ခါ ဖတ်စဉ်က သတိမမူမိခဲ့သော ရေးကွက်ကလေးများကို ပြန်လည်
သတိထားမိပြီး အရသာတွေ့တတ်သေးသည်ကိုး။ ဝတ္ထုတစ်ပုဒ်က ပေးစွမ်းသော ရသသည် တစ်ကြိမ်နှင့် တစ်ကြိမ်
မတူသည်ကို စာဖတ်အတွေ့အကြုံအရ သတိထားမိသည်။ ငယ်ရွယ်စဉ် စာဖတ်ဘဝဦးအစတွင် ကိုယ်ထက်
စာဖတ်အတွေ့အကြုံရင့်သူတို့က ‘ဒီစာအုပ် ကောင်းတယ်၊ ဖတ်ကြည့်သင့်တယ်’
‘ဖတ်ကိုဖတ်ရမယ်’ စသည်ဖြင့် စာလမ်းညွှန်တတ်ကြသည်။ ကျွန်တော်တို့ကလည်း စာဖတ်သူတစ်ယောက်ဘဝတွင်
မဖတ်ဖူးမရှိရ၊ ဖတ်ကိုဖတ်ရမည့် စာအုပ်ဟု
သဘောတူလက်ခံကာ ကြိုးစားဖတ်သော်လည်း စာအုပ်တစ်အုပ်က ပေးသော ရသ သို့မဟုတ်
အတွေးအမြင်ကို မဖမ်းမဆုပ်နိုင်သည့် အချိန်တွေ ရှိတတ်သည်။ ဖတ်သော စာအုပ်က မကောင်း၍ မဟုတ်။ စာရေးဆရာက ညံ့၍ မဟုတ်။
ကျွန်တော်တို့၏ ‘စာဝါးမဝ’ မှုကြောင့် စာရေးသူပေးသော အတွေးအမြင် သို့မဟုတ်
ရသကို မခံစား မဆုပ်ကိုင်မိခြင်းမျှသာ
ဖြစ်သည်။ ဒီအချက်ကို
မှန်စွာသဘောမပေါက်လျှင် စာတစ်အုပ်နှင့် ‘လှန်’ သွားတတ်သည်။ စာဖတ်ရအောင်ဟေ့ဆို
‘တော်ပါပြီ’ ဖြစ်သွားသည့် မိတ်ဆွေအချို့ကို ကျွန်တော်တို့၏ နုပျိုသော စာဖတ်စ
နေ့ရက်များတွင် တွေ့ခဲ့ရဖူးပြီ။
စာဖတ်ခြင်းဖြစ်စဉ်ဟူသည်မှာ
စာရေးဆရာနှင့် စာဖတ်သူတို့ နှစ်ဦးနှစ်ဘက် အတွေ့အမြင်ချင်း၊ ဘဝအတွေ့အကြုံချင်း၊
ရသခံစားမှုချင်း နှီးနှောသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ စာအုပ်တစ်အုပ်ကို ဖတ်ရာတွင် တစ်ခါတလေ
စာဖတ်သူက စာရေး ဆရာထက် ရှေ့က ကြိုရောက်နေတာမျိုးရှိသလို၊ စာရေးဆရာက
ရှေ့ရောက်လွန်းပြီး စာဖတ်သူက နောက်ကနေ ခြေတစ်ပေါင်ကျိုးဖြင့်
ထော့နင်းထော့နင်းလိုက်ရတာမျိုးလည်း ရှိတတ်ပါသည်။ တစ်ခါတလေကျ စာရေးဆရာနှင့် စာဖတ်သူ
အပေးအယူမျှ သဟဇာတဖြစ်ကာ တစ်ကြိမ်တည်းဖြင့် စာရေးဆရာနှင့် စာဖတ်သူ နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားတာမျိုးလည်း
ရှိသည်။ စာဖတ်သူက စာရေးဆရာထက် ကြိုရောက်သွားရုံဖြင့် စာရေးဆရာ ညံ့သည်ဟု မဆိုအပ်၊
စာရေးဆရာက ရှေ့က ကြိုရောက်လွန်းနေ၍ ကိုယ်က မလိုက်နိုင်ဖြစ်နေသည်လည်း စာဖတ်သူတစ်ဦးသည်
မိမိညံ့ဖျင်းသည်ဟု မမှတ်အပ်။ အထပ်ထပ် ပြန်ဖတ်ခြင်းအားဖြင့်သာ စာရေးဆရာနှင့်
စာဖတ်သူကြားမှာ နားလည်မှု တိုးပွားလာနိုင်သည်။ သို့နှင့် စာတစ်အုပ်ကို
အခါခါဖတ်ဖို့ လိုသည်။ စာရေးဆရာနှင့်စာဖတ်သူ ထပ်သူမကျသော စာအုပ်များကိုလည်း အခါခါ
ဖတ်သင့် ဖတ်ရသကဲ့သို့ စာရေးဆရာနှင့် စာဖတ်သူ ခံစားမှုချင်း၊ ဘဝအတွေ့အကြုံချင်း
သဟဇာတဖြစ်၍ စာအုပ်တစ်အုပ်ကို ပီတိသောမနစိတ်ဖြင့် အထပ်ထပ် ပြန်ဖတ်မိနေသည့်
အခိုက်အတန်လေးတွေသည် စာဖတ်သမားတိုင်း၏ ဘဝတွင် ကြုံဖူးကြမြဲဓမ္မတာ မထူးဆန်းသော
စာဖတ်အတွေ့အကြုံတစ်ခုသာ ဖြစ်ပါလိမ့်မည်။
ငယ်စဉ်ကတော့
ကျွန်တော်တို့သည် စာဖတ်ရာတွင် အတွေးအခေါ်သစ်၊ အရေးအသားသစ်၊
အကြောင်းအရာသစ်များ နောက်သို့ အာရုံစီးမျောပြီး အငမ်းမရ လိုက်ဖတ်ခဲ့သည်။ ထိုသို့
ဖတ်ရခြင်းတွင် မွေ့လျော်ပျော်ပိုက်ခဲ့ပါသည်။ နောက်ပိုင်း တဖြည်းဖြည်းနှင့်
စာဖတ်အတွေ့အကြုံများလာသည်တွင်မှ ဂန္ထဝင်စာပေများဘက်သို့ လှည့်ပါသည်။ ထိုသို့
လှည့်ရာတွင် ဘာသာပြန်မှတစ်ဆင့် ဖတ်ခွင့်ကြုံရသော
နိုင်ငံတကာဂန္ထဝင်စာကြီးပေကြီးတွေနှင့်သာ အထိအတွေ့များ၊ လက်ပွန်တတီး ရှိခဲ့ပါသည်။
မြန်မာဂန္ထဝင်စာပေဘက်ကိုမူ တော်တော်နှင့် ‘စာခြေဦး’မလှည့်မိခဲ့ရိုး အမှန်ပါ။
စာဖတ်သမားတွေအချင်းချင်း စာဖတ်အတွေ့အကြုံဖလှယ်ကြသော စကားဝိုင်းများတွင် ကျွန်တော်တို့သည်
နိုင်ငံတကာ စာကြီးပေကြီးများကို အားပေါင် အာရင်းသန်သန်နှင့် ပြောဆို
ရည်ညွှန်းနိုင်သလောက် မိမိတို့ မြန်မာစာပေထဲက စာကောင်းစာရင်းဝင်
စာပေအရေးအသားများနှင့် ပတ်သက်၍မူ ‘ခွေးအ လှည်းနင်း’ထားသလို ထစ်အ ထစ်အ
ရှိခဲ့ရပါသည်။ နောင်တွင်မှ ထိုအားနည်းချက်ကို ပြုပြင်ကာ ခေတ်ဟောင်းနှင့် ခေတ်သစ်၊
မြန်မာနှင့် နိုင်ငံတကာ စာပေစုံကို ဖတ်သော ‘နှစ်ဖက်လှ စာဖတ်သမား’ ဖြစ်အောင်
လေ့ကျင့်ယူရပါသည်။ ဖုန်တက်နေသော၊ ဝါကြန့်နေသော စာမျက်နှာဟောင်းများကို
ပြန်လှန်ရပါသည်။ ထိုအခါတွင်မှ ရှေးက စာအရေးအသားတွေမှာလည်း အရသာတွေ့စရာတွေ ရှိပါကလားဟု ‘သိမြင်နိုးကြား’ လာရလေသည်။
၂။
မကြာသေးမီက
စာအုပ်စင်မှ ပြန်ဆွဲထုတ်ယူကာ ဖတ်မိသော စာအုပ်ဟောင်း တစ်အုပ်အကြောင်းကို ကျွန်တော်
ပြန်လည်ပြောပြချင်ပါသည်။ ဤစာအုပ်ကို ယခင်ကလည်း ဖတ်ထားခဲ့ဖူးပြီးဖြစ်ပါသည်။
သို့သော် နည်းနည်းကြာသွားပြီထင်သည်။ ဒါမှမဟုတ် ထိုတစ်ခေါက် ဖတ်စဉ်က
ကျွန်တော်စိတ်ထဲ မစွဲခဲ့၍ ဖြစ်လိမ့်မည်၊ အာရုံထဲတွင် အမှတ်ထင်ထင်မရှိခဲ့ပါ။
ပြီးခဲ့သည့် ရက်ပိုင်းတုန်းကမူ မြန်မာနိုင်ငံသုတေသနအသင်းထုတ်စာအုပ်များကို
ရှေးကပညာရှင်များ မည်သို့ တည်းဖြတ်ခဲ့သလဲ ဆိုသည်ကို လေ့လာလို၍ သုတေသနအသင်းထုတ်
စာအုပ်အချို့ကို စာအုပ်စင်ပေါ်မှ ထုတ်ကာ၊ စာဖတ်စားပွဲပေါ် တင်ထားလိုက်ပါသည်။
သိကြသည့်အတိုင်း မြန်မာနိုင်ငံသုတေသန အသင်းထုတ် စာအုပ်များကို
တည်းဖြတ်ခဲ့သူများမှာ ဦးဖေမောင်တင်၊ ဦးသိန်းဟန်၊ ဦးဝန် စအရှိသော
ပုဂ္ဂိုလ်ကြီးများဖြစ်ပါသည်။ ရှေးဟောင်း မြန်မာစာပေများကို ကျမ်းအမျိုးမျိုးနှင့်
ညှိနှိုင်းကာ ‘မူမှန် မူသန့်’ ဖြစ်အောင် တည်းဖြတ်ခဲ့သော ထိုထိုဆရာကြီးတို့၏
လက်ရာများကို နည်းခံ လေ့လာလို၍
သုတေသနအသင်းထုတ်စာအုပ်အချို့ကို စာအုပ်စင်ကနေ ထုတ်လာခဲ့ခြင်းပါပဲ။
သုသေတနအသင်းထုတ်
စာအုပ်များထဲတွင် ဦးလတ်ရေးသည့် ‘တနန်းပျော်ရင်သွေးတော်’ ဝတ္ထုလည်းပါဝင်သည်။
တည်းဖြတ်သူမှာ ဦးသိန်းဟန်ဖြစ်သည်။ ဦးသိန်းဟန်မှာ သိကြသည့်အတိုင်း
မြန်မာကဗျာစာဆိုကြီး ဆရာဇော်ဂျီ၏ အမည်ရင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် ဦးလတ်၏
ရွှေပြည်စိုးနှင့် စံပယ်ပင် ဝတ္ထုများကို ဖတ်ဖူးခဲ့ပါသည်။ အထူးသဖြင့် ရွှေပြည်စိုး
ဝတ္ထုကိုမူ ဘိလပ်ပြန်မောင်သောင်းဘေနှင့်တွဲ၍ မှတ်မိပြီး စွဲလန်းပါသည်။ ဖခင်ဖြစ်သူ
ဦးရာကျော်သည် သားဖြစ်သူ မောင်သောင်းဘေကို အလွန်ချစ်ရှာသည်။ ချစ်လွန်း၍
ရှိသည့်လယ်မြေများကို ချစ်တီးထံတွင် အပေါင်ထားကာ သားကို ဘိလပ် (အင်္ဂလန်)ပြည်သို့
ပို့သည်။ ဥပဒေပညာကိုသင်၍ ဝတ်လုံတော်ရဖြစ် ပြန်လာသော သားဖြစ်သူအတွက် ဆယ့်သုံးကျပ်တန်
သင်ဖြူးဖျာကို ကတ္တီပါအနားကွပ်ကာ ပြင်ထားသည်။ ဘိလပ်တွင် အနေကြာ၍ ဘိုဆန်လာသော သား
မောင်သောင်းဘေက ကတ္တီပါအနားကွပ် သင်ဖြူးဖျာပေါ်မထိုင်ဘဲ ကုလားထိုင်တွင်
ဝင်ထိုင်သောအခါ ဦးရာကျော် စိတ်မသက်မသာဖြစ်သွားသော အခန်းမှာ ဖတ်သူကို
မမေ့နိုင်စေခဲ့ပေ။
သို့သော်
ဦးရာကျော် စိတ်မပျက်သေး။ ဘိုဆန်သော သားဖြစ်သူ၏ အပြုအမူများမှာ ဘိလပ်တွင်
သင်ယူလာခဲ့သော တိုင်းကြီးပြည်ကြီးသားတို့၏ စိတ်ဓာတ်ဟုပင် ယုံကြည်လျက်ရှိသည်။
နောက်ပိုင်း ချစ်တီးကြွေးမှု ပေါ်လာသောအခါ သားဝတ်လုံရ မောင်သောင်းဘေနေအိမ်သို့
အကူအညီသွားတောင်းသောအခါ မောင်သောင်းဘေ ကော်ဖီသောက်နေ၍ ဒရဝမ်က စောင့်ပါဦး ဆိုသဖြင့်
လှေကားခြေရင်းတွင် စောင့်နေရပုံ၊ နောက်တစ်ခါ သွားသောအခါတွင်လည်း ‘နောက်မှ
စဉ်းစားမည်’ ဆိုကာ မောင်သောင်းဘေ လေညှင်းခံထွက်သွားသောကြောင့် ဦးရာကျော်
ဆွေးရပုံတို့မှာ ဖတ်သူတို့ စိတ်နှလုံးအတွင်း ထိထိခိုက်ခိုက်ဖြစ်၍ ကျန်ရစ်ခဲ့ရသော
စာရေးဆရာ ဦးလတ်၏ အရေးအသားများဖြစ်ပါသည်။
ဦးလတ်သည်
စုစုပေါင်း ဝတ္ထုလေးပုဒ် ရေးခဲ့သည်။ ပထမဆုံး ဝတ္ထုမှာ ‘စံပယ်ပင်’ ၊ ဒုတိယဝတ္ထုမှာ
‘ရွှေပြည်စိုး’။ ထို့နောက် ‘တနန်းပျော်ရင်သွေးတော်’ နှင့် ‘သုံးဘုံ’ ဝတ္တုတို့ကို
ရေးသားသည်။ ‘သုံးဘုံ’ ဝတ္ထုကို ရေးနေစဉ်အတွင်း ဦးလတ် ကွယ်လွန်ရာ ဝတ္ထုမှာ
အဆုံးမသတ်ခဲ့ပေ။ အလားတူ ‘တနန်းပျော်ရင်သွေးတော်’ ဝတ္ထုကလည်း အဆုံးမသတ်နိုင်ခဲ့ပါ။
ဤဝတ္ထုအဆုံးမသတ်ရခြင်းမှာမူ ‘ဝတ္ထုထဲက အမျိုးသမီးဇာတ်ဆောင် မသန့်ကို
အကြောင်းပြုလျက် အပြင်လက်တွေ့ လောကထဲက အမျိုးသမီးတစ်ဦးကို
ထောက်ထားငဲ့ညာလိုသောကြောင့် ဦးလတ် တမင်လက်ရှောင်လိုက်ခြင်း ဖြစ်ကြောင်း’
မှော်ဘီဆရာသိန်းထံသို့ ဦးလတ်ရေးပို့သော တေးထပ်တစ်ပုဒ်ကို ကိုးကား၍ ဤဝတ္ထုကို
တည်းဖြတ်သူ ဦးသိန်းဟန် ဆိုထားပါသည်။ သို့နှင့် အပြီးမသတ်သော ဝတ္ထုတစ်ပုဒ်ကို
ဘာကြောင့် မြန်မာနိုင်ငံသုတေသနအသင်းက တည်းဖြတ် ထုတ်ဝေ ရပါလဲ။
‘တနန်းပျော်
ရင်သွေးတော်ဝတ္ထုသည် သုံးဘုံ ဝတ္ထုကဲ့သို့၊ အဆုံးမသတ်ခဲ့သော ဝတ္ထုဖြစ်သည်။
သို့ရာတွင် ဤအသင်းမှပင် တစ်ချိန်တစ်ခါက ထုတ်ဝေခဲ့ဘူးသော စပယ်ပင်၊ ရွှေပြည်စိုး
ဝတ္ထုတို့ကဲ့သို့ နုပျိုလန်းဆန်း၍ လူ့သဘာဝအဖွဲ့များ၌ ၎င်း၊ ဇာတ်လမ်းစီစဉ်ဖွဲ့စည်းပုံ၌၎င်း၊
ဇဝနဟာသအရာ၌ ၎င်း၊ စံတစ်ဆူပြုလောက်သည်ဟု ယူဆပါသည်။ ထို့ကြောင့် အပြီး မသတ်ခဲ့သော
ဝတ္ထုဖြစ်စေကာမူ မြန်မာနိုင်ငံသုတေသနအသင်းက ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ပါသည်’ ဟူ၍
တည်းဖြတ်သူ ဦးသိန်းဟန်က ‘အမှာစာ’ တွင် ရေးသည်။
ပထမဆုံးအနေဖြင့်
ဤဝတ္တုကို တည်းဖြတ်သူ ဦးသိန်းဟန်
(ဆရာဇော်ဂျီ)သည် ဦးလတ်၏ လက်ရာများကို
နှစ်သက်သူ၊ အကျွမ်းတဝင်ရှိသူဖြစ်ကြောင်း ဆရာဇော်ဂျီ ရေးခဲ့သော ‘ဦးလတ်၏
စပယ်ပင်လောက’ ‘ရွှေပြည်စိုးနှင့် ကျွန်တော်’ စာတမ်းဖတ်ခဲ့လျှင်
ခန့်မှန်းနိုင်ပါလိမ့်မည်။ ထို့ကြောင့် ‘တနန်းပျော်ရင်သွေးတော်’ဝတ္ထုကို
ဆရာဇော်ဂျီ တည်းဖြတ်သည်မှာ အလွန်ဆီလျော် နေရာကျသည်ဟု စာဖတ်သူတစ်ဦးအနေဖြင့်
ကျွန်တော် တွေးလိုက်မိပါသေးသည်။ ဦးလတ်၏ ရုပ်ပုံလွှာနှင့် ပတ်သက်၍
‘ရွှေပြည်စိုးနှင့်ကျွန်တော်’ (၁၉၅၅ ခုနှစ်) စာတမ်းတွင် ဆရာဇော်ဂျီ
ရေးပြခဲ့ပုံကိုလည်း ကျွန်တော်တို့ ပြန်ဖတ်မိပါ၏။
ရွှေပြည်စိုးကို ရစဉ်က ရွှေပြည်စိုးတွင်
ဦးလတ်၏ ဓာတ်ပုံကို ကျွန်တော် ရှေးဦးစွာ တွေ့ရပါသည်။ လူချော လူကြော့ တဦးပေတည်း။
ဆေးပေါ့လိပ် လက်ကြားညှပ်ရာကအစ အသိမ်အမွေ့ ကြိုက်တတ်သူပေတည်း။ ထိုမျှလောက်သော
ကျွန်တော် အကဲခတ်မိသည်။ ဦးရာကျော်၏ ဇာတ်ထုပ်ကို ဖတ်မိသောအခါ ဦးလတ်၏ ဓာတ်ပုံကို
ပြန်ကြည့်ချင် လာသဖြင့် ကျွန်တော် ပြန်ကြည့်သည်။ ဦးလတ်သည် လူချောလူကြော့သက်သက်
မဟုတ်။ အသိမ်အမွေ့ကြိုက်တတ်သူသက်သက် မဟုတ်။ ဝန်းကျင်လောကကို မြင်တတ်သော
မျက်စိရှိသူလည်း ဖြစ်သည်။ ပတ်ဝန်းကျင်လောကကို ကြားတတ်သောနား ရှိသူလည်း ဖြစ်သည်။
ပတ်ဝန်းကျင်လောက၏ အကျိုးအပြစ်ကို သိမြင် ဆင်ခြင်တတ်သောစိတ် ရှိသူလည်း ဖြစ်သည်။
ပတ်ဝန်းကျင်လောကကို ချစ်ခင် စာနာတတ်သောစေတနာ ရှိသူလည်းဖြစ်သည်’
(ဇော်ဂျီ၊ ‘ရွှေပြည်စိုးနှင့်
ကျွန်တော်’ ။ ရသစာပေအဖွင့်နှင့် နိဒါန်း။ ဒုတိယအကြိမ်၊ ရန်ကုန်၊ စိတ်ကူးချိုချို၊
၂၀၀၄))
ဦးလတ်တို့ ဝတ္ထုစတင်ရေးသားစဉ်ခေတ်က
မြန်မာလူမူဝန်းကျင်တွင် ဝတ္ထုဖတ်သည့် အလေ့မှာများစွာ မထွန်းကားသေးပါ။ ဘုရားဟော
ဒေသနာနှင့် ဘာသာရေးအခြေပြု ဇာတ်နိပါတ်တော်တို့မှ လွဲ၍၊ ခေတ်ပေါ်ဝတ္ထုဖတ်လျှင် အပြစ်မြင်တတ်သော
ဓလေ့ကလည်း ရှိနေလိုက်သေးသည်။ ဦးလတ်ဝတ္ထုရေးလာသော နှစ်အပိုင်းအခြားမှာ ၁၉၁၂
ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အတွင်းတွင် ဖြစ်လေသည်။ ဦးလတ် ဝတ္ထုမရေးမီ ရှေ့ပိုင်းတွင်
ဂျိမ်းလှကျော်၏ ‘မောင်ရင်မောင်မမယ်မ’၊ ဝန်စာရေးဦးကြီး၏
‘ချဉ်ပေါင်ရွက်သည်မောင်မှိုင်း’ အစရှိသော ကာလပေါ်ဝတ္ထုများ ထွက်နှင့်ပြီးပြီ။
သို့သော် ကာလပေါ် ဝတ္ထုများအပေါ်ထားရှိသော အချို့သူများ၏ သဘောထားမှာ မကျယ်ပြန့်လှသေးပေ။
ထို့ကြောင့် ဦးလတ်သည် ‘တနန်းပျော်ရင်သွေးတော်’ ဝတ္ထု၏ နိဒါန်းတွင်
ရန်သူမျိုးငါးပါးထဲ မီးသည် ရန်သူတစ်ပါးဖြစ်သော်လည်း ဉာဏ်ပညာနှင့် ယှဉ်၍
အသုံးပြုလျှင် အကျိုးဖြစ်သကဲ့သို့ ဇာတ်ဝတ္ထုများကိုလည်း ဉာဏ်ပညာနှင့်
ယှဉ်၍ဖတ်လျှင် အကျိုးရှိကြောင်း ပြောထားသည်။ ဇနက္ကမင်းကြီးသည် သရက်ပင်ကို မြင်၍
သတိသံဝေဂရတော်မူသည် ဆိုရာတွင် သရက်ပင်က တရားပြ သည်မဟုတ်၊ မြင်သူကြည့်သူက
ဉာဏ်ပညာနှင့် ပြည့်စုံသောကြောင့်သာဖြစ်သည်။ အဝိဉာဏက(သက်မဲ့) ဖြစ်သော သရက်ပင်ကို
လူက ဉာဏ်ပညာနှင့် ကြည့်၍ သံဝေဂရရှိခဲ့သော်၊ လောကကြောင်း ဓမ္မကြောင်းကို ဝေဖန်ပြသော
ဇာတ်ဝတ္ထုကို ဉာဏ်ပညာနှင့် ကြည့်သော် ဖတ်သော် ဘာကြောင့် အကျိုးမဖြစ်ထွန်းဘဲ
ရှိရလိမ့်မလဲ ဆိုသော ဦးလတ်၏ အရေးအသားကို ဖတ်ရသောအခါ ဦးလတ်၏ အပြောအဆို အတင်အပြ
ကျင်လည်ပုံကို မပြုံးမိဘဲ မနေနိုင်။ သူ့ခေတ် သူ့အခါ ဝတ္ထုဖတ်မှုကို ဆန့်ကျင်သောပုဂ္ဂိုလ်များကို
ဝတ္ထုဖတ်လို့လည်း အကျိုးရှိသည့်အကြောင်း သိမ်မွေ့စွာ စည်းရုံးထားသည်ကို
တွေ့နိုင်သည်။ ကာလပေါ်ဝတ္ထုတွေကို ရေးနေသော်လည်း လောကုတ္တရာစာပေများနှင့်လည်း
မကင်းမကွာ အလေ့အလာရှိကြောင်းကို ဦးလတ်သည် (ယခုခေတ်စကားလုံး သုံးရလျှင်) ‘တစ်ကွက်ပြ’
သွားသည်ဟု ဆိုကြပါစို့ရဲ။
လောကီရေးတွင်သာမက လောကုတ္တရာရေးရာများတွင်ပါ ဦးလတ်
ပတ်ပတ်နပ်နပ်ရှိကြောင်းကို ‘တနန်းပျော် ရင်သွေးတော်’ ဝတ္ထုကို ဆက်၍
ဖတ်သွားသောအခါတွင် ကျွန်တော်တို့ ပို၍ တွေ့လာရဦးမည်။
၃။
‘တနန်းပျော်ရင်သွေးတော်’
ဝတ္ထုတွင် အခန်း ၉ခန်း ပါဝင်သည်။ ဇာတ်လမ်းနောက်ခံပြုရာ အရပ်ဒေသမှာ ရေနံချောင်း မြို့ဖြစ်သည်။
အခန်း ၁ ကို အသက် ဆယ့်ကိုးနှစ်အရွယ် အပျိုမလေး ပန်းသီကုံးနေပုံနှင့်
စတင်ဖွင့်လှစ်သည်။ ထိုအပျိုမလေးအမည်မှာ မသန့် ဖြစ်လေသည်။ ပန်းသီကုံးနေရင်းက
အုံ့မှိုင်းနေသော ကောင်းကင်ကို ကြည့်၍ မိုးရွာလိုက ရွာလိုက်ပါတော့လားဟု တစ်ကိုယ်တည်း
ပြောလိုက်စဉ် ‘ရွာတော့ ရွာပါလိမ့်မယ်၊ အကြောင်းကလေး ညီညွတ်ပါစေဦး သန့်သန့်ရယ်’
ဆိုလိုက်သော နောက်နားဆီမှ လူငယ်တစ်ဦး၏ စကားသံ ထွက်လာသည်။ မသန့် ရုတ်တရက် လန့်၍
လှည့်ကြည့်လိုက်သောအခါ ထိုလူပျိုကလေးမှာ မောင်သော် ဖြစ်နေသည်။ မောင်သော်သည်
မသန့်ကို ကျိတ်၍ ချစ်ကြိုက်နေသော လူငယ်လေးတစ်ဦးမှန်း သူတို့နှစ်ဦး အပြန်အလှန်
ပြောကြသော စကားများကို ကြည့်၍ စာဖတ်သူက တဖြည်းဖြည်း ရိပ်စားမိလာအောင် ဝတ္ထုရေးသူက
ဖော်ပြထားသည်။
ရန်ကုန်သို့
အလုပ်ကိစ္စနှင့် သွားမည့် မောင်သော်ကို မသန့်က မဂိုလ်လမ်းထိပ်တွင် ရောင်းသော
ချစ်မပြေ ရေမွှေးဝယ်ခဲ့ပေးပါရန် မှာသည်။ မောင်သော်က ‘ချစ်မပြေ’ ဆိုသော စကားလုံးကို
အဓိပ္ပာယ်နှစ်ခွ (ဒွါဓိပ္ပာယ်ယ) စကားမျိုးဖြင့် သုံးနှုန်းကာ မသန့်ကို
နူးနပ်လေသည်။ ‘စကားများဖြင့် လှဲ့နိုင်ပါပေရဲ့၊ မဟော်သဓာကျေး စကားတတ်နဲ့ တစ်ကျောင်းတည်း
တစ်ဆရာတည်း ထင်ပါရဲ့’ ဟု မသန့်က မခို့တရို့ ဆိုသည်။ ချစ်မပြေရေးမွေးကို
အကြောင်းပြု၍ ချစ်စကားကြိုက်စကားကို လှည့်ပတ်ပြောနေကြသည်။ တစ်နေရာတွင် မသန့်က
စကားစပြန်သည်။
“ သန့်တို့ ငယ်ငယ်
သင်ပုန်းကြီးသင်တုန်းကလေ၊ ဆရာကို မေးတာပေါ့။ ဆရာရယ်၊ ခခွေးယပင့်စသတ်လဲ ချစ်တာဘဲ၊
ခခွေးရရစ် စသတ်လဲ ခြစ်တာဘဲ။ ဘာပြုလို့ ယပင့်လေး ရရစ်လေးလို့ ခွဲထားရသေးသလဲလို့
မေးတော့၊ ဆရာက၊ ယပင့်နဲ့ ချစ်ဆိုတာလဟဲ့။ ဗြမ္မစိုရ်တရားမှာဆိုတဲ့ မေတ္တာ ကရုဏာ
မုဒိတာနှင့် ချစ်ခြင်း၊ သမုဒယတဏှာနှင့် ချစ်ခြင်းများကိုတော့ ယပင့်ရတယ်။
မျက်နှာကို လက်သဲနှင့် ခြစ်ခြင်း၊ စက္ကူပေါ်မှာ ခဲတံနှင့် ခြစ်ခြင်း၊ သည်လို
ခြစ်ခြင်းများကိုတော့ ရရစ်ရတယ်။ အဲသည်လို ဆရာက ပြောတာများ ယခုမှ သတိရလို့
ပြောရပါဦးမယ်။ ယခု မောင်တို့ ယောကျ်ားသားများဟာ မိန်းမများနှင့် တွေ့ကြသောအခါ၊
ချစ်ပါတယ် ချစ်လှပါတယ် ဆိုတာများ ဘယ့်ကလောက်များ ဖဲသုံးချပ်သမားများနှင့်
တူလေတယ်လို့။ ဖဲသုံးချပ်သမားများဟာ ကုလားရုပ်ကြီးပြပြီး အုပ်၍ထား။ ဖွင့်လိုက်တော့၊
ကုလားရုပ်ကြီးမဟုတ်။ ပွင့်ချပ်ကြီးဖြစ်၍နေသကဲ့သို့၊ ယခုလဲ ယောကျ်ားများဟာ သည်လိုဘဲ
အစကဖြင့် ချစ်ပါတယ် ချစ်ပါတယ်ဆိုလို့၊ မိန်းမများက အချစ်ကိုယုံ၍ အချစ်ကိုလဲ
ပုံလိုက်ပါရော၊ ဖွင့်ကြည့်တော့ ယပင့်နဲ့မဟုတ်၊ ရရစ်နဲ့ ခြစ်ကြသူတွေ ပေါလွန်းလို့၊
သန့်တို့ မိန်းမသားများမှာ အပင့်ရစ်နဲ့ ခြစ်ကြသူတွေပေါလွန်းလို့၊ သန့်တို့
မိန်းမသားများမှာ အပင့်အရစ် သတ်ပုံကို အလွန်မှ သတိပြုကြရပါတယ်။ နဲနဲကလေးမှ၊
အမှားမခံဝံ့ကြပါဘူး။ သန့်တို့ဖြင့် ကလေးအမိုက်မို့၊ သတ်ပုံကို အရေးစိုက်၍ နေရပါတယ်
မောင်’’
(မူရင်းသတ်ပုံအတိုင်း။ စာ ၁၇-၁၈)
ဤသို့ဖြင့်
မောင်သော်၏ သူ့အပေါ်ထားသော အချစ်မှာ မည်သည့်သတ်ပုံနှင့်လဲ (အချစ်လား အခြစ်လား) ဟု
စကားအရာ ကျင်လည်စွာဖြင့် စစ်ဆေးသောအခါတွင် မောင်သော်ကလည်း သူတို့ ကျောင်းနေစဉ်အခါက
ဘိုးထိုက်ဆိုသူ သူငယ်ချင်း တစ်ဦးက ဆရာကို လပြည့်နေ့ဆိုတာ လဆန်းဘယ်နှစ်ရက်လဲလို့
မေးသောအခါ ဆရာက ကျောင်းမှာနေတာလည်း ကြာလှပြီ၊ သိသင့်သိထိုက်သည်ကို မေးစရာမရှိဘဲ
မေး၍မို့ ဆရာက ရိုက်သကဲ့သို့၊ ယခုလည်း သန့်သန့်မှာ သူ့(မောင်သော်) ကျောင်းမှာ
နေတာဖြင့် ကြာလှပြီ၊ ယပင့်နဲ့လား ရရစ်နဲ့လားဟု မေးစရာမဟုတ်သည်ကို မေးနေသည့်အတွက် အရိုက်ခံချင်ပလားဟု
‘မပလိ တပလီနှင့် မရည့်တရည်’ပြောလိုက်ပုံမှာ ဦးလတ်တို့ ခေတ်တုန်းက လူငယ်တို့၏
ချစ်ရေးချစ်ရာ စကား အသွားအလာကို ရိပ်စားမိနိုင်ကောင်းပါသည်။
ထို့နှယ်
ရင်တွင်းချစ်စကားများကို နှစ်ဦး အပြန်အလှန် ကလူ၏သို့ မြှူ၏သို့ ပြောဆိုနေကြခိုက်၊
မသန့်၏အမေ အနီးသို့ ရောက်လာသည်။ မောင်သော်ကိုတွေ့တော့ နှုတ်ဆက်ကာ မနက်ဖြန်
ဥပုသ်ရဦးမှာလား မေးသည်။ မောင်သော်က မနက်ဖြန် ရန်ကုန်သို့ သွားမှာကြောင့်
လာနှုတ်ဆက်ကြောင်း၊ သွားရမည့် ကိစ္စမှာ ရေနံတွင်းကိစ္စဖြစ်ပြီး
ဝတ်လုံတော်များနှင့် မေးမြန်းစုံစမ်းဖို့ရာ ဖြစ်သည်။ မသန့်အမေက ‘ဦးသာဘောတို့နဲ့
တွင်းကိစ္စလား’ ဟု ဆိုသောအခါ မောင်သော်က ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။ မသန့်အမေက
ဦးသာဘောတို့များ လောဘကြီးရန်ကော၊ တွင်းတွေ အများကြီးရှိသားနဲ့ ဟု သူ့ဘာသာ
မှတ်ချက်ချသောအခါ မသန့်က ‘မောင်ကြီးသော်တို့ကကော လောဘသားမို့ တရားစွဲ တောင်းနေရ
မဟုတ်လား။ ဦးသာဘောတို့ချည်းဘဲ မေမေက အပြစ်ဖွဲ့မနေပါနှင့်’ ဟု မောင်သော်ကို
မနွဲ့တနွဲ့ကြည့်ပြီး မခနဲ့တခနဲ့ ပြောလေသည်။
မောင်သော်က မငြင်း။
‘သူလဲလောဘ ကိုယ်လဲလောဘပါဘဲ၊ မသန့်ပြောတာ အလွန်မှန်လှပါတယ်’ ဟု ပြောကာ ရယ်နေသည်။
ထို့နောက် မထေ့တထေ့ မပွင့်တပွင့် စကားတွေ ဝေ့ကာ ဝဲကာ ပြောကြပြီးနောက် မောင်သော်သည်
မသန့်ဆီမှ ခွာခဲ့လေသည်။
အိမ်သို့ မောင်သော် ပြန်ရောက်၍ ထမင်းစားသောက်ပြီးလျှင်
ဖခင်ဦးသာဇံနှင့် တွင်းမှုကိစ္စ တိုင်ပင်နေကြသည်။ ထို့နောက် မောင်သော်ကို ဖခင်က
လောကီရေးရာတွင် လိမ္မာရာလိမ္မာကြောင်း ဩဝါဒစကားဆိုသည်။ အဖက သားကို ပြောသော
စကားများအရ မောင်သော်၏ အသက်မှာ မကြာမီ အသက်နှစ်ဆယ်တင်းတင်းရှိတော့မည်ဟု စာဖတ်သူ
သိရသည်။ ထိုပြင် မောင်သော်သည် ခေတ်ပညာကို တတ်သည်။ ဖခင် ဦးသာဇံက သားကို
ခေတ်ကာလအလိုက် အင်္ဂလိပ်စာမတတ်လျှင် မတွင်ကျယ်နိုင်သည်မို့သာ အင်္ဂလိပ်စာကို
သင်ရကြောင်း၊ အင်္ဂလိပ်ကို အထင်ကြီး၍ ဘာသာအယူကိုမူ မပြောင်းလိုက်လေနှင့်။
ခေတ်ပြောင်းလျှင် ထုံးစံများ ပြောင်းရမြဲဖြစ်သော်ငြား ထုံးစံပြောင်း၍
ကောင်းသည်လည်း ရှိ၊ မကောင်းသည်လည်း ရှိသည်မို့ ဘယ်ထုံးစံက ကောင်း၏၊ ဘယ်ထုံးစံက
မကောင်း၏ကို သိရမည်။ ယခုအခါ ခေတ်လူငယ်များ အင်္ဂလိပ် စာသင်ကြားရင်း အချိန်ကုန် နေကြရသဖြင့်
ကိုယ့်မြန်မာစာကို ဖတ်ဖို့ရန် အချိန်မရ။ မဖတ်မိ၍ မသိကြ။ ထို့ကြောင့်
အင်္ဂလိပ်စာကိုလည်း သင်ရန် ၊ မြန်မာစာနှင့်စကားကိုလည်း လစ်လျူမပြုဖို့ရန် ဖခင်
ဦးသာဇံက မောင်သော်ကို ဆုံးမနေသည်။ ထိုဆုံးမခန်းမှာ ဦးလတ် ဤဝတ္ထုကိုရေးသော
အချိန်ကာလတုန်းက မြန်မာလူ့ဘောင်တွင် ဖြစ်ပျက်နေပုံကို တစ်စိတ်တစ်ပိုင်း
ထင်ဟပ်ထားသည်ဟု ခန့်မှန်းရသည်။ ယခုကာလ ကျွန်တော်တို့ ဖြစ်နေပုံနှင့်ကော
ဘာထူးသေးသနည်း။ မြန်မာကလေးများ အင်္ဂလိပ်စာနောက် တစ်ဖက်စောင်းနင်းလိုက်နေ၍
မြန်မာဘာသာစာပေတွင် ယုတ်လျော့လာမှုကို မြင်နေရသည်။ ဦးလတ်တို့ ခေတ်ကထက်ပင်
သာ၍ဆိုးသေးသည်ဟု ဆိုရမည်လားမသိပါပေ။
ဆက်၍
ဝတ္ထုတွင် ဖခင်ဦးသာဇံက မောင်သော်ကို ဆုံးမပုံမှာ ခေတ်မီသည်။ ဦးသာဇံက ပြောသည်။
အဖေဆိုတာ ကြောက်လည်းကြောက်ရသလို မကြောက်လည်းမကြောက်ရ။ ကြောက်ရမည်မှာ အဖေက သားကို
ဒီဟာမလုပ်နှင့် မပြုနှင့်ဟု တားမြစ်ထားသောအရာကို ပြုလုပ်မိမည်ကို ကြောက်ရမည်။ မကြောက်ရဘူးဆိုရာတွင်
အဖေဆိုသည်မှာ လောကတွင်
အကြီးဆုံးသော ခင်ပွန်းဖြစ်သည်။
ခင်ပွန်းဆိုသည်မှာ ချစ်ချစ်ခင်ခင် ပွန်းပွန်းတီးတီး နှီးနှီးရင်းရင်းရင်း ရှိရသည်ကို ဆိုလိုသည်။ ထို့ကြောင့် သားက တိုင်ပင်စရာရှိလျှင် ဖခင်ကို မကြောက်ဘဲ
တိုင်ပင်ရမည်။ သို့ တိုင်ပင်မှသာ အဖေက သည်ဟာဖြင့် သည်လိုရှိရဲ့၊ ဟိုဟာဖြင့်
ဟိုလိုရှိရဲ့ဟု သားအပေါ်တွင် ပဲ့ပြင်နိုင်မည်ဟု ဆိုလေသည်။ ထိုမျှမက ဦးသာဇံက
ဤကဲ့သို့ စကားကုန် ပြောသည်။
“ကာလသား စကားများကိုတောင်
မရှက်နဲ့ဟေ့။ မကြောက်နဲ့ဟေ့။ အဘေတို့ကို ပြောသာပြော၊ တိုင်သာ တိုင်ပင်။ ဘာကြောင့်လဲလို့ဆိုတော့၊
ဥပမာ အဘေတစ်ခုပြောမယ်။ နားမျက်စိမကြီးသေးသူမှာ မသန့်မရှင်းသော အခြားသော
မိန်းမများနှင့် ဆက်ဆံပြီးလျှင် ကိုယ်လက်ကို သုတ်သင်ခြင်းမရှိဘဲ၊ အချိန်ကာလကို
ဆိုင်းငံ့ခြင်း မရှိဘဲ၊ မိမိအိမ်သူနှင့် ဆက်ဆံမိလျှင် ပဋိသန္ဓေကို
ညစ်နွမ်းအားယုတ်စေသတဲ့။ သားသ္မီးအဆက်ဆက်တိုင် အောင်လဲ အန္တရာယ် လိုက်တတ်သတဲ့။
သည်ဟာ ဘာကြောင့်လဲ၊ မလိမ္မာလို့။ နားမျက်စိ မကြီးရှာလို့။ အဲသို့ကြောင့် အဘလုပ်သူတို့ကိုလဲ အရာရာတိုင်ပင်
အပ်တယ်ကွဲ့မောင်ရဲ့။ ဟေ့ လောကမယ်လကွယ်၊ ကောင်းတာကိုလဲ မှတ်ရသကွဲ့။ ဆိုးတာကိုလည်း
မှတ်ရသကွဲ့။ ကောင်းတာမှတ်မှ၊ ကောင်းတာကို သိတယ်။ ဆိုးတာကို မှတ်မှဆိုးတာကို
သိတယ်။ ကျင့်တော့သာ ကောင်းတာတာ
ကျင့်ရတယ်နော်”
(မူရင်းသတ်ပုံအတိုင်း။ စာ -
၂၆ )
ဦးသာဇံ၏
သားကို ဆုံးမပုံမှာ ယခုတိုင် ခေတ်မီနေသေးသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်က
ဝတ္ထုထဲတွင် ဤသို့သော အမြင်များ ဖော်ပြထားသည်ကို ဖတ်ရသောအခါ ကျွန်တော်တို့
မအံ့ဩမိဘဲ မနေနိုင်သည်ကို ဝန်ခံလိုက်ချင်ပါသည်။
၄။
ဦးသာဇံနှင့်
ဦးသာဘောတို့မှာ ရေနံချောင်းမြို့ရှိ တွင်းစားမျိုးရိုးများဖြစ်ကြပြီး၊ ယခုအခါတွင်
အမှုအခင်း အရှုပ်အရှင်း ဖြစ်နေကြကြောင်း ရှေ့တွင် ကျွန်တော်တို့ သိခဲ့ရပြီ။ အခန်း
၂ တွင် ဦးသာဘောအကြောင်းကို စာဖတ်သူတို့ ပို၍ သိလာရပါသည်။ ဦးသာဘောမှာ ရေနံချောင်းမြို့
ရွှေကြာငုံရပ်ကွက်တွင်နေထိုင်သူ လူချမ်းသာ တွင်းစားကြီးတစ်ဦး ဖြစ်သည်။
အသက်မှာ ၆၇ နှစ်ခန့် ရှိပါပြီ။ သူ့ ဇနီးကလေးမှာ အသက် ၁၇ နှစ်သာ ရှိသေးသည်။
အရွယ်ကလေး ငယ်သေးသမို့ အလှအပနှင့် အပျော်အပါးမှာ ဝါသနာထုံသည်။ ထို့ကြောင့်
ဦးသာဘောက အိမ်ဦးခန်းတွင် ဝိမုတ္တိရသကျမ်းကို ဖတ်နေခိုက်၊ သူ့ဇနီးကလေးကမူ
ပြတင်းပေါက်မှ လမ်းမကို ငေးမျှော်လျက်ရှိစဉ် ညနေဘက် မထွေးကလေးဇာတ်ပွဲ
ကပြဖျော်ဖြေမည့်အကြောင်း လမ်းသွားလမ်းလာများ ပြောသွားသောစကားကို ကြားရလျှင် ဇာတ်ပွဲကြည့်ချင်လာ၍
လင်ကို ပူဆာသည်။ ကျမ်းစာဖတ်နေသော ဦးသာဘောအနီး မယောင်မလည် ထိုင်လိုက်ပြီးလျှင်
‘တကတဲမှဘဲတော်၊ ဖတ်ပဲဖတ်နိုင်လွန်း လှတယ်၊ သည့်ကလောက် ဖတ်လို့နေလိုလျှင်
ဘုန်းကြီးဝတ်ပါတော့လား’ ဟု ပြောသည်။ ကျမ်းစာတွင် အာရုံနစ်နေသော ဦးသာဘော
ရုတ်တရက်မကြား၊ ဖတ်မြဲ ဖတ်နေသော ဦးသာဘောကို ဇနီးကလေးက မကြည်ချင်တော့။
‘အောင်မလေးတော်၊ တကတဲမှဘဲ၊ ရဟန္တာများ သမာပတ်ဝင်စားနေသလိုပဲ၊ မကြားနိုင်ဘဲ
ရှိလိုက်တာ’ ဆိုမြည်ရင်းက ခါးကို ပုတ်လိုက်လေရာ ရုတ်တရက်မို့ ဦးသာဘောက
ဒေါသမျက်လုံးဖြင့် ရှုလိုက်သည်။ စာဖတ်နေတုန်း မနှောင့်ယှက်နှင့် ပြောထားသည်ကိုမှ အခု
ဘာလာ နှောင့်ယှက်သလဲဟု ဦးသာဘောက မျက်နှာထားနှင့် ပြောလိုက်လျှင် ဇနီးကလေးက အခုလို
ပြန်ပက် သည်။
“အကြောင်းကိစ္စ အရေးတကြီးရှိလို့မှ
လာမပြောရဘူးလား၊ အရင်တုန်းက ပြောတဲ့စကားတွေ မှတ်မိသေးရဲ့လား၊ ယခုတော့
ဘာမှတ်မိလိမ့်မလဲ။ အရပ်သိအောင် အော်လိုက်ချင်စမ်း လှသနော်။ အရင်က စကားပြောရင်၊
ဘောပြောမယ်၊ ဘောဘောပြောမယ်နဲ့။ မျက်နှာကို သကြားပက်ထားသလို။ ယခုတော့ သကြားမရှိလို့
ဆားငပိနဲ့ ပက်ထားသလား။ အများသိအောင် ဖွင့်ပြောချင်လိုက်စမ်းလှသနော်။ တကတဲမှပဲ။
ကိစ္စရှိလို့ လာမပြောရရင် ရှိပါစေ။ နောက်များဖြင့် ဘယ်တော့မှ အနားကို မလာပါဘူး”
(မူရင်းသတ်ပုံအတိုင်း။ စာ - ၂၉)
သို့နှယ်
ဆိုကာ ဆောင့်ကြီးအောင့်ကြီးနှင့် ခြေရင်းဘက်သို သွားကာ ဦးသာဘောကို ကျောပေး၍
ထိုင်နေလိုက်လေသည်။ ထိုအခါ မယားကလေး ငြူစူသည်ကို မခံစားနိုင်သော ဦးသာဘောခမျာ
မယားအနားတိုးကပ်ကာ လေပြေထိုးသည်။ မယားကလေးက မူမြဲ။ အခုနင်က စာဖတ်နေတုန်းမို့ပါ၊
အခု ဖတ်ပြီးပါပြီဆိုကာ အခါခါ ခေါ်သော်လည်း ပဘာဝတီက ကုသမျက်နှာကို
မကြည့်ချင်သကဲ့သို့ အကြည့်လွဲကာက ဇနီးက နေလေသည်။
ဦးလတ်၏ အရေးအသားအရ ‘အာဟာရကို တောင့်တမျှော်လင့်နေသော နာလန်ထ’ ပမာ
ဦးသာဘောသည် ဇနီးကလေးအနား တိုးကာ တိုးကာ အခုလို ညုလေသည်။ ‘လုံကလေး လာပါလို့ ဆိုနော်။
တကတဲမှပဲ။ စိတ်မကောက်တန်ရာကို စိတ်ကောက်လို့။ စိတ်မဆိုးတန်ရာကို စိတ်ဆိုးလို့’ ဟု
နိဒါန်းပျိုးကာ စာအုပ်ကိုလည်း ရှုပ်ရန်ကောဆိုကာ လွှင့်ပစ်လိုက်လေသည်။ ထို့နောက်
ဆက်၍-
“ဘောဘော ပြောတာ
ဘာသည့်လောက်တောင်လွန်လို့ စိတ်ဆိုးရသလဲဟင်။ တကယ်ဘဲ ဘောဘောပြောတာက လွန်ပစေကာ၊
သည့်လောက်များတော့ သည်းခံဘို့ ကောင်းပါရဲ့။
ဘောဘောကတော့ သည်းခံလိုက်ရတာ ဟိုတနေ့က၊ သည် ဘောဘော နှုတ်ခမ်းမွေးကြီးဟ
ရှုပ်ရန်မှာကောတော်လို့ ဆိုပြီး၊ ကပ်ကြီးနဲ့ ကိုက်လိုက်တာကို ဘောဘောက
စိတ်ဆိုးသလား။ စိတ်ကောက်သလား။ ဘာများ ပြန်လို့ကော ပြောသေးသလဲ။ အဲသည်လို
တယောက်နှင့် တယောက်၊ တဦးနှင့်တဦး လွန်တာ ကျွံတာကို အနွံအတာ ခံနိုင်ကြမှ၊ လောကမှာလဲ
ကောင်း၊ ဓမ္မမှာလဲကောင်း၊ မေတ္တာမှာ ဆက်ကာလောင်းပြီး၊ မပျက်မမုန်းဘဲ တသက်လုံး
ပေါင်းဘို့အရေးတွေကို လုံကလေး တွေး၍ ကြည့်ပါမှပေါ့။ ဘာပြောမလို့တုန်း။ ကဲကဲ
ဘောဘောကို ပြောစမ်းပါအုံး”
(မူရင်းသတ်ပုံအတိုင်း။ စာ - ၂၆ )
ဦးသာဘောက
စိတ်တဏှာဆော့ကာ အချော့ဝင်သောအခါ မသိန်းကြွယ်က အကဲပိုလာသည်။ အခုမှ လာချော့မနေနှင့်ဆိုကာ ဦးသာဘော သူအပေါ်ချုပ်ချယ်ပုံများကို စီကာပတ်ကုံး
ပြောတော့သည်။ သူ့စကားတွေကတစ်ဆင့် ဦးသာဘောမှာ အသက်ချင်းကွာလှသော ဇနီးကလေးအပေါ်
ပူပုံပွားကာ ချုပ်ချုပ်ချယ်ချယ်လုပ်တတ်ပုံကိုလည်း မြင်ရသည်။ အမျိုးအဆွေတွေက
ပြောြကသည်မှာ မသိန်းကြွယ် ချမ်းသာကွက်နင်းမိတာတဲ့။ ဘယ်ဟုတ်ရမလဲ။
ချမ်းသာခွက်ကြီးကို ရွက်ထားရသမို့ အသက်မကြာခင် သေရလိမ့်မည်၊ သည်လောက် ဒုက္ခရောက်မှ
ဘာမှလဲ မစားချင် မဝတ်ချင်ကြောင်း တတွတ်တွတ် ပြောကာ ဦးသာဘော ဆင်ပေထားသော
ရွှေလက်ကောက်များကို ချွတ်ပစ်သည်။ ဦးသာဘောက ကျမ်းစာတွေထဲက အမျိုးသမီးကောင်းတို့၏
ကြန်အင်လက္ခဏာ အမူအကျင့်များကို ထုတ်ဖော်ပြောဆိုတာ တရားပြ ဆုံးမချော့မော့သော်လည်း ဇနီးကလေးမှာ စိတ်ကောက်မပြေနိုင်ချေ။ ထိုစကားတွေကို ဥပုသ်သည်များဆီ
သွားပြောချေပါဆိုကာ စကားနာ ထိုးပြန်သည်။
“ကျွန်မအမေလက်ထဲတုန်းက
တော်ကြီးပြောတဲ့ စကားတွေကို သတိရသေးသလား။ မသိန်းကြွယ်တို့ အမေရယ်၊ သိန်းကြွယ်ဟာ
ဘယ်လို ငယ်လို့ ဘယ်လိုမိုက်မိုက်၊ သင်းက မိုက်နိုင်မလား။ ကျုပ်က
အလိုလိုက်နိုင်မလားဆိုတော နောင်တော့သိပါလိမ့် မဆို။ သင်း ဘယ်လိုဖြုန်းဖြုန်း
ဘယ်လို သုံးသုံး၊ ဘယ်လိုနေနေ၊ ဘယ်ကိုသွားသွား၊ ဖြုန်းပေစေ၊ သုံးပေစေ။ နေပေစေ။
သွားပေစေ ဆိုတာများ သတိရသေးသလား။ အခုမှ မျက်နှာကြီးထားလို့၊ ဘယ်ကိုသွား၊
သွားရမလား။ ဘာကိုသုံး၊ သုံးရမလားတဲ့။ မင်းမှာသစ္စာ၊ လူမှကတိ။ ဥစ္စာမရှိ
ကတိမတည်လို့သာ ကြားဘူးပါတယ်။ ယခု သည်မှာတော့ ဟုတ်တာ သိပြီကိုး၊ တော်ကြီးရဲ့။
ဘာကတိတည်နိုင်ပလဲ” ဆိုကာ မျက်ရည်ဖြင့် မထွက်ဘဲ တလှိုက်လဲလဲ ငိုပွဲဆင်လေသောအခါ
‘နေထိလျှင် အိ၍ ပျောင်းသောပန်းကဲ့သို့ ကိလေသာအနွမ်းမခံ’ နိုင်ရှာသော ဦးသာဘောမှာ
အမျိုးမျိုး လှည့်ကာပတ်ကာ ချော့၍ အလျှော့ပေးရလေသည်။ လိုချင်ရာ လုပ်စေ၊
အခွင့်ပေးရလေသည်။ လက်ကောက် ငါးရံ နည်းသည်၊ ခုနစ်ရံ လုပ်ပါလေ။ လက်စွပ်နှစ်ကွင်းက
ကျောက်နီဖြစ်နေရာ နောက်ထပ် စိန်လက်စွပ်တစ်ကွင်း ဖြည့်စေ။ နားကပ်ကလည်း
ကျောက်နီနားကပ်မို့ ရိုးလှသလေ၊ မနက်ဖြန်ကျ ပုလဲနဲ့ လဲစေ။ ပါးကိုတို့၍ မေးကိုတို့၊
ဘေးကိုတို့၍ ‘နလန်ထ အစားကို မြူသကဲ့သို့’ ချော့မြူလေရာ မသိန်းကြွယ် ပျော့သလိုလို
ရှိလာပါြပီ။ သို့သော် တအောင့်ကြာသော အခါ-
ဘောရယ်….ကနေ့ည ပွဲရှိသတဲ့။
ဘယ်မှာလဲ။
တွင်းကြီးမင်းစုမှာဘဲ။ ကြည့်ချင်တယ် ဘောရယ်။
ဘာပွဲလဲ။
မထွေးကလေး တဲ့။
မထွေးကလေးဆိုတာ ဇာတ်လား၊ ရုပ်သေးလား။
ဇာတ်ရှင့်….ဇာတ်။ ဇာတ်ထဲမှာ အကောင်းဆုံးဘဲ။
သွားကြည့်မယ်နော်။
ပွဲကြည့်တာ ဘာကောင်းသလဲ။
ဘုန်းကြီးများတော့ ဘာကောင်လိမ့်မလဲ။
လူကြည့်ရင်တော့ ကောင်းတာပေါ့။
(မူရင်းသတ်ပုံအတိုင်း။ စာ ၃၅)
ပွဲကြည့်ခြင်း၏
အကျိုးအပြစ်များကို ဦးသာဘောက သိမြင်သဘောပေါက်အောင် စာသံပေသံပါပါ ကျမ်းစာ
အကိုးအကားများဖြင့် ရှင်းပြနေသည်မှာ ကြာသောအခါ ဇနီးကလေး မသိန်းကြွယ်
နားကြားပြင်းကပ်လာဟန် တူပါသည်။ “ကိလေသာ ရာဂကို ရွံတဲ့ လူစုတွေကို သွား၍
ဟောချေပါ။ ကျွန်မတို့ကို မဟောလာပါနှင့်။ တရားဟော ပုဂ္ဂိုလ်တော်ကြီး ကိလေသာ ရာဂ
စင်တယ် မစင်တယ် ဆိုတာ ကျွန်မအသိဆုံးပါ” ဟု ပြန်ပက်လိုက်လေသည်။ ဘောဘော သို့မဟုတ်
ဦးသာဘောမှာ ဘာမှ ပြန်၍ မပြောနိုင်ရှာ။ နောက်ဆုံးတွင် “ဘောဘော
ပြောတာ၊ နေ့စဉ်ပွဲကြည့်တဲ့သူတွေကို ဆိုတာပါ။ တစ်ခါတလေ ကြွယ်တို့လို
အပျင်းပြေသွားကြည့်တာကို ပြောတာမဟုတ်ပါဘူး။ ဘောဘောကလည်း မသွားရဘူး တားတာမှ
မဟုတ်တာကဘဲ။ ဘောလဲ အညောင်းပြေဆိုသလို လိုက်ပါဦးမယ်” ဟူ၍ စိတ်တဏှာကျွန်သဘောပေါက်က
အဝိဇ္ဇာအမွှန်ရောက်ပြီး၊ သိက္ခာကို အလွန်မထောက်ဘဲနှင့်
ပြောလိုက်သည့်အကြောင်း ဦးလတ်က သဘာဝကျကျ ဖွဲ့သောအခါ အိုကြီး အိုမကျမှ မြေးအရွယ်
ဇနီးငယ်ကလေးကို ယူထားမိသော ဦးသာဘော၏ အဖြစ်မှာ စာဖတ်သူကို ပြုံးလည်း ပြုံးမိစေသည်။
ဒီလိုအဖြစ်တွေဟာ လူ့ဘောင်လောကတွင် ဟိုတုန်းကလည်းဖြစ်ခဲ့၊ အခုလည်း ဖြစ်ဆဲပါ ကလားဟု
လူသဘောသဘာဝကို စောကြောဆင်ခြင်စိတ်ဝင်မိစေသည်။ ဦးလတ်သည် ဦးသာဘော၏ စရိုက်ကို
ဤမျှနှင့် မရပ်သေးဘဲ ဆန္ဒန်ဆင်မင်း ဇာတ်လာ
မိဘုရား သုဘဒ္ဒါ၏ အလိုကိုလိုက်ကာ ဆန္ဒဆင်မင်း၏ အစွယ်ကို ယူခိုင်းရန်
အမိန့်ပေးသော ကာသိမင်း၏ အဖြစ်နှင့်ပင်
ဦးသာဘောကို နှိုင်းလိုက်ချေသေးသည်။
“ဦးသာဘောသည်
ပွဲကြည့်ခြင်း၏အပြစ်ကို မြင်သဖြင့် ငယ်စဉ်က ပွဲကို မကြည့်ခဲ့စဘူး။
ပွဲကြည့်ခြင်း၏အပြစ်ကို သိလျက်၊ ပွဲကြည့်ခြင်း၏အပြစ်ကို သိ၍ ထားပါလျက်၊
အဘယ်ကြောင့်လျှင် ဦးသာဘောသည် မသိန်းကြွယ်နှင့် ပွဲသို့ အတူသွား
ရောက်ကြည့်ရှုပါသနည်းဟု အကြောင်းရင်းကို ဘွေရှာသော် ကာသကရာဇ် ဘုရင်မင်းမြတ်သည်
လူတို့၏ မင်းကားမှန်၏။ သို့သော်လည်း ကိလေသာ၏ အစေခံကျွန်ဖြစ်သောအတိုင်း
ဦးသာဘောသည်လည်း အသက်အရွယ် ငယ်စဉ်က၊ ကိလေသာ၏အစေခံကျွန်အဖြစ်မှ မလွတ်နိုင်ရှိစေ၊
အသက်အရွယ်သို့တိုင်ရှိမှ သတိ သံဝေဂမရဘဲ၊ ထိပ်မှာ သံမှိုစွဲသကဲ့သို့ ငယ်စရိုက်ကို
အခဲကြီးခဲ၍ နေသည်မှာ၊ ခွေးသေကောင်ကို လင်းတခဲ့သည့် ဥပမာနှင့် တူလှလေတော့သည် တမုံ။”
(မူရင်းသတ်ပုံအတိုင်း။ စာ ၃၉
)
၅။
ရွှေပြည်စိုး
ဝတ္ထုတွင် ဘိလပ်ပြန်မောင်သောင်းဘေကို ဇာတ်ဆောင်ထား၍ ထိုခေတ်အခါက အင်္ဂလိပ်
ဘိုရူးအချို့ကို သရော်ထေ့လှောင်ခဲ့သော ဦးလတ်သည် ယခု ‘တနန်းပျော်ရင်သွေးတော်’
ဝတ္ထုတွင်လည်း ထိုဉာဉ်ကလေး မပျောက်သေးဟု ထင်ပါသည်။ အင်္ဂလိပ်စာနှင့် ဓလေ့စရိုက်ကို
လွန်လွန်ကျူးကျူး အထင်ကြီးသူများကို ထေ့ထား ငေါ့ထားသည်ကို တွေ့ရပါသည်။ အခန်း ၃
တွင် ဝတ္ထု၏နောက်ပိုင်း၌ ဖြစ်ပေါ်လာမည့် စိတ်ဝင်စားစရာ အခြေခံအကြောင်းကလေးများကို
ဝတ္ထုရေးဆရာက အစပျိုးထားသည်။
ရှေ့တွင်
ပြောထားသည့်အတိုင်း မောင်သော် ရန်ကုန်မြို့ရောက်လာပြီး ဆောင်ရွက်စရာ
အရပ်ရပ်ကိစ္စများ ဆောင်ရွက်ပြီးစီးသောအခါ ရေနံချောင်းသို့ ပြန်ရန် ရန်ကုန်မှ
ပြည်မြို့အထိ မီးရထားစီးကာ ထွက်လာသည်။ ပြည်မြို့ အရောက်တွင် စာပို့မီးသင်္ဘောစီး၍
တစ်ဆင့် ရေနံချောင်းသို့ ခရီးဆက်ရန်ဖြစ်သည်။ မီးသင်္ဘော ဒုတိယခန်းတွင်
ရေနံချောင်းဇာတိ မောင်ဘသွင်နှင့် တွေ့ရှိရသဖြင့် စကားပြောဖော်ရသည်။ သင်္ဘောပေါ်ရှိ
သူတို့အနီးတွင် အခြားခရီးသည် ဘုန်တော်ကြီး သုံးပါးနှင့် ကပ္ပိယသုံးဦးတို့
ထွေရာလေးပါးပြောနေကြခိုက်၊ သင်္ဘောထွက်မည် ဥဩမှုတ်သော် သင်္ဘောပေါ်ရှိ ဧည့်သည်
ပို့သူတို့ အသီးသီး သင်္ဘောမှ ဆင်းသွားကြသည်။ ပြည်မြို့မှ ပွဲစားကြီး
ဦးစံဒွန်းဆိုသူကမူ ကုန်းပေါ်သို့ မတက်သေးဘဲ ဘုန်းတော်ကြီးသုံးပါးတို့ အနီးတွင်
မယောင်မလည်ပြုကာ တစ်ပါးသော ဘုန်းကြီး၏ မျက်နှာကို စေ့စေ့ကြည့်၍ အကဲခတ်နေသည်။
မျက်နှာသိများလားဆိုကာ အနီးပါးသို့ တိုးပြီး မေးမည်ကြံသော်လည်း မကပ်ဝံ့။
ဒုတိယမြောက် ဥဩမှုတ်သည်တွင် သင်္ဘောပေါ်မှဆင်းရန် အလှည့်၌ ကပ္ပိယသုံးဦးအနက် တစ်ဦးကို
မှတ်မိ၍ ‘မောင်ကျောက်ခဲ’ မဟုတ်လား မေးသောအခါ၊ တစ်ဖက်လူက ရုတ်တရက်ကြောင်၍
‘ဟုတ်ပါတယ်’ ပြန်ဖြေကာ၊ ဘယ်သွားမလို့လဲ အမေးကို ‘ရေနံချောင်း သွားမလို့’ ဟု
ဖြေလိုက်သည်။ ‘ဟေ့ မောင်ကျော်ခဲ၊ ဟိုအရှင်ဘုရားဟာ….’ မေးရင်းတန်းလန်းတွင်
ဦးစံဒွန်းအနီးသို့ လူတစ်ယောက်ရောက်လာပြီး ‘အဖေ သင်္ဘောကုန်းပတ်တွေ နုတ်ကုန်ပြီ၊
ဆင်းရအောင်’ ဆိုကာ၊ လက်ဆွဲခေါ်သွားသည်နှင့် စကားစပြတ်သွားသည်။
ပွဲစားကြီး တီးတိုးပြောရင်း ပါသွားသည်။ ဦးလတ်သည် ဘုန်းကြီးသုံးပါးနှင့်
ကပ္ပိယသုံးဦးတို့ အကြောင်းကို ဤမျှသာ ပြောပြီး ရပ်ထားလိုက်သည်။ စိတ်ဝင်စားစရာ
ကောင်းလာပြီ။
မောင်သော်နှင်
မောင်ဘသွင် သူငယ်ချင်းနှစ်ဦးမှာ သင်္ဘောဒုတိယခန်းတွင် စကားတပြောပြောနှင့်
ရှိနေကြသည်။ မောင်ဘသွင်မှ ဘီအေ အောင်သွားပြီ။ သူ စကားပြောသောအခါ
အင်္ဂလိပ်အသုံးအနှုန်းလေးများထည့်ကာ ပြောတတ်သည်။
မောင်သော်နှင့်မောင်ဘသွင်တို့၏ ပြောနေသော စကားများကို ကြည့်ပါ။
‘အိုင်ဆေး’ ကိုသော်။
စကားမစပ်၊ ခင်ဗျား မသိန်းကြွယ်ကို သိသလား။
ဘယ် မသိန်းကြွယ်ပါလဲ။ မသိန်းကြွယ်နှစ်ယောက်
ရှိပါတယ်။ ဦးသာဘောမယား မသိန်းကြွယ်တယောက်ပါ။ တွင်းစားရိုး ဦးကြာရိုး၏သ္မီး
မသိန်းကြွယ်က တယောက်ပါ။ ဘယ် မသိန်းကြွယ်ကို မေးပါသလဲ။
‘ရက်-ရက်’ ဦးကြာရိုး၏ ‘ဒေါ့တား’
မသိန်းကြွယ်ကို မေးပါတယ်။
သိပါတယ်၊ သိပါတယ်။ ငယ်ငယ်က ကျုပ်တို့
ကျောင်းနေဘက်ပေါ့။ ယခု ကြီးမှ တယောက်နှင့်တယောက် တယ်မတွေ့ကြဘူး။ တွေ့ကြပြန်တော့လဲ၊
ရှက်ကိုးရှက်ကန်း။ တရှန့်ရှန့်နှင့် နှုတ်မျှမဆက်ဝံ့ကြဘူး။ ဘာအကြောင်းကိစ္စနှင့်
မေးရပါသလဲ။
‘အိုင်ဆေး’ ကျုပ်ဖြင့်
ခက်နေပြီ။ ကျုပ်တို့ ဘူတာကြီးက၊ ‘သူမ’ နှင့် ‘မဲရီ’ လုပ်ပေးမလို့တဲ့။ ကျုပ် ‘လပ်ဖ’
နေတာက တယောက်။ ကျုပ်နဲ့ ပေါင်းသင်းရမှာကြောင့် ကျုပ် ‘လပ်ဖ’နေတဲ့ ‘ဂဲလ္လ’ နှင့်မှ၊
‘မဲရီ’ လုပ်မယ်လို့ ကြံနေတာဘဲ။
(မူရင်းသတ်ပုံအတိုင်း။ စာ ၄၃-၄၄ )
အမိအဖတို့ကို
‘ဘူတာလေး၊ ဘူတီလေး’ ခေါ်သည်ကို မောင်သော်က မနှစ်မြို့ကြောင်း၊ အခြား ဘာသာခြားတို့
ကြားလျှင်လည်း သင်းတို့ မြန်မာလူမျိုးတွေ အမိအဖကိုပင် မရိုမသေ အဂါရဝနှင့် ခေါ်သည်
အထင်ရောက်လိမ့်အကြောင်း မောင်သော်က မောင်ဘသွင်ကို ပြောလေသည်။ ဤအခန်းတွင်
မောင်ဘသွင်၏ စရိုက်မှာ စာရေးဆရာဦးလတ် တွေ့ခဲ့မြင်ခဲ့ ကြားခဲ့ကြုံခဲ့ဖူးသော
သူ့ခေတ်က အင်္ဂလိပ်စာမှ အင်္ဂလိပ်စာ အထင်ကြီးတော့ လူအချို့တို့၏ စရိုက်လက္ခဏာ
ဖြစ်နိုင်သည်။ မောင်သော်ပြောသော စကားများမှာ အဆိုပါ’ဘိုရူး’ များသို့ ဦးလတ်ပြောလိုသော စကားများပင် ဖြစ်ပါလိမ့်မည်။
ကိုဘသွင်ကမူ
ယခုကာလတွင် မိန်းမဆိုသည်မှာ အင်္ဂလိပ်စာကို တတ်ရမည်။ အင်္ဂလိပ်စာတတ်မှ၊
အချက်အပြုတ် အလုပ်အကိုင်တတ်လိမ့်မည်။ အချက်အပြုတ် အလုပ်အကိုင်တတ်မှ၊ အိမ်ရှင်မဟူ၍
အခေါ်ခံရလိမ့်မည်ဟု ယူဆထားသည်။ အင်္ဂလိပ်စာမတတ်လျှင် စတိုင်ကျကျ မသွားတတ်၊
မဝတ်တတ်၊ မနေတတ်။ ယခုအခါ မြန်မာမိန်းမများ ဝတ်စား ခြင်းသည် ယဉ်ကျေးသော
အနောက်နိုင်ငံတော်ကြီးသားတို့နှင့် အလွန်ကွာခြားနေသည်။ မြန်မာမိန်းများ
ပိန်းတန်းဖိနပ်ကို စီးကြသည်မှာ အလွန်ရှက်ဖွယ်ကောင်းသည်။ ခြေထောက်ကို မြွေ၊
ကင်းစသော အဆိပ်ရှိသတ္တဝါတစ်ကောင်ကောင် ကိုက်လျင် ကာကွယ်နိုင်ခြင်းမရှိဘဲ
ဒုက္ခရောက်ကြမည်။ မောင်ဘသွင်က သူသာ မြို့အုပ်မင်းဖြစ်လာလျှင် မိန်းမအသင်း ဖွဲ့မည်။
ထို့နောက် ကျွဲရေ နွားရေလောက် ထူထဲသော အဝတ်များကို မဝတ်စေဘဲ အဝတ်ပါးကို
ဝတ်ခိုင်းမည်။ ပိန်းတန်းဖိနပ် မစီး စေဘဲ လေဒီရှူးကိုသာ စီးစေမည်။
ငွေပိုက်ဆံများကို အိတ်ထဲမထည့်စေဘဲ၊ လက်ဆွဲသားရေအိတ်၊ ဇာအိတ်များတွင် ထည့်၍
စတိုင်ကျကျဖြင့် မြန်မြန် သွက်သွက် သွားလာလှုပ်ရှားစေမည်ဟူသော အတွေးအယူအဆ
ရှိသူဖြစ်လေသည်။ ထိုအယူအဆရှိသော မောင်ဘသွင်သည် မိဘ (သူ့အခေါ် ဘူတာကြီး) ပေးစားသည့်
မိန်းမကို မယူနိုင်ဖြစ်နေသည်။ မောင်သော်၏ အမြင်ကမူ မောင်ဘသွင်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေသည်။
“ယခု ကိုဘသွင်ပြောလိုက်တဲ့
စတိုင်ဆိုသော အင်္ဂလိပ်စကားမှာ၊ မြန်မာလိုပြန်လိုက်တော့၊ ဟန်ကျတယ်၊ နည်းကျတယ်လို့
ဆိုတာ မဟုတ်ဘူးလား။ သည်တော့ အင်္ဂလိပ်ထုံးစံနှင့် အင်္ဂလိပ်ဟန်ကျခြင်း။
မြန်မာထုံးစံနှင့် မြန်မာဟန်ကျခြင်း။ အသီးသီးသော လူမျိုးများ၌လည်း မိမိတို့
ထုံးစံအတိုင်းနှင့်၊ မိမိတို့ ဟန်ကျခြင်း၊ နည်းကျခြင်း ရှိကြပါတယ်။
ဟန်ကျခြင်းဆိုသည်မှာ မျက်စိပသာဒနှင့်ကြည့်၍ တင့်တယ်သည်ကို ဟန်ကျသည်ဟု ဆိုပါတယ်။
နည်းကျခြင်း ဆိုသည်မှာ ဝတ်ခြင်း၊ စားခြင်း၊ နေခြင်း၊ ထိုင်ခြင်း၊ သွားခြင်း၊
လာခြင်း၊ ပြောခြင်း၊ ဆိုခြင်း၊ အစရှိသော လောကဝတ်၊ ဓမ္မဝတ်များကို ဤသို့ ဤသို့
ပြုရသည်ဟု ရှေးလူဟောင်းများ လမ်းညွှန်ထားသည်ကို နည်းဟု ဆိုပါတယ်။ သည်တော့
ကြည့်စမ်း ကိုဘသွင်။ ယခု ကိုဘသွင် ပြောတဲ့ ဟန်ကျခြင်း နည်းကျခြင်း ဆိုသည်တွင်
ဟန်ကျတယ် ဆိုတာတော့ ရှိပါစေဦးတော့။ မိမိမျက်စိ၌ တင့်တယ်တာတွေကို ဟန်ကျတယ်လို့
အဆိုရှိပေတာကို။ နည်းကျတယ် ဆိုတာကတော့ မဟုတ်ဘဲရှိပါလိမ့်မယ်။ မြန်မာ့ထုံးနည်းကို
မြန်မာက လိုက်ပါမှ၊ အင်္ဂလိပ်ထုံးနည်းကို အင်္ဂလိပ်က လိုက်ပါမှ၊ အသီးသီးသော
လူမျိုးတို့၏ ထုံးနည်းကိုလည်း အသီးသီးသော လူမျိုးတို့က လိုက်ပါမှ နည်းကျသည်ဟု
ဆိုစရာပါ။ ဟန်ကျတိုင်း နည်းမကျနိုင်ပါဘူးကိုဘသွင်။ နည်းမကျလျှင်လည်း ဟန်မကျနိုင်ဟု
မှတ်စရာပါ”
(မူရင်းသတ်ပုံအတိုင်း။ စာ ၄၆-၄၇)
၆။
မောင်ဘသွင်နှင့်
မောင်သော်တို့၏ အပြန်အလှန်စကားများကို ဖတ်ကြည့်လျှင် ထိုခေတ်အခါက အနောက်နှင့်အရှေ့
ယဉ်ကျေးမှုနှစ်ခု ပွတ်တိုက်မှုကို တစ်စွန်းတစ်စမြင်ရပါလိ့မည်။ မြန်မာလူ့ဘောင် အတွင်း
တစစ ဝင်ရောက်ာလာပြီဖြစ်သော အနောက်တိုင်းလူမှုထုံးစံဓလေ့နှင့် ရှိနှင့်ပြီး
ရိုးရာအယူ တို့ကြားက ပဋိပက္ခတစ်ခုလည်း ဖြစ်နိုင်ပါသည်။ ဝတ္ထုရေးသူ ဦးလတ်သည်
အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ဖြစ်သည်။ ရှေးရိုးစွဲအတွေးအခေါ်ရှိသူမဟုတ်။
အနောက်တိုင်းမှ ကောင်းသည့် ဓလေ့အယူ တို့ကို သင့်တော်သလို မြန်မာရေမြေတွင်
တွဲဖက်သုံးစွဲလိုသူ ဖြစ်ဟန်တူပါသည်။ သို့သော် ဦးလတ်သည် မြန်မာစကား တစ်ဝက်
အင်္ဂလိပ်စကားတစ်ဝက်နှင့် မြန်မာစစ်တို့ နားရှက်ဖွယ် ညှပ်ညှပ်ပြောတတ် ဆိုတတ်သော
ဟိုမရောက် ဒီမရောက် သမားတွေကိုမူ မြင်ပြင်းကတ်ဟန် တူပါသည်။ ထိုသူများကို
‘ခြင်္သေ့ရေစွပ်ထားသော မြည်းအလား’ ဟု သုံးနှုန်းသွားသည် ကိုလည်း
သတိထားမိပါသည်။
သို့သော်
‘တနန်းပျော်ရင်သွေးတော်’ သည် မျိုးချစ်စိတ်မြှင့်တင်ရေးဝတ္ထုတစ်ပုဒ်တော့ မဟုတ်ပါ။
လူ့သဘာဝ လူ့စရိုက်ပြ ရသဝတ္ထုတစ်ပုဒ်သာ ဖြစ်ပါသည်။ ဝတ္ထုဖြစ်သည်နှင့်အညီ သူ့နေရာနှင့် သူ အသုံးတော်ခံသော ဇာတ်ဆောင်များ၏
စရိုက်တွင် ဦးလတ်သည် သူ့ခေတ်သူ့အခါက သူကျင်လည်ရာပတ်ဝန်းကျင်တွင် တွေ့နေမြင်နေရသော
လူတွေ၏ စရိုက်ကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်ခဲ့မည်သာ ဖြစ်ပါသည်။ သို့နှင့် မသန့်သည်
လည်းကောင်း၊ မောင်သော်သည် လည်းကောင်း၊
ဦးသာဘောသည် လည်းကောင်း၊ ကိုဘသွင်သည် လည်းကောင်း စာရေဆရာဦးလတ်
မြင်ခဲ့တွေ့ခဲ့ဖူးသော လူ့စရိုက် သဘောတွေ တစ်စိတ်တစ်ပိုင်း ထင်ဟပ်နေမည်သာ
ဖြစ်ပါသည်။
ဝတ္ထုရေးဆရာဦးလတ်သည်
ရေနံချောင်းသွား မီးသင်္ဘောပေါ်တွင် လူစိမ်းသုံးဦးနှင် ဘုန်းတော်ကြီး သုံးပါးကို
မောင်သော် နှင့် ဆုံပေးထားသည်။ မောင်သော်တို့သည့် သင်္ဘောပေါ်တွင်
ဘုန်းတော်ကြီးသုံးပါးကို ကာဖီနှင့် မုန့်များ ကပ်လှူသည်။ တစ်ပါးသော ဘုန်းတော်ကြီးက
ဒကာလေးတို့ ဘယ်ကလဲ မေးရာ၊ ရေနံချောင်းကမှန်း သိသောအခါတွင် ရေနံချောင်းက ဘယ်သူဘယ်ဝါ
နေထိုင်ကောင်းကြရဲ့လား မေးသောအခါ မောင်သော်ကလည်း သိသမျှ ဖြေပါသည်။ သူတို့
စီးနင်းလာ သော စာပို့သင်္ဘောသည် မင်းလှဆိပ်ကမ်းတွင် ဆိုက်သည်။ ဘုန်းတော်ကြီး
နှစ်ပါး သင်္ဘာပေါ်က ဆင်းသွားသည်။ ကပ္ပိယ မောင်ကျောက်ခဲ့နှင့် ဘုန်းကြီးတစ်ပါးသာ
ကျန်ရစ်ကာ ခရီးဆက်သည်။ ညသို့ ရောက်သောအခါ
မောင်ကျောက်ခဲက ဘုန်းတော်ကြီးကို
ပြည်မြို့ဆိပ်ကမ်းတွင် ပွဲစားကြီး ဦးစံဒွန်းက သူ့ကို ရုတ်တရက်
‘မောင်ကျောက်ခဲ’လား မေး၍ ပြန်ဖြေပုံ တို့ကို ခရေစေ့ တွင်းကျ ပြန်လည်
လျှောက်တင်သည်။ ထို့အခါ ဘုန်းတော်ကြီးက ‘ဟဲ့ ကျောက်ခဲ၊ သတိဆိုတာ လွန်တယ် မရှိဘူးနော်။
ငါ့လက်သုံးတော်ဓားကော မောင်မင်း’ ဟု မေးရာ၊ ကျောက်ခဲက ‘ရှိပါတယ်ဘုရား၊
ခေါင်းအုံးအိပ်မလို့ပါ’ ပြောရင်း နှစ်ဦးသား ခေါင်းချင်းဆိုင်ကြလေသည်။ ဤတွင်
စိတ်ဝင်စားစရာ ဖြစ်လာရတော့သည်။
ယခင်က
မန္တလေးနှင့် ရန်ကုန် အစုန်အဆန်သွားသော သင်္ဘောများသည် ရေနံချောင်းမြို့တွင် ဆိုက်ကပ်နိုင်ခဲ့သော်လည်း
ဦးလတ် ဤဝတ္ထုကို ရေးသောအချိန်၌
ဧရာဝတီမြစ်ကြောင်းတွင် သောင်များ ထွန်းလာ၍
ရေနံချောင်းအောက်ဘက်က ညောင်လှဆိုသော ရွာတွင် သင်္ဘာဆိုက်ရသည်။ ယခု မောင်သော်တို့ စီးနင်းလာသော
သင်္ဘောဆိုက်ချိန် မွန်းလွဲပိုင်းတွင် ရေနံချောင်းမြို့အုပ်မင်းနှင့်
အင်စပိတ်တော်တို့ နှစ်ဦးက အသင့်စောင့်နေသည်။ သံမဏိမင်းသား (နာမည်ဝှက်)သည်
ဘုန်းတော်ကြီးယောင်ဆောင်၍ အခြား ဘုန်းတော်ကြီးနှစ်ပါးနှင့် အတူ ကပ္ပိယမောင်ကျော်ခဲ ဆိုသူနှင့် ရေနံချောင်းသို့ ထွက်လာကြောင်းကို ပြည်မြို့က
အင်စပိတ်တော် မောင်ချိန်က
ရေနံချောင်းမြို့က အင်စပိတ်တော် မောင်ကြားကြီးထံ စာပို့လိုက်၍ ယခု
မြို့အုပ်မင်းနှင့် အင်စပိတ်တော်တို့ ဖမ်းရအောင် လာစောင့်နေခြင်းဖြစ်သည်။ သို့သော်
သင်္ဘောစီးခရီးသည်များထံ တက်ရောက်ရှာဖွေသောအခါ
သူတို့ ရှာလိုသူကို မတွေ့။ ခရီးသည်များထံ မေးတော့ အမျိုးမျိုးပြောသည်။
အချို့က မင်းလှမြို့မှာ နှစ်ပါးဆင်းသွားပြီ ပြောသည်။ မြို့အုပ်မင်းက
မောင်သော်နှင့် မောင်ဘသွင်တို့ နှစ်ဦးကိုလည်း
အကြောင်းအကျိုးမေးသည်။ မောင်သော်က
သူမြင်သမျှ ပြန်ဖြေရာတွင် ဘုန်းတော်ကြီးဆူသူမှာ ရဟန်းအစစ်နှင့်ပင် တူပါ၏။ သို့သော်
ဦးမင်း (မြို့အုပ်မင်းတို့) စဉ်းစားရန် အကြောင်းတစ်ခုမှာ သည်ကိုယ်တော်ကြီးသည်
နိုင်ငံတော်အရေးကိစ္စများ ပြောဆိုရာတွင် ကျင်လည်ရုံမက အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊
အီတလီနိုင်ငံများ၏ အဝန်းအကျယ်ကအစ အိမ်ခြေလူနေနှင့် ကုန်းတပ်၊ ရေတပ်၊
ကောင်းကင်တပ်များအကြောင်းကိုပါ နှံ့စပ်စွာ သိပေကြောင်း၊ စကားပြောသောအခါများတွင်
အင်္ဂလိပ်လို အခေါ်အဝေါ်များ၊ ပြင်သစ်လို အခေါ်အဝေါ်များတွင် အလွန်ပီသစွာ
ပြောနိုင်သည့် ကိုယ်တော်ကြီး ဖြစ်ကြောင်း သူသိသမျှ မြင်သမျှ ဟုတ်မှန်စွာ
ပြောပြလေသည်။ ဤတွင် မြို့အုပ်မင်းက
အင်စပိတ်တော်ဘက်သို့ လှည့်၍-
“အင်စပိတ်တော်မင်းရဲ့၊
အင်စပိတ်တော်မင်း ဘုန်းကြီးသည် ရေနံချောင်းက ဘယ်မှ မလွတ်နိုင်ပါဘူး။ သင်္ဘောပေါ်ကအဆင်း၊ လူဝတ်လဲသွားတယ်လို့ ကျုပ်ဖြင့် သဘောရပါတယ်။ ရုပ်ခွဲ၊ နံခွဲကတော့၊
တကယ်တော်တဲ့ မင်းသားလို့ အင်္ဂလိပ်သတင်းစာများတွင် ခဏခဏ ဖတ်မိပါတယ်။ တာကြောင့်
အင်စပိတ်တော်မင်းက ရေနံချောင်းမြို့၌ အရပ်ရပ်ကျောင်းတိုက်တို့ကို အင်စပိတ်တော်မင်းကိုယ်တိုင်
ရုပ်ဖျောက်နှင့် စုံစမ်းလိုက်စမ်းပါအုံး”
(မူရင်းသတ်ပုံအတိုင်း။ စာ ၄၆-၄၇)
ထို့နှယ်ပြော၍
လူချင်းခွာခဲ့ကြလေ၏။ ဝတ္ထု၏ အခန်း ၆ တွင် ဦးလတ်သည် လောကတွင် ရှိသော မိန်းမလှ၊
မိန်းမယဥ် မိန်းမချော ဟူသည်ကို အတော်လေး ကျယ်ပြန့်စွာ ဋီကာဖွင့်ပြထား သေးသည်။
လှသော် ယဉ်သော် ချောသော် ရှိပြန်လျှင်လည်း လောကတွင် ထင်ပေါ်ကျော်စောခြင်း
ရှိဖို့ရန်မှာ ခက်သေး၏။ အမျိုးဂုဏ် သီလဂုဏ် ပညာဂုဏ် အလိမ္မာဂုဏ် ဥစ္စာ ပစ္စည်းဂုဏ်
စသဖြင့် တစ်ခုခုရှိမှသာ ကျောစောသတင်း ပျံ့နှံခြင်း ရှိတတ်သည်။ အထူးသဖြင့် ဤခေတ်မှာ
ဓနခေတ်ဖြစ်၍ ပစ္စည်းဂုဏ်ရှိလျှင်သာ၍
ကျော်စောနိုင်သည်။ ဝတ္ထုရေးသူ ဦးလတ်ပြောလိုရင်းမှာ မသန့်သည့် အထက်ပါ ဂုဏ်တို့နှင့်
ပြည့်စုံတန်သလောက် ပြည့်စုံသည့် အကြောင်းပင် ဖြစ်သည်။ သို့တိုင်
ငွေကြေဥစ္စာအနေနှင့် မသန့်တွင် ကုံကုံလုံလုံ မရှိတတ်သည်ကို စာဖတ်သူတို့
သိပြီးဖြစ်ပါသည်။ ပြီးလျှင် သူ့အမျိုးဇာတိကိုလည်း ဝတ္ထုရေးသူက အခုထက်တိုင်
မဖော်ပြသေးချေ။ ရေနံချောင်းဇာတိသားတို့ မဟုတ်မျှလောက်သာ အရိပ်အမြွက် သိထားရသည်။
ထိုနေ့မနက်က
မသန့်သည် မိခင်ဖြစ်သူနှင့်အတူ ဘုရားက အပြန်၊ အိမ်အဝသို့ အရောက်တွင် မောင်သော်နှင့် ပက်ပင်းတွေ့ရသည်။ မိခင်က
‘မောင်သော် ဘယ်တုန်းက ပြန်ရောက်သလဲ’မေးရာ၊ မသန့်ကို ငေးကြည့်နေပြီးမှ
(ငေးကြည့်နေသည်မှာ မသန့်၏ အလှပ ဒီနေ့တွင်မှ ထူးခြားစွာ လှနေ၍ ဖြစ်နိုင်သည်) ‘မနေ့ကပဲ
ပြန်ရောက်ကြောင်း’ ဖြေသည်။ မောင်သော်နှင့် မသန့်ကို အိမ်တွင် စကားပြောစဉ် မိခင်က
နေထိုင်မကောင်းသည့် အိမ်နီးချင်းထံ သတင်းမေးထွက်သွားသည်။ မသန့် မှာလိုက်သည့်
ချစ်မပြေရေမွေးလည်း သုံးပုလင်းတောင် ဝယ်လာ၍ မသန့်မှာ အလွန်
ရွှင်ပြကြည်နူးလျက်ရှိသည်။
အခန်း ၇
တွင်မူ ဦးလတ်သည် ‘လောက၌ ယောက်ျား မိန်းမဟူသည် ဆိတ်ကွယ်ရာ ရသောအခါ အလွန်လျှင်
သိက္ခာဣန္ဒြေကို စောင့်ရှောက်နိုင်ခဲသည်’ အစချီကာ နှစ်ကိုယ်တည်း ကျန်ရစ်သော
မောင်သော်သည် မသန့်ကို လူငယ်တို့ဘာဝ ချစ်ရေးဆိုလေတော့သည်။ ဤအခန်းတွင် စာရေးဆရာ
ဦးလတ်၏ ကလောင်စွမ်းမှာ ဖတ်သူကို အလွန်ဆွဲဆောင်နိုင်သည်ဟု ကျွန်တော်တို့
ဆိုလိုက်ချင်ပါသည်။ မသန့်နှင့် မောင်သော်တို့ အပြန်အလှန် ရင်တွင်းသဘောမှာ
ငုပ်လျှိုးနေသော အချစ်စိတ်ကလေး တဖြည်းဖြည်း နုရာမှ ရင့်၊ ရင့်ရမှ မှည့်၊ မှည့်ရာမှ
ကြွေလာပုံကို ဦးလတ်ဖွဲ့နွဲ့တင်ပြပုံမှာ သူ့ခေတ် သူ့အခါ စာဖတ်ပရိသတ်မှာ မည်သို့
ရှိကြမည့်မသိ။ နှစ်ပေါင်းတစ်ရာလောက်ကြာမှာ ဖတ်ရသော ကျွန်တော်တို့၏ အာရုံကိုလည်း
အတော်လည်း ဆွဲငင်နိုင်ပါပေသည်။ ထို့ပြင် ‘လူပျိုလှည့်’ ‘အပျိုလှည့်’ ခြင်းဆိုင်ရာ
ဝေါဟာရသုံးနှုန်းပုံလေးများလည်း ဗဟုသုတဖြစ်ဖွယ် ပါလိုက်သေးသည်။ မောင်သော်နှင့်
မသန့်တို့ တစ်ဦးအချစ်ကို တစ်ဦးက ဖွင့်ဟလာအောင် စကားအလင်္ကာ ထွေလီကာလီပြောဆိုပြီး၍
တစ်ဦးအချစ်ကို တစ်ဦးက သိမှတ်လာသောအခါ မောင်သော်က မသန့်၏ လက်ကလေးကို ဆတ်ခနဲ ဆွဲကိုင်လိုက်သည်။
ထိုမြင်ကွင်းလေးကို ဦးလတ်က ဤနှယ် သရုပ်ဖော်၏။
‘မြွေမိသော ဘား(ဖား)၊
ကျားမိသော သမင်ကဲ့သို့ မသန့် အထိတ်တလန့် ဖြစ်ပြီးလျှင်။ မောင်သော်ကို ကြည့်၍-
ဘယ့်နှယ့်ဟာလဲ မောင်…. သည်ဟာ။
ချစ်လို့ကိုင်တာပေါ့။
ကိုင်လို့ မချစ်တာပေါ့။
မချစ်ဘဲ ကိုင်ပမလား။
ချစ်ရင် မကိုင်ရဘူး။
ဘာြပုလို့။
လွှတ်။ ပြောမယ်။
ပြော။ လွှတ်မယ်။
မလွှတ်ရင် မပြောဘူး။ လွှတ်လွှတ်။
မပြောရင်လည်း မလွှတ်ဘူး။
တအောင်ကြီးကြာပြီးမှ၊ မောင်သော်က ကဲ ကဲ
လွှတ်ပါပြီ သန့်ရယ်။ စိတ်မရှိတော်မူပါနှင့်။ သန့် စိတ်ကို စမ်း၍ ကြည့်တာပါ။
ကဲပြောမယ်ဆိုတာ ပြောစမ်းပါအုံး။
မျက်စောင်းထိုးခြင်း၌ ဒေါမနဿမျက်စောင်း၊
သောမနဿမျက်စောင်း နှစ်မျိုးရှိရာတွင်၊ မောင်သော်က လက်ကို လွှတ်လိုက်သောအခါ မသန့်က
အောက်ပါအတိုင်း ပြောလိုက်သည်ကို၊ စာရှုသူအပေါင်းတို့သည် မသန့်၏ မျက်စောင်းကား
မည်သို့သော မျက်စောင်းဟု သိတော်မူကြပြီးသားပါ။
(မူရင်းသတ်ပုံအတိုင်း။ စာ
၉၈-၉၉)
ချစ်ရည်လူးနေသော
မောင်နှံနှစ်ဦးအတွက် ကြာကြာ တွတ်မထိုးလိုက်ရ။ တအောင့်နေသော လူမမာသတင်းမေးသွားသော
မသန့်အမေ အိမ်ပြန်လာသည်။ မသန့်အမေ တက်လာပြီး ထမင်းအိုးတစ်လုံးချက်ခန့်
အချိန်ကြာလျှင် တံခါးဝတွင် တစ်ထွာကျော်သော မုဆိတ်မွေးများနှင့် ကုလားဘုန်းကြီးတစ်ပါး
ပေါ်လာသည်။ မသန့်မိခင်က အလှူခံမှတ်၍ သမီးကို ဆန်တစ်ခွက် လှူခိုင်းလိုက်သည်။
မောင်သော်ကလည်း မတ်စေ့တစ်စေ့ထုတ်၍ လှူသည်။ ကုလားဘုန်းကြီးက ‘စာဓု စာဓု စာဓု’ ဆိုကာ
လက်နှင့်တား၏။ မောင်သော်က ဘာအလိုရှိပါသလဲ မေးရာ၊ ဘုန်းကြီးက မောင်သော်ကို တစ်လှည့်
မသန့်ကို တစ်လှည့် စေ့စေ့ကြည့်ကာ ဘာတော်စပ်သလဲ မေးသည်။ မောင်သော်က မောင်နှမ
ဟုဖြေသည်။ မောင်နှမဆိုသော်လည်း အဖေတစ်ခုတည်းက မဟုတ်ဘူး၊ ဟိုမှာ ထိုင်နေတာ
မိန်းကလေး မာမာ မဟုတ်လား ဘုန်းကြီးက မေး၍ အားလုံးအံ့အားသင့်ကြသည်။ ဘုန်းကြီးက သူ
ဗေဒင်နည်းနည်း တတ်ပါသည်ဆို၍ မသန့်ကို လက္ခဏာကြည့်ပေးမည် လက်ပေးပါ ဆိုလျှင် မသန့်မှ
လန့်၍ မိခင်နားကပ်သည်။ ထိုအခါ ထမင်းစားတဲ့ လက်မပြနှင့်၊ ဟိုဘက်က လက် ပြပါဆိုသော်
လက်ကိုပြလိုက်လျှင် ကြည့်ကာ ပြောသည်။
‘မိန်းကလေး မာမာသည်
စိတ်မကောင်းတာ ငါးနှစ် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကျော်ကျော်ရှိလာပြီ၊ အဝေးကြီးက
သည်မှာလာတယ်။ အဝေးကြီးကို သွားချင်တယ် မရှိဘူး။ အဝေးကြီးကို ခဏခဏ စိတ်မှာ ရှိတယ်။
ကိစ္စမရှိဘူး။ မိန်းကလေး ချစ်တဲ့လူနဲ့ မကြာခင် တွေ့ပါလိမ့်မယ်။ မိန်းကလေးမာမာ
ချစ်တဲ့လူနဲ့ မကြာခင် တွေ့ပါလိမ့်မယ်။ စိတ်ကောင်းကောင်းဖြစ်လာမယ်။ စိတ်မပူနဲ့”
(မူရင်းသတ်ပုံအတိုင်း။ စာ ၁၀၃-၁၀၄)
ထူးဆန်းသော
လက္ခဏာအဟောကို ကြားသော် အားလုံးတစ်မျိုးတစ်ဖုံဖြစ်ကုန်ကြသည်။ အဝေးအရပ်က
လာသည်ဆိုသည်မှာ မသန့်တို့ သားအမိသည် ရေနံချောင်းသို့ မရောက်မီ ဆင်ဖြူကျွန်းတွင်
နေခဲ့သည်ဟု ဤနေရာတွင် သိရသည်။ သူတို့နောက်ကြောင်း ဘယ်သို့ ရှိသည် မသိရ။
မောင်သော်ကမူ ဘာပဲဖြစ်ဖြစ် စုတ်ကောလာဘ်ကော ဝင်မည်အဟော ပါပဲဟု မသန့်တို့ သားအမိကို
ဖြောင်းဖြကာ အိမ်ပေါ်က ဆင်းသွားသည်။
ခုနက
ကုလားဘုန်းကြီးမှာ မသန့်တို့ ခြံဝန်း အရိပ်ကောင်းသောနေရာတွင် ခေတ္တ နားခိုနေသည်။
မသန့်တို့ သားအမိ အိမ်တွင် အသက်ရှစ်ဆယ်ကျော် ဘိုးရေချမ်းဆိုသူ ရှိသည်။
ကုလားဘုန်းကြီးသည် အိမ်အောက်တွင် ပြည်တောင်းရက်နေသော ဘိုးရေးချမ်းကို
စပ်စပ်စုစုလုပ်သည်။ အိမ်ပေါ်က သားအမိနှင့် ဘာတော်သလဲ။ မိန်းကလေးမှာရော လင်ရှိသလား၊
မိန်းကလေးအမေမှာရော လင်ရှိသလား စသဖြင့် မေးရာ ဘိုးရေချမ်း စိတ်မရှည်ဘဲ ဟောက်သည်။ ‘ဆရာကြီး
စိတ်မဆိုးပါနှင့်’ ပြောကာ ဘုန်းကြီးသည် အိမ်ပေါ်သို့ တဖန် တက်ပြန်သည်။
ကုလားဘုန်ကြီးကို မြင်သော် မသန့်အမေက ဘာလိုချင်သလဲ ဘာလုပ်မလို့လဲမေးရာ မသန့်အမေကို
ဘုန်းကြီးသည် မုတ်ဆိတ်ကို သပ်ရင်း စေ့စေ့ကြည့်နေသည်။ ပြီးမှ ဘေးဘီဝဲယာကို ကြည့်၍
ဒီအိမ်ကလူတွေ အားလုံးချမ်းသာလိမ့်မည်၊ နားထောင်မလား မေးသည်။ ဘုန်းကြီးအသံကို
ကြားတိုင်း မသန့်မိခင်သည် ကြက်သီးထနေသည်။ သိချင်ချင်လည်း ရှိ၍ ‘နားထောင်ပါမယ်
အရာကြီး’ ဟု ဆိုလိုက်လေသည်။
ဘုန်းကြီးက
မသန့်တို့ သားအမိ သည်ရွေ့သည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်မှာ ယခု အိမ်ထဲတွင်
ဘီလူးရှိနေသောကြောင့်ဖြစ်သည်။ ထိုဘီလူးကို နှင်ရမည်။ ကုလားဘုန်းကြီးက ပြောသောအခါ
မသန့်တို့ သားအမိနေစရာမရှိအောင် ကြောက်လန့်သည်။ ကုလားဘုန်းကြီးက
‘ဘေဘေဘုန်းကြီးရှိပါတယ်’ ပြော၍ ဘီလူးနှင်ရန် အိမ်ခန်းထဲသို့ သုံးယောက်သား
ဝင်ကြသည်။ အခန်းတွင် ရောက်လျှင် ဆံပင်မုတ်ဆိတ် နှုတ်ခမ်းမွေး စသည်တို့ကို ဖြုတ်၍ မျက်နှာကို
သစ်လိုက် သည်။ ပြီးတော့ မသန့်တို့ သားအမိနှစ်ယောက်ဘက်သို့ မျက်နှာလှည့်ကာ
‘မထွားပျို၊ ကိုယ်တော်မြတ်ကို မှတ်မိရဲ့လား’ ဆိုလိုက်လေသည်။
ဘာဖြစ်မှာလဲဟူ၍
မသန့်တို့သားအမိနှင့်အတူ တထိတ်ထိတ်ဖြစ်နေသော စာဖတ်သူကို အခုမှ
သက်ပြင်းချနိုင်တော့သည်။ မှန်သည်။ တိုင်းရေးပြည်ရေးရှုပ်ထွေးနေ၍ ကွဲကွာနေသော
မသန့်တို့ မိသာစု အခုမှ ပြန်ပေါင်းထုတ်နိုင်သည်။ သင်္ဘောပေါ်တွင်
ဘုန်းတော်ကြီးယောင်ဆောင်၍ အင်စပိတ်တော်တို့ ရှာဖွေမှုကို မျက်လှည့်ပြ၍ ထွက်ခဲ့သူ၊
အာဏာပိုင်တို့က အလိုရှိနေသော ‘သံမဏိမင်းသား’ဟု ရည်ညွှန်းခံရသူမှာ မသန့်၏ ဖခင်ပင်
ဖြစ်လေသည်။ ဇာတ်ကိုချုပ်ရလျှင် မသန့်သည် ရေနံချောင်းတွင် မရှိမရှား၊ တနည်းအားဖြင့်
နွမ်းပါးရှာသူလေး မဟုတ်။ တိုင်းပြည်ရေးရာ ရုတ်ရုတ်ရက်ရက်ဖြစ်ခိုက်တွင်
ပုန်းလျှိုးနေရသူ မင်းပါးစိုးနွယ်ထဲက တစ်ဦးဖြစ်သည်။ ကိုယ်တော်ကြီးဆိုသူနှင့်
သူ့မိခင် မယ်ထွားတို့ စကားအရ ကိုယ်တော်ကြီးမှာ နိုင်ငံတော်ရေးကိစ္စအတွက် တစ်ပြည်တစ်ခြားတွင်
စံနေရသည်။ မယ်ထွားမှာ မသန့်ကိုယ်ဝန်နှင့် ဆင်ဖြူကျွန်းဘက်မှာ မထင်မရှားနေရသည်။
ထိုအခိုက် မသန့်ကို ဖွားသည်။ ကိုယ်တော်ကြီးမှ ဒုက္ခခံစားရှာသူ သမီးအလိမ္မာကလေး
မသန့်ကို သူနှင့် ခွဲခွာရခိုက် ပစ္စည်းဥစ္စာ စွံ့စွံ့ရှားရှားနှင့်
ကြီးပြင်းလာရရင် ဝမ်းနည်းသလား မေးရာ။ မသန့်က ဆင်းရဲနွမ်းပါးသည့် အဖြစ်ကို
ဝမ်းမနည်း၊ ခမည်းတော်နှင့်အတူ စံနေရခြင်းမရှိသည့် တစ်ချက်ကိုသာ တလွမ်းလွမ်းနှင့်
အနွမ်းနွမ်းရှိရကြောင်း ဖြေသောအခါ ဖခင်ဖြစ်သူက ‘လိမ္မာ၍ ချစ်စရာကောင်းလိုက်လေး
သမီးတော်ငယ်’ ဟု ချီးမွမ်းသည်။
ဝတ္ထုဇာတ်လမ်းမှာ
ဤနေရာက စ၍ ရှေ့တွင် စိတ်ဝင်စားစရာ ကောင်းလာတော့မည်ဟု ထင်ရသော်လည်း ဝတ္ထုရေးသူ
ဦးလတ်သည် သူ၏ဝတ္ထုကို နောက်တစ်ခန်း (အခန်း ၉) တွင် ရပ်ထားလိုက်လေသည်။ အဆိုပါ
အခန်း၉ တွင် မောင်သော်နှင့် မသန့်တို့ အပြန်အလှန် ချစ်သဝဏ်ပါးကြပုံ၊
မောင်သော်နှင့် မောင်ဘသွင်တို့ ပြန်တွေ့ရာ၊ မောင်ဘသွင်က တလောက သူတို့နှင့်
သင်္ဘောပေါ်တွင်အတူပါလာလာသော ဘုန်းကြီးသုံးပါးကို အစိုးရက ဘာကြောင့် လိုက်၍
စစ်ဆေးနေသလဲဟုမေးရာ မောင်သော်ကလည်း သူမသိကြောင်းကို ဖြေသည်။ ထို့နောက် မောင်ဘသွင်
မိတ်ဆွေတစ်ဦးပါ ထပ်တိုးရောက်လာ၍ သုံးဦးသား ထွေရာလေးပါး ပြောနေရာရာ ‘ကြာခိုသည်’
ဆိုသော စကားပေါ်လာပုံ၊ ‘ကြာခို’ နှင့် ‘လူပျိုလှည့်’ မှာ မူရင်း အဓိပ္ပါယ်ချင်း
မခြားပုံတို့ကို မောင်သော်က ရှင်းပြနေရာ စကားပြောလျှင်
အင်္ဂလိပ်စကားညှပ်ပြောသည်မှာ ဝသီလို ဖြစ်နေသော မောင်ဘသွင်က “အို အိုင်ဆေး၊
ကြာခိုတယ်ဆိုသော မူလစကား၏ အဓိပ္ပာယ်မှာ လူပျိုလှည့်တယ် ဟူ၍ ခေါ်တယ်။ ‘ဘဲရီ ကလီရာ
အက်စပလင်နေရှင်’ ဟု ပြောရင်း ရွှေကြာငုံအရပ် ဗလီရုံရှေ့သို့ ရောက်လျှင်
မောင်ဘသွင်က ခဏ ဝင်ကြည့်ရန် ပြောသဖြင် သုံးဦးသား ဗလီရုံထဲသို့ ဝင်သွားကြသည်။
ဤနေရာမှာပင်
ဝတ္ထုရပ်သွားသည်။ ‘ဆက်ရန်ရှိသေးသည်’ ဟု ဝတ္ထုအဆုံးတွင် ရေးသော်လည်း ဦးလတ် ဆက်မရေး ဖြစ်တော့ပါ။
တနန်းပျော် ရင်သွေးတော် ဝတ္ထုကို ဆက်ရေးရန် စာဖတ်ပရိသတ်က တိုက်တွန်းကြဟန်တူသည်။
ပြစ်တင်ခြင်းလည်း ပြုကြပုံရသည်ဟု ဝတ္ထုကို တည်းဖြတ်သူ ဦးသိန်းဟန်(ဇော်ဂျီ)က
ရေးပါသည်။ ဝတ္ထုမရေးဖြစ်သည့် အကြောင်းကို ဦးလတ်သည် မှော်ပီဆရာသိန်းထံသို့ တေးထပ်တစ်ပုဒ်
ရေးပို့ဖူးသည်။ ထိုတေးတပ်တွင် ဝတ္ထု ဆက်မရေးဖြစ်သည့် အကြောင်းရင်းကို
မှန်းကြည့်နိုင်သည်ဟုလည်း ဝတ္ထုတည်းဖြတ်သူက ဆိုထားပြီး၊ ဦးလတ်၏ တေးထပ်ကို
ဖော်ပြထားရာ အလျဉ်းသင့်၍ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
တနန်းပျော်လှလှဖတ်စေဘို့၊ ပြသဇာတ်ရေးရာ၊
လတသတ်လေးခမျာမှာ၊ မအေးရာအခွင့်။ ။ သိဘဲနဲ့
ချစ်သဟာရယ်၊ ပြစ်ဆာယာ ဝေးကတင်နှင့်။ ။
ရင်သွေးတော် သန့်မျက်ဖျော်ကို၊ ကန့်ကွက်တော်မူသဖြင့်။ ။ လန့်ချက်နော် မြူမသင့်တယ်လို့၊
မြှူဆင့်ဆင့်ခွင့်ပန်။ ။
ဇာတ်လိုက်မယ်အခွင့်ပေးပါမှ၊ ဖင့်မနှေး ရေးမယ်လို့ကြံ။ ။ သို့အတွက် ခုလစ်ဟန်ကို၊ မှုပြစ်ဒဏ် ဘယ်မပေးပါနှင့်၊ အမယ်လေး ညု၍ပလီ၊
နုတဲ့ မှော်ဘီ။ ။ ဤဝတ္ထု ဂန္ဓမာဆီကို
ဒဏ္ဌာရီထင်စမ်းနှင့်လေး။ ။
အပြီးမသတ်သော်လည်း
‘တနန်းပျော်ရင်သွေးတော်’သည် ဦးလတ်၏
အခြားသော ဝတ္ထုများကဲ့သို့ပင် ချစ်ခင်နှစ်သက်ဖွယ်ရာ ဖြစ်ပါသည်။ ခေတ်၏သဘော
လူစိတ်လူ့သဘောကို ကောင်းစွာ ဖော်ထုတ်ထားနိုင်ပါသည်။ ဤဝတ္ထုကို ဦးလတ်သာ ဆက်၍
ရေးခဲ့နိုင်လျှင် ဘယ်လိုဝတ္ထုမျိုး ဖြစ်လာမလဲဟုလည်း စိတ်ကူးယဉ်ဖွယ်ဖြစ်ပါသည်။ ၁၉၂၀
ခန့်က ရေးသားခဲ့သော ဝတ္ထုဖြစ်၍
ယခုဆိုလျှင် နှစ်တစ်ရာကျော်လာပြီ ဆိုရမည်။ သို့တိုင်လူ့သဘာဝဟူသည် မပြောင်းလဲသေး၍
ဦးသာ ဘောနှင့် မသိန်းကြွယ်၏ အဖြစ်သည် လည်းကောင်း၊ မြန်မာစကားတွင်
အင်္ဂလိပ်စကားလုံး တွင်တွင်ညှပ်၍ သုံးတတ်သော မောင်ဘသွင်၏ သဘောသည်လည်းကောင်း၊
မသန့်နှင့် မောင်သော်တို့၏ ချစ်ဇာတ်လမ်းသည် လည်းကောင်း ယခုအထိ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်
မြင်ကြားတွေ့သိနေရတုန်းပင်။ ထိုကြောင့် ဦးလတ်၏ ‘တနန်းပျော်ရင်သွေးတော်’ ဝတ္ထုသည်
အခုပြန်ဖတ်လျှင်လည်း နုပျိုလတ်ဆတ်ဆဲ ရှိလိမ့်မည်ဟု ကျွန်တော်တို့က ဆိုလိုက်လျှင်
မလွန်ဘူးထင်ပါ၏။
(စကားမစပ်။
ဤဝတ္ထုကို အညွှန်းစာ ရေးချင်ပါသည်ဟု ရွှေအသစ်အယ်ဒီတာဆရာကို ပြောသောအခါ၊ သူက
ကောင်းသားပဲဆိုကာ လက်ခံပါသည်။ နောက်ဆက်၍ ‘စာအုပ်ဟောင်းတွေ ညွှန်းတာ ကောင်းပါတယ်။ ဖတ်ချင်၍ လိုက်ရှာ၊ ဝယ်မရတာက ခက်တယ်’ ဟု ပြောပါသည်။ အယ်ဒီတာပြောသည်ကို
ကြားမှ ‘ဟုတ်သား’ ဟု ကိုယ်ဘာသာ ဆင်ခြင်မိသည်။ သို့သော် ‘တနန်းပျော်ရင်သွေးတော်’
ဝတ္ထုကို ဖတ်ချင်လျှင် ရှာရခက်ခဲလိမ့်မည် မထင်ပါ။ အကြောင်းမှာ ‘တနန်း ပျော်ရင်သွေးတော်’
ဝတ္ထုကို
မြန်မာစာပေပညာရှင်များစုဖွဲ့ရွေးချယ်၍ စာပေဗိမာန်က ထုတ်ဝေခဲ့သော ‘မြန်မာ
ဂန္ထဝင်အတွဲ ၁၀၀ စာစဉ်’ များအနက် အတွဲ-၃ တွင် ထည့်သွင်းပုံနှိပ်ထားပါသည်။
ထို့ကြောင့် ဖတ်ချင်သူများ အတွက် စာအုပ်ရှာရ ခက်လိမ့်မည် မဟုတ်ပါခင်ဗျား။ )
▀
မောင်ဘစီ
၈ အောက်တိုဘာ ၂၀၂၆
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - တနန်းပျော်ရင်သွေးတော်
စာရေးသူ - ဦးလတ်
တည်းဖြတ်သူ-
ဦးသိန်းဟန်
ထုတ်ဝေခြင်း။ ။ ပထမအကြိမ်၊ ဖေဖော်ဝါရီ ၁၉၇၅ ခုနှစ်။ မြန်မာနိုင်ငံသုတေသနအသင်း (စာစဉ်သစ် ၁၄)
စာမျက်နှာအရေအတွက် - ၁၃၆
(ဤဝတ္ထုသည်
မူလက တနင်္လာနေ့တိုင်း ခုနှစ်ရက်တစ်ကြိမ်ထုတ် ပျော်တော်ဆက်မဂ္ဂဇင်းတွင်
ပါရှိခဲ့သည်။ ထိုမဂ္ဂဇင်း မူရင်းမှာ လန်ဒန်မြို့ ဗြိတိသျှစာကြည့်တိုက်တွင်ရှိရာ
စာပေဗိမန်က မိုက်ကရိုဖလင်ရိုက်ကူးထားသဖြင့် မြန်မာနိုင်ငံ သုတေသနအသင်းက ကူးယူက
ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပြီး၊ ဝတ္ထုနှင့် ပတ်သက်၍ တည်းဖြတ်သူ ဦးသိန်းဟန်၏ အမှာစာ ပါဝင်သည်။
ထို့အပြင် နောက်ဆက်တွဲအဖြစ် ပျော်တော်ဆက်ဆရာသို့ အစီရင်ခံစာ၊ ရင်းသွေးတော်ဝတ္ထုကို
ထောပနာ ပြုသော တေးထပ်နှင့် သဖြန်များ ပါဝင်သည်။)
ကျွန်တော်သည် စာရေးဆရာမ ခင်ဆွေဦး ရေးပြသော စစ်၏ အနိဌာရုံများကို ဖတ်ရင်း အံ့ဩချင်မိပါသည်။ ရက်စက်မှုများကို သမိုင်းစာအုပ်တွေထဲမှာ စုတ်တသတ်သတ် ဖတ်ချင်လှပါသည်။ ‘ဒါမျိုးတွေ တို့ခေတ်မှာ မကြုံရဘူး’ ဟု လက်မထောင...
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...